Myanmar House Logo

Myanmar House

Real Estate in Myanmar

"လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"

November 3, 2022 416 views
"လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"

မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတိုက်၊ လှေဦးတိုက်"မှာ အနေမကောင်းဘူး၊ လှည်းလမ်း၊ ကားလမ်း၊ လူသွားလမ်း သုံးလမ်းဆုံတဲ့ လမ်းဆုံကို မျက်နှာမူပြီး အိမ်မဆောက်သင့်ဘူး။ ဖုန်းရွှေပညာစာအုပ်မှာတော့ ....(T) ပုံ လမ်းဆုံလမ်းခွလို့ ဆိုထားတယ်။ ဒီလိုမြေအနေအထားမျိုးကိုလည်း မြို့ပြအိမ်နေယာအကွက်တွေပေါ်မှာ အတွေ့များပါတယ်။ "လှည်းဦးတိုက်၊ လှေဦးတိုက်" မြေနေရာပေါ်မှာ အိမ်ဆောက်၊ တိုက်ဆောက်ထားတာ အများကြီးရှိပါတယ်။

"လှည်းဦးတိုက်၊ လှေဦးတိုက်" အိမ်ကတော့ ခိုက်တယ်။ အဲဒီအိမ်မှာ နေတဲ့သူတွေဟာ စီးပွားတိုးတက်မှုမရှိဘူး။ အိမ်တွင်းရေး၊ အိမ်ထောင်ရေးတွေမှာလည်း အဆင်မပြေဖြစ်မယ်။

ဖုန်းရွှေပညာမှာရော ၊ မြန်မာ့ရိုးရာ ရှေးထုံးအစဉ်လာနည်းမှာရော ...မနေသင့် မနေထိုက်တဲ့ အိမ်နေရာအနေအထားမျိုးဖြစ်နေတယ်။

ဒါပေမယ့်....မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာ နည်းမှာတော့ "လှည်းဦးတိုက်၊ လှေဦးတိုက်" နေရာမျိုး၊ အိမ်မျိုး၊ အဆောက်အဦးမျိုးမှာ စတိုးဆိုင်၊ လ္ဘက်ရည်ဆိုင်၊ ဈေးဆိုင်တွေဖွင့်ရင်တော့ ကောင်းတယ်။ ဖွင့်သင့်တယ်လို့ပြောထားတယ်။

စောစောက ပြောခဲ့တဲ့အတိုင်းပဲ ဗီဒီယို၊ ရုပ်ရှင်ရုံ၊ ကာရာအိုကေခန်းမ၊ ပျော်ပွဲစားရုံ၊ အရက်ဆိုင်၊ ဘီယာဆိုင်တွေကိုဖွင့်ရင် အကောင်းဆုံးပေါ့။

အမှန်တော့ "ဈေးကွက်မြင်ကွင်း" အကောင်းဆုံး ဖြစ်နေလို့ပဲ။ ယုတ္တိဗေဒ ဆင်ခြင်တုံတရားနဲ့ စဉ်းစားကြည့်မယ်။ မျက်နှာချင်းဆိုင်၊ ရှေ့တူရှုလမ်းရဲ့ ဟိုးအဝေးကတောင် ကိုယ့်ရဲ့ဆိုင်၊ ကိုယ့်ရဲ့ပွဲရုံကို မြင်နေရတယ်။ သုံးဘက်မြင်ကွင်း(3D) ဖြစ်နေတယ်။"ဈေးကွက်မြင်ကွင်း"အားသာမှုရှိလို့ပြောရင်မှန်တယ်။

လူနေရင်ခိုက်တယ်ဆိုတာပြန်ပြီးစဉ်းစားကြည့်ပါ။ "လှည်းဦးတိုက်၊လှေဦးတိုက်"အိမ်ကို ခိုးခြင်၊ ဝှက်ခြင်၊ လုယက်တိုက်ခိုက်ချင်တဲ့လူတွေက အဝေးကကြည့်ပြီး ထောက်လှမ်းလို့ လွယ်ကူတယ်။ လှည်းတွေ၊ ကားတွေ ရှေ့တူရှုလမ်းက တည့်တည့်မောင်းလာပြီး ကိုယ့်အိမ်ရှေ့မှာ ဘယ်ညာကွေ့သွားရင် ဖုန်းတွေဟာ အိမ်ထဲတန်းဝင်လာမှာပဲ။ ရှေ့တူရှုလမ်းက အသုဘချလာပြီဆိုပါတော့ အဲဒီအနိဋ္ဌာရုံမြင်ကွင်းကြီးကို အချိန်တော်တော်ကြာကြာမြင်တွေ့နေရမယ်။

