Myanmar House Logo

Myanmar House

Real Estate in Myanmar

ခွင့်ပြုချက်ဘောင် ကျော်လွန်ဆောက်လုပ်ထားသည့်အိမ်ကို ဝယ်မိလျှင်

November 23, 2022 154 views
ခွင့်ပြုချက်ဘောင် ကျော်လွန်ဆောက်လုပ်ထားသည့်အိမ်ကို ဝယ်မိလျှင်

ရုံးခန်းသို့ စာရေးသူရောက်သည့်အခါ မိတ်ဆွေဖြစ်သည့် သွားဆရာဝန် ဦးဝင်းညွန့် ရောက်နေသည်ကို တွေ့ရသည်။

“ရောက်နေတာကြာပြီလားဆရာ၊ ဖုန်းအရင်ဆက်သွယ်လိုက် ရောပေါ့”

စာရေးသူက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောလိုက်ပါသည်။

“မကြာသေးပါဘူး။ ဖုန်းနံပါတ်ကလည်း ရှာမတွေ့လို့ မဆက်လိုက်မိဘူး”

“ထူးထူးထွေထွေကိစ္စရှိလို့လားဆရာ”

“တိုက်ခန်းတစ်ခန်းဝယ်ထားတာဗျာ၊ ပြဿနာရှိနေလို့”

“အဆောက်အအုံအသစ်ပဲလား”

“ကြိုပွိုင့်သဘောဝယ်တယ်ပဲ ဆိုပါတော့ဗျာ”

“ကြိုပွိုင့်ဆိုပေမယ့် အချို့က ဝယ်ပြီးသားသူဆီက ထပ်ဆင့်ဝယ် ထားလိုက်တာလည်းရှိတယ်။ ဆရာ ဝယ်လိုက်တာက ဘယ်သူ့ဆီက ဝယ်လိုက်တာလဲ”

“ကန်ထရိုက်ရမယ့် တိုက်ခန်းတွေထဲက ဝယ်လိုက်တာ”

“ဒါဆိုရင်တော့ ကန်ထရိုက်နဲ့ပြောဆိုရမယ့် ကိစ္စဖြစ်နေတယ်”

“ကန်ထရိုက်ကလည်း ကျွန်တော့်ရဲ့ မိတ်ဆွေပဲ”

“ဘယ်လိုဖြစ်သွားလို့လဲ၊ မြေရှင်နဲ့ အဆင်မပြေလို့လား”

“ဒီလိုဗျာ၊ ကန်ထရိုက်လုပ်တဲ့သူက ကျွန်တော်နဲ့ အထက်တန်းကျောင်းတုန်းမှာ သူငယ်ချင်း။ သူက အင်ဂျင်နီယာဖြစ်သွားပြီး နောက်ပိုင်း ကန်ထရိုက်အလုပ်ပါလုပ်တယ်ဆိုပါတော့”

“ငယ်သူငယ်ချင်းဆိုတော့ ပိုပြီးအဆင်မပြေဘူးလား”

“ယုံကြည်မိတာပေါ့ဗျာ၊ အခုတော့ အတွေ့မခံဘဲ မန်နေဂျာနဲ့သာ တွေ့နေရတယ်ဗျာ”

“ဖြစ်စဉ်လေးပြောပြပါဦး”

“သူတို့ပြောတာကတော့ ပေ ၂ဝx ပေ ၆ဝ လွှာချင်းရှစ်ထပ်လို့ပြောပါတယ်။ သူငယ်ချင်းဆိုတော့ လည်း ယုံပြီး စရန်ပေးထားလိုက်တယ်”

“အခု အထပ်က ဘယ်လောက်ရောက်နေပြီလဲ”

“စဝယ်စဉ်ကတည်းက ပထမထပ်ကို ကြမ်းခင်းလောင်းဖို့ လုပ်နေပြီ”

“ဆရာက ဘယ်အလွှာကို ဝယ်လိုက်တာလဲ”

“ဒုတိယထပ်ပါ”

“ဟုတ်ကဲ့ ပြောပါဦး။ စရန်ပေးပြီးမှ ဘာဆက်ဖြစ်လာလို့လဲ”

“ကျွန်တော်လည်း ကိုယ့်အလုပ်ကိစ္စနဲ့ ကိုယ်မအားလပ်တာရယ်၊ သူငယ်ချင်း ဆောက်လုပ်တာပဲဆိုပြီး ယုံကြည်လိုက်တာနဲ့ နှစ်လသုံးလခန့် မရောက်ဖြစ်ခဲ့ဘူး”



“အခု သွားကြည့်တော့ ကန့်ကွက်သူရှိလာလို့လား”

“ခွင့်ပြုချက်ထက် ဘောင်ကျော် ဆောက်လို့ ရပ်ထားရတယ်လို့ သိရတယ်”

“ဒါကတော့ သိပ်မခဲယဉ်းပါဘူး။ ပုံစံအသစ်နဲ့ ခွင့်ပြုချက်ပြန်တင်ရင်ရပါတယ်”

“အိမ်က ဖျက်ပေးရမလိုဖြစ်မနေဘူးလား”

“အင်း-အဲဒါတော့ဟုတ်တယ်။ ပြင်ဆင်ခွင့်မကျမချင်း ကိုယ်က စောင့်နေရမယ်”

“အဲဒီလို ကိစ္စရပ်မျိုးဖြစ်လာရင်၊ ဥပဒေအရ ဘယ်လိုဆောင်ရွက်နိုင် သလဲဆိုတာ သိချင်လို့”

