Myanmar House Logo

Myanmar House

Real Estate in Myanmar

ကိုးကွယ်သည့်ဘာသာကူပြောင်းခြင်းနှင့် မိဘအမွေ

November 21, 2022 260 views
ကိုးကွယ်သည့်ဘာသာကူပြောင်းခြင်းနှင့် မိဘအမွေ

ကိုးကွယ်သည့်ဘာသာကူပြောင်းခြင်းနှင့် မိဘအမွေ

“လာဗျာ၊ ဦးအောင်မြင့်။ အိမ် ခြံ မြေ အကျိုးဆောင်ကိစ္စအရှုပ် တော်ပုံဖြစ်လာပြန်ပြီလား”

ဦးအောင်မြင့်မှာ အိမ် ခြံ မြေ ရောင်း၊ ဝယ်၊ ငှား ကိစ္စရပ်များတွင် အကျိုးဆောင်ပေးသူအဖြစ် မိမိတစ် နိုင်ခန့်ကိုသာ ဆောင်ရွက်နေသူဖြစ် သည်။

သို့သော် အိမ် ခြံ မြေ အရောင်း အဝယ်ကိစ္စတွင် ဥပဒေပိုင်းအရ ရှုပ်ထွေးမှုရှိလာပြီထင်လျှင် စာရေးသူထံ ရောက်လာ၍ဆွေးနွေးပါသည်။ တစ်ခါတစ်ရံ ထူးထူးခြားခြားကိစ္စရပ် များပါလာတတ်သည်။

“ပြောစရာတော့ဖြစ်နေပြီ၊ အခုလည်း အရောင်းအဝယ်တန့်သွားတဲ့ ကိစ္စလေးဆွေးနွေးချင်လို့”

“ကဲ-ပြောပါဦး၊ ဦးအောင်မြင့် ကြုံရတဲ့ကိစ္စရပ်တွေဆိုရင် တစ်ခါတစ်ရံမှာ ကျွန်တော်လည်း ဗဟုသုတ ရတာတွေရှိတယ်”

“ဒီတစ်ခါလည်း ထူးခြားဖြစ်ရပ်လို့ဆိုရမှာပဲ၊ ကိုးကွယ်ရာဘာသာ ကူးပြောင်းသွားတဲ့ ကိစ္စပါလာတယ်”

“အင်းလေ၊ ဦးအောင်မြင့်တို့လုပ်ငန်းကလည်း လူမျိုးမရွေး၊ ဘာသာမရွေး ဆက်ဆံလုပ်ကိုင်ရ တဲ့လုပ်ငန်း မဟုတ်လား”

“ဟုတ်ပါတယ် ဆရာ”

“ကဲ-ဇာတ်လမ်းလေးပြောပြပါ ဦး”

“ရှင်းအောင်စပြောရမယ်ဆိုရင်တော့ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ယောက်က အစ္စလာမ်ဘာ သာဝင်ယောကျ်ားတစ်ဦးနဲ့လက်ထပ်လိုက်တယ်”

“အမျိုးသမီးက အစ္စလာမ်ဘာသာဝင်ကူးပြောင်းသွားသလား”

“ကူးပြောင်းသွားတယ်ဆရာ။ ပြီးတော့ သားသမီးသုံးဦး မွေးဖွားတယ်”

“သားသမီးသုံးဦးလုံးက အစ္စလာမ်ဘာသာဝင်ချည်းပဲပေါ့”

“ဟုတ်ပါတယ် ဆရာ”

“အင်း-အခုထိတော့ ဘာပြဿနာမှမရှိသေးဘူး”

“ဟုတ်ကဲ့၊ သားသမီးသုံးဦးထဲမှာ သားဖြစ်သူက ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးကို လက်ထပ်ပြီး ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းသွားတယ်”

“ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းတဲ့ အထောက်အထားရှိလား”

“ရှိတယ် ဆရာ၊ သားသမီးတွေကို ရှင်ပြုတယ်။ သူကိုယ်တိုင်လည်း ဒုလ္လဘရဟန်းဝတ်တယ်”

“ဟုတ်ပြီ အခုပြဿနာက”

“ကျန်တဲ့ ညီမနှစ်ယောက်က အစ္စလာမ်ဘာသာဝင်တွေပဲဖြစ်တယ်”

“မိဘနှစ်ဦးက ရှိသေးလား”

“အခုကိစ္စမှာ၊ မိဘနှစ်ဦးလုံးကွယ်လွန်သွားကြတယ်။ ဒါကြောင့် မိဘနေတဲ့အိမ်ကို ညီမနှစ်ယောက်က ရောင်းမယ်”

“ဗုဒ္ဓဘာသာဝင် အစ်ကိုဖြစ်သူက ကန့်ကွက်တယ်။ ဒီလို မဟုတ်လား ဦးအောင်မြင့်”

“ဝယ်လက်ကလည်းရှိနေတော့ ဘယ်လိုဖြစ်နိုင်သလဲလို့ဆရာ၊ ညီမနှစ်ယောက်ကလည်း အစ်ကိုဖြစ်သူက ဗုဒ္ဓဘာသာကူးပြောင်းသွားလို့ မဆိုင်တော့ဘူးပြောတယ်”

“အမွေမှုတွေမှာ တရားရုံးတွေက လိုက်နာကျင့်သုံးတဲ့ ဥပဒေအရ တော့ ကွယ်လွန်သူအမွေရှင် ကွယ်လွန်ချိန်မှာ ကိုးကွယ်တဲ့ဘာသာပေါ်မှာ အခြေတည်ပြီးဆုံးဖြတ်ရမယ်လို့ မြန်မာနိုင်ငံ တရား ဥပဒေများ အက်ဥပဒေပုဒ်မ ၁၃ (၁) မှာ ပြဋ္ဌာန်းထားတယ်”

