Myanmar House Logo

Myanmar House

Real Estate in Myanmar

ဝယ်ထားသော တိုက်ခန်းတွင် ဆိုင်ခန်းဖွင့်မည်ဆိုလျှင်

November 24, 2022 203 views
ဝယ်ထားသော တိုက်ခန်းတွင် ဆိုင်ခန်းဖွင့်မည်ဆိုလျှင်

ဝယ်ထားသော တိုက်ခန်းတွင် ဆိုင်ခန်းဖွင့်မည်ဆိုလျှင်

“ဝယ်ထားတဲ့ တိုက်ခန်းကို ပြင်လို့ရပါသလားဆရာ” ဟု မိတ်ဆွေ အမျိုးသမီးတစ်ဦးက စာရေးသူထံ လာ ရောက်ဆွေးနွေးပါသည်။

“သာမန်အားဖြင့်ပြောရင်တော့ အပျောက်စနစ်နဲ့ ဝယ်ထားတဲ့ တိုက်ခန်းဖြစ်လို့ အတွင်းပိုင်းပြင်ဆင်ခွင့်ရှိပါ တယ်”

“အချို့က ပြောတော့ မြေရှင်နဲ့ သဘောတူညီမှုရယူရတယ်လို့ ပြောတယ်၊ ဟုတ်ပါသလား”

“တိုက်ခန်းအတွင်း အလှအပဆင်တာမျိုးကတော့ ပြဿနာမဖြစ်ပါဘူး။ ဒါပေမယ့် မူလကမပါရှိတဲ့ ထပ်ခိုးကို ထည့်မယ်။ အခန်းဖွဲ့ထားပုံကို ပုံစံပြောင်းပြီး ဆောင်ရွက်မယ်ဆိုရင်တော့ သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့ ကို အသေးစားပြင်ဆင်မှု လျှောက်ထားပြီးမှ ဆောင်ရွက်ရပါတယ်။ အဲဒီလို လျှောက်ထားတဲ့အခါမှာ မြေရှင် ဒါမှမဟုတ် အိမ်ရှင်ရဲ့ သဘောတူညီချက်ပါရှိရမှာဖြစ်တယ်”

“အချို့ကပြောတော့ အိမ်လခပေးနေတဲ့ သဘောဖြစ်လို့ အပျောက်စနစ်နဲ့ ဝယ်တာကလည်း မြေရှင်နဲ့ အိမ်ရှင် အိမ်ငှားဖြစ်နေတယ်ဆိုတာ ဟုတ်ပါသလား”

“မှန်ပါတယ်။ မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေအရ ငှားရမ်းခြင်းကိစ္စတွေမှာ အကြမ်းဖျဉ်းအားဖြင့် သုံးမျိုးရှိတယ်။ လစဉ်ငှားရမ်းခပေးတဲ့စနစ်၊ စပေါ်ငွေပေးစနစ်နဲ့ အပျောက်ငွေပေးစနစ်ဆိုတာ ရှိတယ်။ လစဉ် ငှားရမ်းခပေးစနစ်ကတော့ လစဉ်လဆန်းရက်တိုင်းမှာ အိမ်ငှားရမ်းခပေးသွင်းတဲ့ စနစ်ဖြစ်တယ်။ စပေါ်ငွေဆို တာကတော့ အာမခံသဘောမျိုးတင်ထားတဲ့ ငွေကြေးဖြစ်တယ်။ အိမ်ငှားက ငှားရမ်းခြင်းပြတ်စဲပြီး အဆောက် အအုံမှ ထွက်ခွာသွားတဲ့အခါမှာ စပေါ်ငွေကို အိမ်ရှင်က ပြန်လည်ပေးအပ်ရတဲ့ စနစ်ဖြစ်တယ်။ အပျောက်စနစ် ကတော့ မိမိနေထိုင်တဲ့ တိုက်ခန်း၊ အိမ်ခန်းကို တန်ဖိုးသတ်မှတ်ပြီး လွှဲပြောင်းရောင်းချခွင့်ရှိတယ်။ ဒါအပြင် ဝယ်ထားတဲ့ တိုက်ခန်းကိုအခြား တစ်ဦးထံ တန်ဖိုးသတ်မှတ်ပြီး ထပ်မံလွှဲပြောင်းခွင့်ရှိမှာဖြစ်တယ်။ ဒါပေမယ့် စပေါ်ငွေနဲ့ဖြစ်ဖြစ် အပျောက်ငွေနဲ့ဝယ်ထားတာဖြစ်ဖြစ်၊ တိုက်ခန်း အိမ်ခန်းမှာနေထိုင်ကြသူတွေဟာ မြေရှင် အိမ်ရှင်ကို လစဉ်အိမ်ငှားရမ်း ခပေးရတဲ့အတွက် ဥပဒေအရ အိမ်ရှင်အိမ်ငှားဆက်စပ်မှုရှိနေမှာဖြစ်တယ်”