ရွာတွေမှာဆိုရင် "လှည်းဦးတိုက်၊ လှေဦးတိုက်" တဲတွေတွေကို ရှေ့တူရှုလှည်းလမ်းကလာတဲ့ နွားအုပ်၊ ကျွဲအုပ်ထဲက တစ်ကောင်စ၊ နှစ်ကောင်စကျွံဝင်လာတာမျိုးကို ခနခဏခံရတယ်။ ဒါကယုတ္တိဗေဒ ဆင်ခြင်တုံတရားနဲ့ "လှည်းဦးတိုက်၊ လှေဦးတိုက်" မှာနေမကောင်းဘူး၊ အိမ်မဆောက်သင့်ဘူးလို့ပြောတာပါ။

ဒါပေမယ့်..."ဒီလို "လှည်းဦးတိုက်၊လှေဦးတိုက်" နေရာမျိုးမှာ အိမ်ဆောက်မိပြီ၊ အိမ်ဆောက်ထားပြီဆိုင်ရင် ဘယ်လိုကွာကွယ်မလဲ၊ ဒါကလွယ်ပါတယ်။ ~တံခါးမကြီးကို လမ်းနဲ့တည့်တည့်နေရာက ပြောင်းပေးလိုက်ရမယ်။

ဒီနည်းထက် ပိုကောင်းတာကတော့ တံခါးရဲ့အပေါ်ဘက်၊ အိမ်အဝင်အ၀ တံခါးရဲ့အပေါ်ဘက်မှာ မှန်တစ်ချပ်ကာထား၊ ချိတ်ဆွဲထားရမယ်။ "လှည်းဦးတိုက်၊လှေဦးတိုက်"အိမ်တွေမှာမှန်ထောင်ထားတာ၊ မှန်ချိတ်ထားတာ တွေ့ရတယ်။ တချို့မှန်ချပ်တွေက သေးလွန်းတယ်၊ တချို့မှန်ချပ်တွေက ကြီးလွန်းတယ်။ ခြောက်လက်မပတ်လည် စတုရန်းပုံ ပုံရိပ်ထင်တဲ့ မှန်တစ်ချပ်ဖြစ်ရမယ်။ မှန်တစ်ချပ်ရဲ့အလယ်မှာ အနီရောင်နဲ့ စတုရန်းအကွက်လေး(1"or 2")ပတ်လည် အကွက်လေးရေးထားရမယ်။

အိမ်ဝမှာ အသောကပင်တွေ စိုက်ထားတာမျိုး အုတ်တံတိုင်းမြင့်မြင့်ကာထားတာမျိုး၊ ရေပန်းတစ်ခု တပ်ထားတာမျိုးနဲ့လည်း ကာကွယ်နိုင်တယ်ဆိုပေမယ့် မြေအနေအထားအရ မဖြစ်နိုင်ပါဘူး၊ မှန်ချပ်ကပ်တာ၊ ချိတ်တာပဲကောင်းပါတယ်။

အရေးကြီးဆုံးကတော့ ...(Y) ပုံလမ်းဆုံ, "ကြက်လျှာစွန်းပုံမြေနေရာ", တြိဂံမြေကွက်ပေါ်မှာ ဆောက်ထားတဲ့ အိမ်က အရှောင်သင့်ဆုံး အခိုက်ဆုံးမြေနေရာပါပဲ......

မိတ်ဆွေများအားလုံး ဆောင်ရန် ရှောင်များသိ၍ စီးပွားလာဘ်လာဘများပြည့်စုံပြီး ကြီးပွားတိုးတက်ကြပါစေ🙏🙏🙏

Credit : Original Uploader

Related Posts