Myanmar House Logo

Myanmar House

Real Estate in Myanmar

ဝရမ်းထုတ်ထားသည့် အိမ်ကို ဝယ်မိလျှင်

November 14, 2022 109 views
ဝရမ်းထုတ်ထားသည့် အိမ်ကို ဝယ်မိလျှင်

ဝရမ်းထုတ်ထားသည့် အိမ်ကို ဝယ်မိလျှင်

“တားဝရမ်းထုတ်ထားတဲ့ အိမ်ကို ဝယ်မိရင် ဘယ်လိုဖြစ်နိုင်သလဲ ဆရာ”ဟု မိတ်ဆွေတစ်ဦး၏ သမီးဖြစ်သူက စာရေးသူထံ လာရောက်ဆွေးနွေးခြင်းဖြစ်သည်။

“တားဝရမ်းထုတ်ဆင့်တာက အမျိုးမျိုးရှိတယ်။ အမှုတစ်ခုချင်းပေါ်မှာ မူတည်ပြီး ဆောင်ရွက်ရတာဖြစ်တယ်။ အခုကိစ္စက ဘယ်လိုဖြစ်တာလဲ”

“ကျွန်မရဲ့ ငယ်သူငယ်ချင်းတစ်ဦးက ငွေအခက်အခဲရှိနေလို့ သူ့ အိမ်ကို ရောင်းတယ် ဆရာ။ စျေးကလည်း သင့်တာနဲ့ စရန်ငွေပေးလိုက်တယ်။ သူငယ်ချင်းကိုယုံတော့ သတင်းစာထဲလည်း မထည့်မိဘူး”

“နောက်တော့ ဘယ်လိုသိလိုက်သလဲ”

“ကျွန်မရဲ့ ညီမက အဲဒီအိမ်ကို ဝရမ်းကပ်ထားတယ်လို့ သူ့အပေါင်းအသင်းတစ်ယောက်က ပြောလို့ သိခဲ့ရ တယ်”

“ဒါနဲ့ သွားမစုံစမ်းဘူးလား”

“စုံစမ်းတယ် ဆရာ။ ရပ်ကွက် အုပ်ချုပ်ရေးမှူးဆီ သွားစုံစမ်းပါတယ်။ အုပ်ချုပ်ရေးမှူး ပြောစကားအရတော့ အမှုဖြစ်နေတယ်လို့ သိရတယ်။ တရားရုံးက အမှုဖြစ်နေစဉ်အတွင်း မရောင်းရလို့ တားမြစ်ထားတယ်လို့ သိရတယ်”

“ဒီအဆင့်ကတော့ ရှင်းလို့ရပါတယ်”

“ဟုတ်ကဲ့၊ ကျွန်မလည်း စိတ်ရှုပ်သွားတယ် ဆရာ။ စရန်ငွေကလည်း ပေးထားတော့ ဘယ်လိုဖြစ်နိုင်ပါသလဲ။ အိမ်ကို တရားရုံးက သိမ်းနိုင်သလား”

“ဒီလိုတော့ မဟုတ်ဘူး။ တရားစွဲဆိုခံထားရတဲ့အမှုက အမွေမှုလား၊ ငွေကြေးမပေးလို့ အကြွေးငွေအတွက် တရားစွဲတာလားဆိုတာ သိခဲ့လား”

“သူပြောတာတော့ ချေးထားတဲ့ ငွေကြေးမဆပ်နိုင်လို့ တရားစွဲတာဆိုပြီး သိရတယ် ဆရာ”

“ချေးငွေရလိုမှုဆိုရင်တော့ မစိုးရိမ်ရပါဘူး”

“လေလံပစ်တဲ့အထဲပါသွားရင် ကျွန်မတို့ ငွေလည်းရှုံး၊ အိမ်လည်းဆုံးဖြစ်မယ် ဆရာ”

“အမွေခွဲဝေလိုမှု၊ ပစ္စည်းလက် ရောက်ရလိုမှုတွေမှာ အမှုရှုံးလို့ ပစ္စည်းခွဲဝေပေးရတာမျိုး။ မိမိနေထိုင် တဲ့ အိမ်က ဆင်းပေးရတာမျိုးကျတော့ ငွေကြေးပေးဆပ်လိုက်တာနဲ့ ဖြေရှင်းလို့ရတဲ့ ကိစ္စမဟုတ်ဘူး”

“အခုကိစ္စကတော့ ငွေမပေးဆပ် နိုင်လို့ အိမ်ကို ဝရမ်းကပ်တယ်လို့ ပြောပါတယ် ဆရာ”

“ဒါဆိုရင်တော့ ရောင်းချခြင်း လွှဲပြောင်းခြင်းမပြုရဆိုတဲ့ တားဝရမ်း မဟုတ်တော့ဘူး”

“ဘယ်လို ကွာပါသလဲ ဆရာ”