“တိုတိုနဲ့ ရှင်းရှင်းပြောရရင်တော့ ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီရဲ့ ခွင့်ပြုချက်မရှိဘဲ ခွင့်ပြုချက်မဲ့ အဆောက်အအုံဆောက်လုပ်မယ်။ ခွင့်ပြုပုံစံနဲ့ကွဲလွဲပြီး အဆောက်အအုံကို ဆောက်လုပ်မယ်ဆိုရင် စစ်ဆေးတွေ့ရှိပါက လုပ်ငန်းရပ်ဆိုင်းစေသည်အထိ အရေးယူနိုင်တယ်”

“အခုကိစ္စက မူလ ပေ၂ဝxပေ ၆ဝ ဆိုပေမယ့် ပေ ၆ဝ မပြည့်ဘူး။ နောက်ဘက်လမ်းကြားအထိ ယူ ဆောက်ထားတယ်ပြောတယ်။ အချို့က ပြောတော့လည်း အရင်က မီးတားလမ်းဆိုလား၊ မီးတားမြေဆိုလားပြောတယ်”

“ဟုတ်တယ် သူငယ်ချင်း။ အရင်က မြို့သစ်တွေဖြစ်တဲ့ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ စတဲ့မြို့ သစ်တွေမှာ မီးအန္တရာယ်ဖြစ်ရင် မီးသတ်ကားများ ဝင်ထွက်လွယ်အောင် နောက်ဖေးလမ်းကြားသဘော မီးတား လမ်းဆိုပြီးထားရှိတယ်။ နောက်ပိုင်း တော့ နေထိုင်သူတွေက တိုးချဲ့နေကြတာနဲ့ ကိုယ်ပိုင်မြေသဘော ထည့် ပြောလာကြတာပဲ”

“အခု အခြေအနေကတော့ ခွင့်ပြုချက်ပုံစံနဲ့ မညီဘူးဆိုပြီး ရပ်ဆိုင်းလိုက်တဲ့သဘောပေါ့”

“သူငယ်ချင်းရဲ့ ပြောစကားအရဆိုရင်တော့ အဲဒီသဘောပဲဖြစ်တယ်”

“ဘယ်လောက်ကာလအထိ ရပ်ဆိုင်းထားနိုင်သလဲ”

“ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေပုဒ်မ-၄၈ အရပြောရရင် ခွင့်ပြုချက်ပါ စည်းကမ်းချက်နဲ့ ညီညွတ်မှုမရှိဘဲ အဆောက်အအုံဆောက်လုပ်လျှင် ဆောက်လုပ်ခြင်းကို ရပ်ဆိုင်းထားရန်၊ ပြန်လည် ပြုပြင်စေရန်၊ ဖြိုဖျက်ရန်၊ ဖျက်သိမ်းရန်အထိ ဆောင်ရွက်ခွင့်ရှိပါတယ်”

“အခု ကိစ္စက ဘာမှမလုပ်ဘဲထားရင် ဘာဖြစ်နိုင်သလဲ”

“ခွင့်ပြုချက်ပုံစံနဲ့ ကွဲလွဲနေရင်တော့ ခွင့်ပြုချက်ပုံစံသစ် တင်သွင်းဆောင်ရွက်ပြီး ခွင့်ပြုချက် ပုံစံနဲ့အညီ ပြန်လည်ဖြိုဖျက်၊ ပြင်ဆင်ဆောက်ရမှာဖြစ်တယ်”

“မလိုက်နာခဲ့ရင် ဘယ်လိုဖြစ် နိုင်သလဲ”

“လိုက်နာမှုမရှိဘဲ ဆက်လက်ဆောက်လုပ်ရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ-၆၈ အရ မြို့တော်စည်ပင်သာယာရေးကော်မတီမှ တရားလိုပြုလုပ်၍ သက်ဆိုင်ရာတရားရုံးမှာ ကျူးလွန်သူ အပေါ်တရားစွဲဆိုအရေးယူမှာဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင်တော့ ထိုသူကို ထောင်ဒဏ် တစ်နှစ်ထိဖြစ်စေ၊ အနည်းဆုံး ဒဏ်ငွေ ကျပ်တစ်သောင်းမှ အများဆုံး ဒဏ်ငွေ ငါးသိန်းကျပ်အထိဖြစ်စေ၊ ဒဏ်ငွေနှစ်ရပ်လုံးဖြစ်စေ၊ ချမှတ်ရမှာဖြစ်ပါတယ်။ တကယ်လို့ အပြစ်ဒဏ် ကျပြီးနောက် ဆက်လက်ဖောက်ဖျက်ကျူးလွန်ရင် ပုဒ်မ ၆၉ အရ ထိုသူကို ဖောက်ဖျက်ကျူးလွန်သည့်နေ့မှစပြီး တစ်နေ့လျှင် အနည်းဆုံး ဒဏ်ငွေ ကျပ်တစ်သောင်းမှ အများဆုံး ငါးသောင်းကျပ်ထိဖြစ်စေ၊ တစ်နှစ်ထိ ထောင်ဒဏ်ဖြစ်စေ ချမှတ်ရမှာဖြစ်တယ်”

“ဒါဆိုရင် စရန်ငွေပြန်တောင်း ရင်ကောင်းမလား”

“ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနမှာ မည်သို့ရပ်ဆိုင်းခြင်းဖြစ်တယ်ဆိုတာ စုံစမ်းပြီးမှ ဆက်လက်ဆောင်ရွက်သင့်တယ်”ဟု အကြံပြုဆွေးနွေးလိုက်ပါသည်။

Credit By : ထီယု (ဥပဒေအတိုင်ပင်ခံ)
 

Related Posts