“ဒါဆိုရင် အစ္စလာမ်ဘာသာဝင် တစ်ဦးကွယ်လွန်ရင် သူ့ရဲ့ကျန်ရစ်ပစ္စည်းအပေါ် အစ္စလာမ် ဥပဒေအရ အမွေဆက်ခံရမှာပေါ့”

“မှန်ပါတယ်။ ကွယ်လွန်သူဟာ ခရစ်ယာန်ဘာသာဝင်အဖြစ် ကွယ်လွန်သွားရင် ခရစ်ယာန် ဥပဒေအရဆုံးဖြတ်ရမယ်။ ကွယ်လွန်သူဟာ ဗုဒ္ဓဘာသာဝင်အဖြစ်နဲ့ ကွယ်လွန်ရင် ဗုဒ္ဓဘာသာ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေနဲ့အညီ ဆုံးဖြတ်ရမှာဖြစ်တယ်”

“ဒါဆိုရင် ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းသွားတဲ့ သားအကြီးက အမွေ မဆက်ခံနိုင်ဘူးပေါ့”

“အခုကိစ္စက အဲဒီလိုမဟုတ်ဘူးဗျ”

“ရှင်းပြပါဦး ဆရာ၊ ဘယ်လိုကွာခြားသွားလို့ပါလဲ”

“မိဘနှစ်ဦးလုံးက အစ္စလာမ် ကိုးကွယ်သူများဖြစ်တယ်ဆိုတော့ အငြင်းပွားစရာမလိုတော့ဘူး။ မိသား စုဥပဒေဖြစ်တဲ့ အစ္စလာမ်ဥပဒေအရ အမွေဆက်ခံခွင့်ကိစ္စ စဉ်းစားရမှာဖြစ်တယ်”

“ဟုတ်ကဲ့ ဆရာ”

“ဒီနေရာမှာ စဉ်းစားရမှာက သားကြီးဖြစ်သူက မိဘတွေနဲ့အတူနေစဉ်မှာ အစ္စလာမ်ဘာသာကို ကိုးကွယ်ယုံကြည်သူအဖြစ်ရှိနေပြီး၊ အိမ်ထောင်ကျမှ ဗုဒ္ဓဘာသာဝင်အဖြစ် ပြောင်းလဲကိုးကွယ်တာ လား။ မိဘတွေနဲ့အတူ ရှိစဉ်ကတည်းက မိခင်ရဲ့ မူလကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကိုပဲ သက်ဝင်ယုံကြည် ကိုးကွယ်သလားဆိုတာဖြစ်တယ်”

“အားလုံးပြောတာတော့ ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးတစ်ဦးနဲ့ အိမ်ထောင်ကျလို့ ဗုဒ္ဓဘာသာကို ကူးပြောင်းကိုးကွယ်တယ်လို့ ပြောပါတယ်”

“ဦးအောင်မြင့် နားလည်အောင် တိုတိုပြောရမယ်ဆိုရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဒေါ်မာလာပါ ငါးဦးနှင့် ဒေါ်မြင့်မြင့်ခိုင်ပါ လေးဦး၊ ၂ဝ၁၅ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံးစာမျက်နှာ (၁) အမှုမှာ သမီးဖြစ်သူသည် မူလကမိခင်နည်းတူ အစ္စလာမ်ဘာသာဝင်ဖြစ်ပြီး နောက်ပိုင်းတွင် ဗုဒ္ဓဘာသာကူးပြောင်းကိုးကွယ်လျှင် ထိုသို့ပြောင်းလဲကိုးကွယ်မှုကြောင့် မိခင်ထံမှအမွေရပိုင်ခွင့် မဆုံးရှုံးနိုင်ပေလို့ ဆုံးဖြတ်ထားတယ်”

“ဒါဆို သားကြီးဖြစ်သူက ဝေစုရနိုင်တာပေါ့နော်၊ အမှန်တကယ် ဆုံးရှုံးနိုင်တဲ့ အခြေအနေမျိုးက ဘယ်လို အခြေအနေမျိုးလဲဆရာ”

“ဥပမာဆိုပါတော့၊ သားကြီးဖြစ်သူက မိခင်ဖြစ်သူရဲ့ မူလကိုးကွယ်ရာ ဗုဒ္ဓဘာသာကို သိတတ် တဲ့အရွယ်ကစပြီး ယခုကာလအထိ ကိုးကွယ်ယုံကြည်မယ်ဆိုရင် အစ္စလာမ်ဘာသာဝင် မိဘများကွယ်လွန်တဲ့အခါ အမွေဆက်ခံခွင့်မရှိတော့ဘူး။ ဆုံးရှုံးခံရမှာဖြစ်တယ်”

“နားလည်ပါပြီ ဆရာ”

“ဦးအောင်မြင့်ကိစ္စက နှစ်ဖက်နားလည်သဘောပေါက်ပြီး ညှိနှိုင်းပြေလည်ရင်တော့ အရောင်းအဝယ် ဖြစ်နိုင်ပါတယ်။ အမှုအခင်းဖြစ်နိုင်တဲ့ အခြေအနေရှိရင်တော့ ဝယ်သူအနေနဲ့ ခေတ္တစောင့်ဆိုင်းပြီးမှ ဝယ် သင့်တယ်”ဟု အကြံပေး ဆွေးနွေးလိုက်ပါသည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ‌ဈေးကွက်ဂျာနယ်

Related Posts