Myanmar House Logo

Myanmar House

Real Estate in Myanmar

အိမ်နဲ့ခြံ အမွေပေးမယ်ဆိုရင် မှတ်ပုံတင်စာချုပ်ပါ ချုပ်ဆိုဖို့လို

November 25, 2022 594 views
အိမ်နဲ့ခြံ အမွေပေးမယ်ဆိုရင် မှတ်ပုံတင်စာချုပ်ပါ ချုပ်ဆိုဖို့လို

သားသမီးတွေအတွက်ဆိုရင် အကောင်းဆုံးတွေပဲ အမွေပေးချင်ကြတာဟာ မိဘတိုင်းရဲ့ ဆန္ဒပါပဲ။ အထူးသဖြင့် မိမိကွယ်လွန်တဲ့ အချိန်မှာ ကျန်ရစ်ခဲ့တဲ့ သားသမီးတွေ တင့်တောင်းတင့်တယ်နဲ့ နေနိုင်အောင်၊ လူနေမှုစရိတ်ဖူလုံအောင် စသဖြင့် ရည်ရွယ်ချက်တွေနဲ့ အိမ်၊ ခြံ၊ မြေ စတဲ့ လက်ဆောင်တွေကို အမွေအဖြစ် စာချုပ်စာတမ်းနဲ့ ထားရစ်ခဲ့ကြလေ့ ရှိပါတယ်။ အချို့ဆိုရင် အငယ်ဆုံး သားသမီးကို အချစ်ဆုံးမို့ အမွေပိုပေးခဲ့ခြင်းတို့ ရှိတတ်ပါတယ်။ ဒီဆောင်းပါးလေးကတော့ သားသမီးတွေကို အိမ်နဲ့ခြံ အမွေပေးဖို့ စဉ်းစားနေတဲ့ မိဘများအတွက် ရည်ရွယ်ပါတယ်။ 

သို့ပေမယ့် စာချုပ်စာတမ်း ရှိတာနဲ့ ပိုင်ဆိုင်မှုအပြည့်အ၀ ရပြီလို့ တစ်ထစ်ချယုံကြည်ထားလို့ မရပါဘူးနော်။ စာချုပ်ဟာ မှတ်ပုံမတင်ထားဘူးဆိုရင် နောင်တစ်ချိန်မှာ ပြဿနာအရှုပ်အရှင်း ဖြစ်လာနိုင်တာကြောင့် ကြိုတင် စစ်ဆေးထားသင့်ပါတယ်။ 

မိဘတွေဟာ အမွေပေးရာမှာ ဥပဒေ အသစ်အဟောင်း မသိနားမလည်တဲ့အခါ အရပ်ချုပ်ဆို စာချုပ်တစ်စောင်မှာ လက်မှတ်ရေးထိုးလိုက်ရရုံနဲ့ အမွေလွှဲပြောင်းပေးအပ်တဲ့ ကိစ္စပြီးစီးပြီလို့ ထင်မှတ်မှားကြလေ့ ရှိပါတယ်။ ဒီနေရာမှာ မိဘတွေဟာ အမွေပေးအပ်မယ့် ပစ္စည်းကို စာချုပ်စာတမ်းမှတ်ပုံတင် ဥပဒေပုဒ်မ- ၁၇အရ မှတ်ပုံတင်စာချုပ် ချုပ်ဆိုရမယ်ဆိုတဲ့ အချက်ကို မသိသူများရှိသလို သိပေမယ့် မဆောင်ရွက်သူများလည်း ရှိကြပါတယ်။ 



မေတ္တာနဲ့ အပိုင်ပေးကမ်းခြင်း အမွေ စာချုပ်ကို မှတ်ပုံမတင်ထားခြင်းဟာ မိဘတွေ ကွယ်လွန်သွားတဲ့အခါ အမွေခွဲဝေချိန်မှာ တစ်ဦးချင်း ရရှိတဲ့ အမွေကို စောဒက တက်လိုတဲ့ သားသမီး တစ်ဦးဦးက ယင်းစာချုပ်ဟာ ဥပဒေနဲ့ မညီကြောင်း၊ ပိုင်ဆိုင်မှု မရနိုင်ကြောင်း ရှေ့နေ ရှေ့ရပ်များနဲ့ တိုင်ပင်ဆွေးနွေးမယ်ဆိုရင် အမွေပုံ စီမံပေးစေလိုမှု ပြန်ပြောင်းရနိုင်ပြီး ပြဿနာပေါင်းများစွာနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ အမွေပုံ စီမံပေးစေလိုမှု ပြန်လုပ်တဲ့အခါ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ အမွေဆိုင်အားလုံးပါဝင် ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာ စာတမ်း ပြုလုပ်ပြီး ကနေဦးမြေပုံ မြေရာဇဝင်ကူးယူကာ အညီအမျှ ခွဲခြမ်းစိတ်ဖြာပြီးမှ ရရှိနိုင်ပါတယ်။ 

ဒါကြောင့် မိဘများအနေနဲ့ သားသမီးတွေကို မြေနဲ့အိမ်ကို မေတ္တာနဲ့ အပိုင်ပေးရင် စာချုပ်စာတမ်း မှတ်ပုံတင် အက်ဥပဒေပုဒ်မ -၁၇ အရ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ သွားရောက်ပြီး မှတ်ပုံတင် စာချုပ်ချုပ်ဆိုထားသင့်ပါတယ်။ ထိုလိုမလုပ်ထားဘူးဆိုရင်တော့ သားသမီး မောင်နှမအားလုံးပိုင် အမွေပစ္စည်း ပြန်ဖြစ်သွားတတ်တာကို သတိပြုသင့်ပါတယ်။

ဒါဟာအမွေပေးလိုက်ပေမယ့် အမွေမခံစားလိုက်ရဘဲ ဆုံးရှုံးတတ်နိုင်ကြောင်းကို သိရှိစေဖို့ ဗဟုသုတအနေနဲ့  ဖော်ပြပေးခြင်းပဲ ဖြစ်ပါတယ်။ 

Credit : Original Uploader
 

Related Posts