Myanmar House Logo

Myanmar House

Real Estate in Myanmar

တန်ဖိုးနည်းအိမ်ယာ တိုက်ခန်းကို ဝယ်မည်ဆိုလျှင်

November 14, 2022 339 views
တန်ဖိုးနည်းအိမ်ယာ တိုက်ခန်းကို ဝယ်မည်ဆိုလျှင်

တန်ဖိုးနည်းအိမ်ယာ တိုက်ခန်းကို ဝယ်မည်ဆိုလျှင်

မိမိ၏ ဇာတိရပ်ရွာဒေသတွင် အလုပ်အကိုင် ရှားပါးလာရာမှ မြို့ပြ ဒေသများသို့ သွားရောက်လုပ်ကိုင် လာကြသည်။ အထူးသဖြင့် စီးပွား ရေးဇုန်ရှိရာမြို့ကြီးများသို့ လာရောက်လုပ်ကိုင်ကြပေသည်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်တွင် လုပ်ကိုင်ကြသူများမှာ အနယ်နယ်အရပ်ရပ်မှာ လာရောက်လုပ်ကိုင်နေသူက ပို၍များပြားပေသည်။ ထို့ကြောင့် နေရေး ထိုင်ရေး အခက်အခဲရှိလာသည်။ မိမိဝင်ငွေနှင့် တိုက်ခန်းတစ်ခန်းဝယ်ဖို့ အိပ်မက်ပင်မမက်နိုင်ကြလေ။ ကျောတစ်နေရာစာချပြီး အနားယူဖို့ အဆောင်ကိုပင် အလုအယက်ငှားရမ်း နေကြရသည်။

ဤအခြေအနေများကို ဖြေ လျော့နိုင်ရန်နှင့် လူလတ်တန်းစား အပါအဝင် အခြေခံလူတန်းစားများ ၏ အိမ်ရာ ပိုင်ဆိုင်ခွင့်အိပ်မက်ကို နိုင်ငံတော်အစိုးရမှ ဖြည့်ဆည်းပေးရန် စီမံကိန်းချဆောင်ရွက်လျက်ရှိ ပေသည်။

 

တန်ဖိုးနည်း(တန်ဖိုးသင့်) အိမ်ရာ စီမံကိန်း

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြို့ပြနှင့် အိမ်ရာ ဖွံ့ ဖြိုးရေးဦးစီးဌာနမှ တန်ဖိုးနည်းအိမ် ရာများကို ဆောက်လုပ်ပေးသွားမည်ဖြစ်သည်။ တိုက်ခန်းတစ်ခန်းကို ကျပ် သိန်းတစ်ရာတန်ဖိုးသတ်မှတ်ထားပြီး စုငွေအဖြစ် တိုက်ခန်းတန်ဖိုး၏ ၃ဝ ရာခိုင်နှုန်း စုဆောင်းမိပါက တိုက်ခန်း ဝယ်ယူခွင့်လျေက်ထားနိုင်မည်ဖြစ်ပါသည်။ နောက်ပိုင်းတွင် တိုက်ခန်းတန်ဖိုး၏ ၂ဝ ရာခိုင်နှုန်း စုဆောင်းမိလျင် တိုက်ခန်းဝယ်ခွင့်လျောက်နိုင် မည်ဟုလည်း သိရပါသည်။

 

ဘဏ်နှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း

တိုက်ခန်းဝယ်သူများ ငွေကြေးအခက်အခဲမရှိစေရန် နိုင်ငံတော် အစိုးရနှင့် ဆောက်လုပ်ရေးလုပ်ငန်း ရှင်များ ပြည်ပစီးပွားရေးလုပ်ငန်းရှင်များ စုစည်း၍ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကို ၂ဝ၁၄ ခုနှစ်က စတင်တည်ထောင်ခဲ့ပါသည်။

တန်ဖိုးနည်းတိုက်ခန်းများကို ဝယ်ယူလိုလျင် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်ပြီး ဝယ်ယူနိုင်မည်ဖြစ်သည်။ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်သည် ရန်ကုန်ရုံးချုပ်အပါအဝင် ဘဏ်ခွဲ ၁၁ ခု ရှိသည်။ နေပြည်တော်၊ မန္တလေး၊ ပုသိမ်၊ မော်လမြိုင်နှင့် မကွေးမြို့များတွင် ရုံးခွဲများရှိပေသည်။

