Myanmar House Logo

Myanmar House

Real Estate in Myanmar

ယာဉ်ရပ်နားရာနေရာ ထည့်သွင်းဆောက်လုပ်သင့်ခြင်း

November 10, 2022 139 views
ယာဉ်ရပ်နားရာနေရာ ထည့်သွင်းဆောက်လုပ်သင့်ခြင်း

ယာဉ်ရပ်နားရာနေရာ ထည့်သွင်းဆောက်လုပ်သင့်ခြင်း

“အဆောက်အအုံ ဆောက်လုပ်ရာမှာ ကားရပ်နားရန်နေရာ ထည့်သွင်း ဆောက်လုပ်ရမယ်လို့ ပြဋ္ဌာန်း ချက်ရှိပါ သလား ဆရာ”ဟု မိတ်ဆွေ တစ်ဦးက လာရောက်ဆွေးနွေးပါသည်။

“ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေမှာတော့ တိတိကျကျ ပြဋ္ဌာန်းထားတာ မရှိပါဘူး။ ဒါပေမယ့် ယခုနောက်ပိုင်း ဆောက်လုပ်တဲ့ ကွန်ဒိုတွေမှာတော့ တိုက်ခန်းတစ်ခန်းအတွက် ကားတစ်စီးရပ်နားဖို့ စီစဉ် ဆောက်လုပ်ထားတာတွေကို တွေ့ရတယ်”

“ခြံဝန်းကျယ်ထဲမှာဆောက်တဲ့ ကွန်ဒိုတိုက်ခန်းတွေမှာတော့ ဟုတ်မယ် ဆရာ။ ဒါပေမယ့် ရပ်ကွက် လမ်းကျဉ်း ထဲမှာ ဆောက်လုပ်ကြတဲ့ မီနီကွန်ဒိုတွေမှာတော့ မတွေ့ဘူး ဆရာ”

“မှန်ပါတယ်။ မိတ်ဆွေက ကန်ထရိုက်တိုက်ဆောက်လုပ်ဖို့ စိတ်ကူး ရှိနေလို့လား”

“စိတ်ကူးတော့ ရှိတယ်။ ဒါပေမယ့် ကားရပ်နားဖို့ကိစ္စကို ဖြေရှင်းဖို့က မလွယ်ဘူးထင်တယ် ဆရာ”

“နားလည်မှုနဲ့ ကားရပ်နေကြတာပဲ မဟုတ်လား”

““မိတ်ဆွေရဲ့ အိမ်ဝိုင်းက လမ်းရဲ့ ထောင့်ကွက်ဆိုရင်တော့ နေရာပိုရ နိုင်တယ် မဟုတ်လား””

“မှန်ပါတယ်။ ကျွန်တော်က ထောင့်ကွက်မဟုတ်ဘူး။ ပေ ၄၀ x ပေ ၆၀ မြေကွက်ဆိုတော့ ကန်ထရိုက်တွေက မျက်စိကျတယ် ဆရာ။ ဓာတ်လှေခါးပါ မီနီကွန်ဒိုဆောက်ဖို့ ကမ်းလှမ်းချက်တွေရှိလာလို့ပါ”

“ဘယ်မြို့နယ်ထဲမှာလဲ”

“စမ်းချောင်းမြို့နယ်ထဲမှာပါ”

“ယာဉ်အသွားအလာ ထူထပ်တဲ့ မြို့နယ်တစ်ခုဆိုတော့ ဒီအချက်ကို စဉ်းစားဖို့ လိုပါတယ်”

“ဟုတ်တယ် ဆရာ။ မိမိရဲ့ တိုက်ခန်းအိမ်ရှေ့မှာ ကားပိတ်ရပ်လို့ မကြာခဏ ပြဿနာဖြစ်ကြတာတွေ ရှိတယ်”

“မှန်ပါတယ်။ ခိုက်ရန်ဖြစ်မှုတွေ အသက်ဆုံးရှုံးရသည်အထိ ဖြစ်ရပ်တွေ ရှိတယ်”

“ရန်ကုန်မြို့လယ်မှာတော့ ယာဉ်ရပ်နားစခန်းတွေ သီးခြားတည် ဆောက်ပေးမယ်လို့လည်း ကြားတယ် ဆရာ”