“တားဝရမ်းဆိုတာက အမှုစစ်ဆေးနေစဉ်အတွင်းမှာ အချင်းဖြစ် ပစ္စည်းကို ရောင်းချခြင်း၊ လွှဲပြောင်း ခြင်း၊ ပေးကမ်းခြင်း မပြုရလို့ တရားရုံးက တားမြစ်မိန့်ထုတ်ဆင့်ပေးတာ ဖြစ်တယ်။ သက်ဆိုင်ရာ အဆောက် အအုံနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများမှာ အဲဒီတားဝရမ်းအမိန့်ကို ကပ်ရပါတယ်”

“ဟုတ်ကဲ့ ဆရာ၊ အခုကိစ်္စက ရောင်းချခွင့်ပြုတယ်ဆိုလားပဲ ဆရာ”

“အခုကိစ္စက ငွေရလိုမှု တရားစွဲဆိုတာ ဖြစ်တယ်။ တရားရှုံးက ငွေပေးဆပ်ရန် တရားရုံးရဲ့ အမိန့်ကို မလိုက်နာ လို့ တရားရှုံးပိုင်ပစ္စည်းကို လေလံတင်ရောင်းချဖို့ ပစ္စည်းကို ဝရမ်းဖမ်းဆီးကြောင်း ချမှတ်တဲ့အမိန့် ဖြစ်တယ်”

“ကျွန်မတို့ ဝယ်ထားတဲ့ ကိစ္စကို ဘယ်လိုစဉ်းစားမလဲ ဆရာ”

“အခုကိစ္စက မိန်းကလေးရဲ့ သူငယ်ချင်းအမည်ပေါက်မြေကွက်လား၊ အမည်ပေါက်က ဘယ်သူလဲ”

“သူပြောတာကတော့ သူ့အမေ အမည်ပေါက် မြေကွက်လို့ပြောတယ်။ ဒါပေမယ့် သူ့အမေနဲ့ အဖေက ကွယ်လွန် သွားပြီဆရာ။ သူ့အောက်က မောင်ငယ်တစ်ယောက်ရှိတယ် ဆရာ။ မောင်ဖြစ်သူကလည်း အစာအိမ် ကင်ဆာဆိုပြီး ခွဲစိတ်ထားရတယ်”

“ဘာပဲဖြစ်ဖြစ်လေ၊ မောင်နှမ နှစ်ဦး အမွေဆက်ခံတဲ့ မြေနဲ့ အိမ်ဖြစ်နေတာကိုး”

“ဟုတ်ပါတယ် ဆရာ။ ဒါကြောင့်မို့ ဝရမ်းကပ်ခံရတယ်လို့ သိရပါ တယ်။ ဥပဒေအရ ဘယ်လို ကုစား နိုင်ပါသလဲ ဆရာ”

“ဝရမ်းခွာပေးဖို့ ပစ်္စည်းပိုင်ရှင်က လျှောက်ထားနိုင်ပါတယ်”

“ဒါဆိုရင် ကျွန်မတို့က ကန့် ကွက်ရမယ့် သဘောလား ဆရာ”

“မှန်ပါတယ်။ မိမိကိုယ်တိုင် တရားရုံးမှာသွားရောက်ပြီး ကန့်ကွက်လွှာတင်ရမှာ ဖြစ်ပါတယ်။ အဲဒီလို လျှောက် ထားရင်တော့ တရားရုံးက စုံစမ်းစစ်ဆေးပြီး မှန်ကန်ရင်လေ လံတင်ရောင်းချခြင်း မပြုသေးဘဲ ဆိုင်းငံ့ထား ကြောင်း အမိန့်ချမှတ်နိုင်ပါတယ်”

“ငွေပေးဆပ်လိုက်ရင် အဆင်မပြေနိုင်ဘူးလား ဆရာ”

“အဲဒါတော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် ပေးဆပ်ဖို့ ငွေကြေးက အဆင်ပြေပါ့မလား။ စရန်ငွေက ဘယ် လောက်ချထားသလဲ”

“ရောင်းဖို့ငွေရဲ့ တစ်ဝက်နဲပါး ဆရာ”

“အဲဒီငွေက တရားရုံးမှာ ပေးဆပ်ထားတာရှိရင်တော့ အဆင်ပြေတာပေါ့။ ဒါမှမဟုတ်ရင် ကျန်တဲ့ အိမ်မြေ ရောင်းဖိုးငွေက တရားရုံးရဲ့ ဒီကရီအရပေးဆပ်ရမယ့် ငွေကြေးထက်နည်းနေရင် အခက်တွေ့နိုင်တယ်”

“အရစ်ကျပေးဆပ်လို့ မရဘူးလား ဆရာ”