ဘဏ်မှချေးငွေထုတ်ပေးခြင်းနှင့် အရစ်ကျဆပ်ခွင့်ရှိခြင်း

တန်ဖိုးနည်းတိုက်ခန်းဝယ်မည်ဆိုလျင် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၌ အိမ်ရာစုဆောင်းငွေ စာရင်းကို စုဆောင်းငွေကျပ်တစ် သောင်းဖြင့် စတင်စာရင်းဖွင့်ရမည်ဖြစ်သည်။

အိမ်ရာ စုဆောင်းငွေစာရင်းဖွင့်ပြီးနောက် တိုက်ခန်းတန်ဖိုး၏ ၃ဝ ရာခိုင်နှုန်းပြည့်ရန် ငွေစုဆောင်းသွား ရမည်ဖြစ်သည်။ မိမိတတ်နိုင်သရွေ့ ကျပ်တစ်သိန်းဖြစ်စေ၊ နှစ်သိန်းကျပ် ဖြစ်စေ ငွေစုဆောင်းသွားနိုင်ပြီး၊ စု ဆောင်းငွေပေါ်တွင် အတိုးခံစားခွင့် ပေးမည်ဖြစ်သည်။

တိုက်ခန်းတန်ဖိုး ငွေ၏ ၃ဝ ရာ ခိုင်နှုန်းကိုဘဏ်တွင် စုဆောင်းပြီးသည်နှင့် ကျန်တိုက်ခန်းတန်ဖိုးငွေ၏ ရဝ ရာခိုင်နှုန်းကို ဆောက်လုပ်ရေး နှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ တစ်နှစ် လျင် ၁၂ ရာခိုင်နှုန်းဖြင့် ချေးပေးသွားမည်ဖြစ်သည်။ ထို့ကြောင့် ကျပ်သိန်းတစ်ရာတန် တိုက်ခန်းဆိုလျင် လစဉ် ပြန်ဆပ်ငွေပမာဏမှာ တစ်သိန်းကျပ် သာဖြစ်ပြီး ၁ဝ နှစ် အရစ်ကျဆပ်ခွင့် ပြုသွားမည်ဖြစ်သည်။

 

ဘဏ်၏ ဝန်ဆောင်မှု

ဆောက်လုပ်ရေးနှင့် ဖွ့ံဖြိုးရေးဘဏ်သည် ဆောက်လုပ်ရေး၊ ဝန်ကြီးဌာနမှ ဆောက်လုပ်သည့် ရန်ကုန်မြို့ရှိ၊ ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာ၊ ယုဇနတန်ဖိုးနည်းအိမ်ရာ၊ ကနောင် တန်ဖိုးနည်းအိမ်ရာ၊ ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာ၊ မန္တလေးမြို့တွင် မြရည်နန္ဒာအိမ်ရာတို့နှင့် ချိတ်ဆက် ဆောင်ရွက်ပေးနေသည်ဟု သိရပါသည်။

ထို့ပြင် ဆောက်လုပ်ရေးနှင့် ဖွ့ံ ဖြိုးရေးဘဏ်သည် မိမိဘဏ်စာရင်း၌ တိုက်ခန်းတန်ဖိုး၏ ၃ဝ ရာခိုင်နှုန်း စုဆောင်းပြည့်သူထံ တန်ဖိုးနည်းအိမ်ရာဝယ်ယူနိုင်ပြီဖြစ်ကြောင်း ဆက်သွယ်အကြောင်းကြားပေးပါသည်။

ငွေစုလာသူများထဲမှ တိုက်ခန်း တန်ဖိုး၏ ၃ဝ ရာခိုင်နှုန်း ငွေစု ဆောင်းပြီးသူများအား အစဉ်လိုက် ရောင်းချပေးသွားမည်ဖြစ်သည်။ အခန်းဝယ်ယူခွင့်ရရှိပါက မိမိဝယ်လို သည့် တိုက်ခန်းကို စိတ်ကြိုက် လျောက်ထားနိုင်ပါသည်။ စိတ်ကြိုက် တိုက်ခန်းများထပ်နေပါက မဲစနစ်ဖြင့် ခွဲဝေကျင့်သုံးသွားမည်ဟု သိရပါသည်။ ဥပမာ-မြေညီထပ်ကိုပင် ဝယ်ယူရန် လျောက်ထားသူများပြားနေ ခြင်းမျိုးဖြစ်သည်။