“ဒါပေမယ့် လက်ရှိတော့ အကောင်အထည်မဖော်နိုင်သေးပါဘူး။ ကားရပ်နားဖို့ နှစ်ပတ်သုံးပတ်လမ်းထဲမှာ ပတ်ပြီးကားမောင်းနေရတာတွေလည်း ရှိနေဆဲပါ သူငယ်ချင်း”

“မော်တော်ယာဉ်ရပ်နားခ ကောက်ခံနေတဲ့ သူတွေလည်း ရှိနေတာပဲ ဆရာ”

“ဟုတ်ပါတယ်။ အဆောက်အအုံကို ဖျက်ထားတဲ့ မြေကွက်လပ် တစ်ခုမှာ ကားတစ်စီးကို ရပ်နားခ ငွေကျပ် ၂၀၀၀ ထိ ကောက်ခံတာကိုလည်း တွေ့ရတယ်”

“ဥပဒေအရ ယာဉ်ရပ်နားခ ကောက်ခံခွင့်မပြုဘူး မဟုတ်လား ဆရာ”

“မှန်ပါတယ်။ ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ ပုဒ်မ – ၃၁၄ (ခ) မှာ၊ မည်သူ မျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ မော်တော်ယာဉ်ရပ်နားခကောက်ခံခြင်းမပြုရလို့ တားမြစ်ပြဋ္ဌာန်းထားပါတယ်”

“ဖောက်ဖျက်ကျူးလွန်ရင် အ ပြစ်ဒဏ်သတ်မှတ်ချက်ရှိပါသလား”

“ရှိပါတယ်။ ပုဒ်မ – ၃၁၄ (ခ) ကို ကျူးလွန်ရင် ငွေဒဏ်ကျပ်ငွေ (၁) သိန်းမှ ကျပ်ငွေ (၅) သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် ခြောက်လအထိဖြစ် စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ၊ ချမှတ်ရမည်လို့ ပြဋ္ဌာန်းထားပါတယ်”

“ထိထိရောက်ရောက် အရေးယူ တာတော့ မကြားမိဘူး ဆရာ”

“မှန်ပါတယ်။ သတိပေးကြေညာချက်တွေ ထုတ်ပြန်ဆောင်ရွက်တာတော့ ရန်ကုန်တိုင်းအစိုးရရဲဲ့ ဆောင် ရွက်ချက်အနေနဲ့ တွေ့ရှိရပါတယ်”

“ရပ်နားစခန်းအတိအကျ ဆောက်လုပ်နေရာချထားရင်တော့ အဆင်ပြေမယ်ထင်ပါတယ်”

“ခက်တာက ကားစီးတဲ့သူကလည်း လွယ်လွယ်ကူကူ၊ မိမိဆင်းလိုတဲ့နေရာနဲ့ အနီးဆုံးနေရာမှာ ကားကို ရပ်ထားချင်ကြတယ်။ ဖြူနီကျား ဆွဲထားတဲ့နေရာတွေမှာ ကားရပ်ထားပြီး ဆင်းသွားတာမျိုးလည်းရှိတယ်။ ကားပေါ်မှာ ယာဉ်မောင်းကိုထားခဲ့ပြီး ဖြူနီကျားနေရာမျိုးမှာ ရပ်ထားကြမယ်။ ယာဉ်ထိန်းရဲလာရင် ယာဉ် မောင်းသူက အဆင်ပြေသလို မောင်းထွက်သွားမယ်ဆိုတဲ့ စိတ်ကူးနဲ့ ကားမရပ်ရ၊ နယ်မြေနေရာတွေမှာ ကား ရပ်နေတာတွေရှိနေပါတယ်”

“အဆောက်အအုံရှေ့မှာလည်း ကားရပ်နားလို့မရအောင် အတားအဆီးလည်း မတားရဘူး မဟုတ်လား”

“ဟုတ်ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ ပုဒ်မ- ၃၁၅၊ ပုဒ်မခွဲ (ဎ) မှာ မည်သူမျှ မြို့တော် နယ်နမိတ်အတွင်း အများပြည်သူဆိုင်ရာ လမ်းပေါ်တွင် ယာဉ်သွားလာခြင်း၊ ရပ်နားခြင်းကို အနှောင့်အယှက် ဖြစ်စေသည့် အတားအဆီးမပြုရလို့ ပိတ်ပင်တားမြစ် ပြဋ္ဌာန်းထားပါတယ်”

“အပြစ်ဒဏ်ပိုင်းက ဘယ်လို သတ်မှတ်ထားပါသလဲ”