“အိမ်ပြင်တာ မကျေနပ်ရင် မြေရှင်က နှင်ချခွင့်ရှိပါသလား”

“ဥပဒေအရတော့ အိမ်ရှင်၊ အိမ်ငှားများလိုက်နာရန် သတ်မှတ်ချက်တွေရှိတယ်။ အိမ်ငှားအနေနဲ့ ဥပဒေအရ သတ်မှတ်ချက်ကို မလိုက်နာ ပျက်ကွက်ရင် အိမ်ရှင်အနေနဲ့ နှင်ချခွင့်ရှိလာမှာဖြစ်တယ်”

“အိမ်ခန်းပြင်တဲ့ကိစ္စမှာလည်း အိမ်ရှင်သဘောမတူရင် အိမ်နှင်လိုမှု တရားစွဲဆိုနိုင်တယ်ဆိုပါတော့”

“မှန်ပါတယ်။ အခုဘယ်လိုဖြစ်လို့လဲ၊ တိုက်ခန်းဝယ်ထားလို့လား”

“ကျွန်မက မြေညီထပ်ဆိုတော့ စတိုးဆိုင်လေး ဖွင့်ထားချင်လို့ပါ။ အ ကြီးအကျယ်တော့ မဟုတ်ဘူး တစ်နိုင် လေးဖွင့်ထားချင်တယ်”

“ဒါဆို တိုက်ခန်းကို ပြင်ဆင်ရမယ့် သဘောရှိတာပေါ့”

“ဟုတ်ပါတယ်။ အချို့ကပြောတော့ အိမ်ရှင်က ခွင့်မပြုရင် ဖွင့်ခွင့် မရဘူးလို့ ပြောတယ် ဆရာ။ ဘယ်လို ဆောင် ရွက်ရမလဲဆိုတာ သိချင် လို့ပါ”

“စတိုးဆိုင်ဖွင့်မယ်ဆိုရင်တော့ သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးကော်မတီထံ စတိုးဆိုင်ဖွင့်ခွင့် အမိန့်ကို ရယူရပါမယ်။ ဒါ့အပြင် တိုက်ခန်းမှာ အသေးစားပြင်ဆင်ခွင့် လျှောက်ထားရပါမယ်”

“ခွင့်ပြုချက်မယူဘဲ ပြင်ရင် ဘယ်လိုဖြစ်နိုင်ပါသလဲ”

“ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေအရ၊ အရေးယူခံရမှာ ဖြစ်ပါတယ်။ အချို့ကလည်း ကိုယ်ဝယ်ထား တဲ့တိုက်ခန်း မိမိပြုပြင်ချင်သလို ပြင်မယ်ဆိုပြီး အခန်းဖွဲ့ထားတာကို ဖောက်ပစ်လိုက်တာတို့၊ ထပ်ခိုးတွေ ထပ် ထည့်တာမျိုးပြုလုပ်တတ်ကြတယ်။ ဥပဒေအရဆိုရင် မူလပုံစံကို ဖျက်ပစ်တဲ့ သဘောဖြစ်လို့ အိမ်ငှားတာဝန် ဖောက်ဖျက်တယ်လို့ သတ်မှတ်နိုင်ပါတယ်”

“အိမ်ငှားတာဝန်ဖောက်ဖျက်တယ်ဆိုတာက ဘယ်လိုသဘောပါလဲ ဆရာ”

“အခုအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ရှင်းအောင်ပြောရရင် ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေပုဒ်မ-၁ဝ၈ မှာ အိမ်ငှားများ လိုက်နာရမယ့် တာဝန်နဲ့ အခွင့်အရေးတွေ သတ်မှတ်ထားပါတယ်။ ယင်းပုဒ်မ ၁ဝ၈ ပိုဒ်ခွဲ(တ) မှာ အဆောက်အ အုံတွင် အိမ်ရှင်၏ ခွင့်ပြုချက်မရဘဲ ခိုင်မြဲသော အဆောက်အအုံ မဆောက်လုပ်ရလို့ သတ်မှတ်ပြဋ္ဌာန်း ထားပါတယ်”

“အိမ်ရှင်ရဲ့ ခွင့်ပြုချက်လည်း ရယူရမယ်ပေါ့”