 

တိုက်ခန်းဝယ်ယူရန် လျေက်ထား သူ၏ တာဝန်

တိုက်ခန်းဝယ်ယူရန် လျောက်ထားသူတို့မှ မိသားစုအားလုံး၏ စုပေါင်းလစဉ်ဝင်ငွေမှာ အနည်းဆုံး သုံးသိန်းကျပ်ရှိရန်လိုပေသည်။ ဆောက်လုပ်ရေးနှင့် ဖွံ့ဖြိုးရေးဘဏ်သို့ လစဉ်မှန်မှန် ငွေသွင်းသွားရမည်ဖြစ်သည်။

တိုက်ခန်းဝယ်ယူနေထိုင်ခွင့်ရ သူသည် ဘဏ်သို့ လစဉ်မှန်မှန် ငွေသွင်းရမည်ကို သုံးလကျော်အထိ ငွေ သွင်းရန်ပျက်ကွက်ပါက ဘဏ်မှမြို့ပြနှင့် အိမ်ရာဦးစီးဌာနသို့ စာပို့ အ ကြောင်းကြားမည်ဖြစ်သည်။ မြို့ပြနှင့် အိမ်ရာဦးစီးဌာနအနေဖြင့် တိုက် ခန်းပြန်လည်သိမ်းယူသည်အထိ ဆောင်ရွက်နိုင်ပေသည်။

 

ပြန်လည်ရောင်းချ ငှားရမ်းခွင့်

တန်ဖိုးနည်းအိမ်ရာ စီမံကိန်းသည် အမှန်တကယ် အိမ်ပိုင်မရှိသည့် လိုအပ်သူအတွက် ရည်ရွယ် ရောင်းချသည့် စီမံကိန်းဖြစ်သည်။ ထို့ကြောင့် သက်ဆိုင်ရာ ဦးစီးဌာနမှ အမှန်တကယ် နေထိုင်ခြင်းရှိ မရှိကို စိစစ် စစ်ဆေးသွားမည်ဖြစ်သည်။

မိမိနေထိုင်ခွင့်ရထားသည့် တိုက်ခန်းတွင် အငှားချထားခွင့်မရှိပေ။ ငါးနှစ်အတွင်း လွှဲပြောင်းရောင်းချခွင့် လည်း မရှိဟု ပိတ်ပင်ထားပါသည်။

တိုက်ခန်း၌ နေထိုင်ခွင့်ရသူသည် သတ်မှတ်ထားသည့် စည်းကမ်းများကို ဖောက်ဖျက်ကြောင်း စစ်ဆေး တွေ့ရှိလျင် တိုက်ခန်းဝယ်ခွင့်ကို ပယ်ဖျက်မည့်အပြင် ပေးသွင်းထားသည့် တိုက်ခန်းတန်ဖိုး၏ ၅ ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် သတ်မှတ်ပြီး တိုက် ခန်းကို သက်ဆိုင်ရာမှ ပြန်လည် သိမ်းဆည်းမည်ဖြစ်သည်။

 

နိဂုံး

မည်သို့ပင်ဖြစ်စေ၊ တန်ဖိုးနည်း (တန်ဖိုးသင့်) အိမ်ရာစီမံကိန်းသည် နိုင်ငံတော် အစိုးရအနေဖြင့် ပြည်သူ တို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေး နေခြင်းဖြစ်သည်။ တစ်ရှိိန်ထိုးတက် သွားသည့် အိမ် ခြံ မြေ တိုက်ခန်း စျေးများကျဆင်းတည်ငြိမ်လာခြင်းမှာ ဤတန်ဖိုးနည်း အိမ်ရာစီမံကိန်းတို့၏ အကျိုးဆက်ဟုလည်း တွေ့မြင်နိုင်ပေသည်။ ထို့ကြောင့် တန်ဖိုးနည်း အိမ် ရာများဝယ်လိုသူများအနေဖြင့် သိရှိနိုင်ရန် ဗဟုသုတအဖြစ် ရေးသား လိုက်ခြင်းဖြစ်ပါသည်။

Credit to: စျေးကွက်ဂျာနယ်

Related Posts