“ပြစ်ဒဏ်ပိုင်းအနေနဲ့ကတော့ ပထမအကြိမ် ကျူးလွန်လျှင် ငွေဒဏ် ကျပ် (၁) သိန်းမှ ကျပ် (၅) သိန်း အထိ ချမှတ်ရမည်ဖြစ်ပြီး ဆက်လက်ကျူးလွန်ပါက ထောင်ဒဏ် သုံးလအထိ ချမှတ်ရမည်လို့ ပြဋ္ဌာန်းထားပါတယ်”

“မန္တလေးမြို့မှာတော့ ထိထိ ရောက်ရောက် အရေးယူတာတွေရှိတယ်လို့ ကြားသိရတယ်”

“ဒီလိုကိစ်္စမျိုးဆိုတာက တိုင်ကြားသူရှိဖို့လိုတယ်လေ။ တိုင်ကြားသူ မရှိရင်တော့ နားလည်မှုနဲ့ အဆင်ပြေ နေကြမှာ ဖြစ်တယ်”

“ဘာပဲဖြစ်ဖြစ် တိုက်ခန်းသစ်တွေ ဆောက်လုပ်တဲ့အခါ ကားရပ်နားဖို့နေရာပါ စဉ်းစားတည်ဆောက် ဖို့လိုမယ်ထင်တယ် ဆရာ”

“ဟုတ်ပါတယ်။ ခေတ်မီတိုးတက်တဲ့ နိုင်ငံတိုင်းမှာ ကားရပ်နားဖို့ကို စဉ်းစားတည်ဆောက်ကြလေ့ရှိပါတယ်။ ယခုဆိုရင် ကိုယ်တိုင်ကားစီးသူတွေက ယခင်ထက် သုံးဆခန့်ရှိလာပြီဖြစ်တယ်”

“ဟုတ်ကဲ့ ဆရာ။ အရစ်ကျ စနစ်နဲ့ကားရောင်းတဲ့ စနစ်တွေပေါ်လာတော့ ကိုယ်ပိုင်ကားစီသူ အရေ အတွက်ပိုများလာတယ် ဆရာ။ အချို့ အိမ်မှာဆိုရင် ကားနှစ်စီး၊ သုံးစီးကို ပိုင်ဆိုင်ထားကြတယ်”

“ဒါကြောင့် မိတ်ဆွေကြီးပြောသလို ကန်ထရိုက်တိုက်ခန်းတွေ ဆောက်လုပ်တဲ့အခါ ယာဉ်ရပ်နားဖို့ အတွက်ပါ ထည့်သွင်းစဉ်းစား ဆောက်လုပ်ကြဖို့လိုပါတယ်လို့ အကြံပြုချင်ပါတယ်”

“တစ်ချိန်က ယာဉ်ရပ်နားဖို့အတွက်ပါ ထည့်သွင်းဆောက်လုပ်ဖို့ ညွှန်ကြားခဲ့တာရှိတယ်လို့ သိရတယ်”

“မှန်ပါတယ်။ ဒါပေမယ့် ဆောက်လုပ်သူ ငွေရှင်များက လူနေ တိုက်ခန်းအရေအတွက် နစ်နာတယ်ဆိုပြီး တောင်းဆိုကြလို့ အဲဒီစနစ်က အပြည့်အဝအကောင်အထည် မဖော်နိုင်ခဲ့ဘူးဖြစ်သွားတယ်”

“ဟုတ်ပါတယ် ဆရာ။ ကျွန်တော်က ယာဉ်ရပ်နားဖို့ နေရာအတွက် ထည့်သွင်းဆောက်ဖို့ ကန်ထရိုက်နဲ့ ညှိနှိုင်း တဲ့အခါ အဆင်မ ပြေဖြစ်နေတယ်။ ဒါကြောင့် စည်ပင်သာယာရေးဥပဒေမှာ ကားရပ်နားရန်အတွက် မဖြစ်မနေ ထည့်သွင်း ဆောက်လုပ်ရမယ်လို့ ပြဋ္ဌာန်းချက်ရှိ မရှိသိလိုတာပါ ဆရာ”

“အတိကျပြဋ္ဌာန်းချက် မရှိပေမယ့် ကားရပ်နားရန် နေရာကိုပါ ထည့် သွင်းတည်ဆောက်ရင်တော့ အကောင်း ဆုံးပါ”လို့ ဆွေးနွေးလိုက်ပါသည်။

Credit to: ဈေးကွက်ဂျာနယ်

Related Posts