“အကောင်းဆုံးကတော့ မြို့တော်စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာနကို သွားရောက်မေးမြန်း ဆောင်ရွက်သင့်ပါတယ်။ အသေးစားပြင်ဆင်မှုကိုတော့ သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေး အဖွဲ့ထံတင်ပြ လျှောက်ထားရပါမယ်။ စီးပွားရေးသဘောဆိုင်ခန်းဖွင့်မှာဖြစ်လို့ သက်ဆိုင်ရာ စည်ပင်သာယာရေး အဖွဲ့ဒါမှမ ဟုတ် မြို့တော်စည်ပင် သာယာရေးကော်မတီရဲ့ ခွင့်ပြုချက်ရှိဖို့ လိုအပ်ပါတယ်”

“ခွင့်ပြုချက် မလျှောက်ပဲပြင်ဆင်ရင် ဘယ်လိုအပြစ်ဒဏ်မျိုး ချမှတ်နိုင်ပါသလဲ။ ဗဟုသုတအဖြစ် သိထားချင်လို့ ပါဆရာ”

“သက်ဆိုင်ရာမှ ခွင့်ပြုချက်မရရှိဘဲ တိုက်ခန်းအတွင်းမှာ ခိုင်မြဲတဲ့ပုံစံ အဆောက်အအုံပြင်ဆင်ဖွဲ့ရင်တော့ အိမ်ရှင်အနေနဲ့ အိမ်ငှားတာဝန် ဖောက်ဖျက်မှုနဲ့ နှင်လိုမှုစွဲဆိုနိုင်ပါတယ်။ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ အေ၊ ရာဟင်ဆီလော့နှင့် ဒေါ်အမာ ၁၉၆၅ ခုနှစ် မြန်မာနိုင်ငံ တရားစီရင် ထုံးစာမျက်နှာ ၄ဝ၆၊ အမှုတွင် တိုက် ခန်းအတွင်း၌ အခန်းဖွဲ့ခြင်းသည် မူလငှားရမ်းထားသည့် အခန်းများကို ခေတ္တခဏအနည်းငယ်မျှသာ ပြောင်း လဲထားခြင်းမဟုတ်ဘဲ ယခင်ထားရှိသည့် အခန်းပုံစံနှင့် မတူအောင် များစွာပြုပြင်ပြောင်းလဲခဲ့သည်။ ထို့ကြောင့် တည်မြဲသော အဆောက်အအုံဆောက်လုပ်သည်ဟု ဆုံးဖြတ်ကာ အိမ်နှင်လိုမှုအနိုင်ဒီကရီ ချမှတ်ပေးခဲ့ ပါ တယ်”

“ဒါဆိုရင် သက်ဆိုင်ရာ ဌာနမှာ ခွင့်ပြုချက်တောင်းခံရမှာပေါ့နော်”

“မှန်ပါတယ်။ ခွင့်ပြုချက်မရဘဲ ပြင်ဆင်ဆိုင်ခန်းဖွင့်မယ်ဆိုရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ-၃၁၂ ပုဒ်မခွဲ (စ) မှာ လူနေထိုင်ရန်အတွက် ဆောက်လုပ်ထားသော အဆောက်အအုံတွင် ကော်မတီ၏ ခွင့်ပြု ချက်မရဘဲ စီးပွားရေးလုပ်ငန်းလုပ်ကိုင်လျှင် ငွေဒဏ်ကျပ်တစ်သိန်းမှ ကျပ်ငါးသိန်းထိချမှတ်ရမည်။ ဆက်လက် ကျူးလွန်ပါက ထောင်ဒဏ်ခြောက်လချမှတ်ရမည်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် လူနေခန်းကို စတိုးဆိုင်ဖွင့် လှစ်ဖို့ ပြင်ဆင်ဆောင်ရွက်မယ်ဆိုရင် သက်ဆိုင်ရာ စည်ပင်သာယာရေးအ ဖွဲ့ (ကော်မတီ) ထံ သွားရောက် လျှောက်ထားခွင့်ပြုချက်တောင်းခံရမှာ ဖြစ်ပါတယ်”

“ဟုတ်ကဲ့ ဆရာ။ ဆရာညွှန်ကြားတဲ့အတိုင်း ဆောင်ရွက်ပါမယ်။ အခုလို အကြံပေးတာ ကျေးဇူးတင်ပါတယ် ဆရာ”ဟု ပြောကာ ဆွေးနွေးခ ပေးသွားပါသည်။

“ဘာအလုပ်ပဲဖြစ်ဖြစ် ဥပဒေနဲ့အညီ ဆောင်ရွက်တာကတော့ အန္တရာယ်ကင်းတဲ့အတွက် လိုက်နာဆောင်ရွက် သင့်ပါတယ်”ဟု ဆွေးနွေးလိုက်ပါသည်။

Credit to: ‌ဈေးကွက်ဂျာနယ်

Related Posts