“တရားမကျင့်ထုံးဥပဒေအမိန့် ၂၀၊ နည်း ၁၁ အရတော့ ဒီကရီကျ ငွေမှာ ငွေကြေးသက်သက်ပေးဆပ်ရန် ဖြစ်ပါက လုံလောက်သောအကြောင်းရှိလျှင် အရစ်ကျပေးဆပ်ခွင့်ကို တရားရုံးက ခွင့်ပြုနိုင်ကြောင်း ပြဋ္ဌာန်းထား ပါတယ်”

“ဒါဆိုရင် အရစ်ကျပေးဆပ်ခွင့်တော့ ရနိုင်တာပေါ့”

“မှန်ပါတယ်။ တရားရုံးက သင့်တော်တဲ့ အရစ်ကျပေးသွင်းဖို့ ချမှတ်နိုင်တယ်။ ဒါပေမယ့် သတ်မှတ်ရစ် အတွင်း မပေးနိုင်ရင်တော့ ပစ္စည်းကို လေလံတင်ရောင်းချခြင်း ခံရမှာဖြစ်ပါတယ်”

“ဒီလို ဆရာရယ်။ ကျွန်မက ရောင်းဖိုးငွေနဲ့ ပေးဆပ်လိုက်ရင် မရဘူးလား ဆရာ”

“ဖြစ်ပါတယ်။ မိမိကိုယ်တိုင် တရားရုံးမှာ လိုက်ပါ ငွေသွင်းရင်တော့ အဆင်ပြေမှာဖြစ်တယ်”

“အဲဒီလို လုပ်လို့ရတယ်ဆိုရင် ပြီးတာပါပဲ ဆရာရယ်။ ကျွန်မဆောင်ရွက်လို့ ဖြစ်နိုင်ပါတယ်။ စာချုပ်စာတမ်း ချုပ်ဆိုဖို့နဲ့ တရားရုံးမှာ ဆောင်ရွက်ရမယ့် ကိစ္စတွေကို ဆရာလိုက်ပါဆောင်ရွက်ပေးနိုင်မလား ဆရာ။ အကျိုး ဆောင်ခလည်း ကျွန်မသီးခြားကန်တော့ပါမယ်”

“ဆောင်ရွက်ပေးလို့ရပါတယ်။ စရန်ငွေစာရွက်စာတမ်းနဲ့ ရုံးချိန်းကို သိရှိထားဖို့တော့ လိုတယ်”

“ဟုတ်ကဲ့။ ဆရာ့ဆီ ကြိုတင်အကြောင်းကြားဆောင်ရွက်ပါမယ်”

“အခုကိစ္စက ချေးငွေရလိုမှုဖြစ်တဲ့အတွက် ငွေပေးဆပ်လို့ အဆင်ပြေသွားနိုင်တာ ဖြစ်တယ်။ အမွေမှုတွေလို ပစ္စည်းလက်ရောက်ရလိုမှုမျိုးဆိုရင်တော့ ငွေပေးဆပ်ပြီး ဖြေရှင်းလို့ မရနိုင်ပါဘူး”

“အဲဒါမျိုးဆိုရင် ငွေကြေးဆုံးရှုံးနိုင်တာပေါ့နော်”

“မှန်ပါတယ်။ ရောင်းပိုင်ခွင့်မရှိဘဲ ရောင်းချတာမျိုးဖြစ်လို့ ရောင်းသူထံမှ ပေးချေထားတဲ့ ငွေကြေးနဲ့ နစ်နာကြေး ရလိုမှု တရားစွဲဆိုတောင်းယူရမှာ ဖြစ်တယ်”

“ဒါဆိုရင် ကျွန်မကံကောင်းသေးတယ်ဆိုရမှာပေါ့”

“ဟုတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမြန်ဆုံး ဆောင်ရွက်နိုင်ဖို့လိုပါတယ်။ ဖြစ်နိုင်ရင် ငွေအကြေပေးသွင်း လိုက် ရင်တော့ အမှုပိတ်မှာဖြစ်တယ်”

ဟုတ်ကဲ့ ဆရာ။ အတတ်နိုင်ဆုံး ကြိုးစားပါမယ်။ ပြီးမှ အရောင်းအဝယ် မှတ်ပုံတင်စာချုပ်ပြုလုပ်ရမှာပေါ့နော်”

“မှန်ပါတယ်။ တရားရုံးရဲ့ ဒီကရီ ပေးဆပ်ရန် ငွေကြေးပေးသွင်းပြီးမှ သက်ဆိုင်ရာမြို့တော် စည်ပင်သာယာရေး ကော်မတီမြေယာ ဌာနမှာ မြေပုံကူးလျှောက်ထားပြီး အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာချက်ပြုလုပ်ကာ အရောင်းအဝယ်မှတ်ပုံ တင် စာချုပ် ချုပ်ဆိုရမယ်”လို့ အကြုံပြု ရှင်းပြလိုက်ပါသည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)

Credit to: ‌ဈေးကွက်ဂျာနယ်

Related Posts