Myanmar House Logo

Myanmar House

Real Estate in Myanmar

စရံငွေပေးပြီးမှ ရောင်းသူ အိမ်မြေပိုင် ကွယ်လွန်သွားလျှင်

December 5, 2022 229 views
စရံငွေပေးပြီးမှ ရောင်းသူ အိမ်မြေပိုင် ကွယ်လွန်သွားလျှင်


“တိုက်ခန်းတစ်ခန်းကို ကြိုပွိုင့်ဝယ်ထားမိတယ် ဆရာ”ဟု မိတ်ဆွေ တစ်ဦး၏ သားက စာရေးသူထံ လာရောက်တိုင်ပင်ဆွေးနွေးခြင်းဖြစ်သည်။
“ကန်ထရိုက်ထွက်ပြေးသွားလို့လား” ဟု စာရေးသူက သူ၏ စကားကို ဖြတ်၍ မေးလိုက်မိသည်။
“မြေပိုင်ရှင်က ကွယ်လွန်သွားလို့ ဆောက်လုပ်ရေးလုပ်ငန်း ခေတ္တရပ်နေတယ်”
“မောင်ရင်တို့ ဝယ်ထားတယ်ဆိုတဲ့ တိုက်ခန်းက မြေပိုင်ရှင်အချိုးကျရတဲ့ တိုက်ခန်းကို ဝယ်ထားတာလား”
“မဟုတ်ဘူး ဆရာ။ ကျွန်တော် ဝယ်လိုက်တာက ကန်ထရိုက်ရမယ့် တိုက်ခန်းကို ဝယ်လိုက်တာ ဆရာ”

“အဆောက်အအုံ တိုက်တစ်တိုက်လုံးအနေနဲ့ ဘယ်အတိုင်းအတာ ထိပြီးသွားပြီလဲ”
“ခြောက်ထပ် ဆောက်မှာ ဆရာ၊ သုံးထပ်ကို အကြမ်းထည်ပဲပြီးသေးတယ်”
“အမှန်ကတော့ ဆောက်လုပ်ရေး လုပ်ငန်းရပ်ဖို့ မရှိဘူး။ မြေပိုင်ရှင်နဲ့ ဆိုင်တဲ့ ကိစ္စလေ။ တစ်ခုတော့ရှိတယ်။ အမွေကိစ္စတွေများ ရှိလာလို့လား”

“ကန်ထရိုက်တာကို သွားမေးကြည့်တော့ မြေအမည်ပေါက်ပြောင်းရမယ့် ကိစ္စလေးတွေရှိလို့ ခေတ္တရပ်ထားတာ လို့ ပြောပါတယ်။ ဒါက ဖြစ် နိုင်ပါသလား ဆရာ”
“မြေအမည်ပေါက်ပြောင်းတဲ့ ကိစ္စက သီးခြား ကိစ္စဖြစ်တယ်။ မြေအမည်ပေါက် ပြောင်းဖို့ ဆောင်ရွက် နေစဉ် ကာလမှာ ဆောက်လုပ်ရေး လုပ်ငန်းရပ်ဆိုင်းထားရမယ်လို့တော့ ပြဋ္ဌာန်းထားတာ မတွေ့မိဘူး”
“သမီးကြီးဖြစ်သူက မြေရှင် မိခင်ရဲ့ ကိုယ်စားလှယ်လွှဲစာရယူထား သူဆိုတော့ သူက ဆက်လုပ်လို့ရတယ် မဟုတ်လား”

“ကိုယ်စားလှယ်လွှဲစာဆိုတာက ပေးအပ်သူ ဒါမှမဟုတ် လက်ခံသူ တစ်ဦးဦး ကွယ်လွန်သေဆုံးသွားရင် အဲဒီကိုယ်စားလှယ်လွှဲစာကလည်း သေဆုံးသွားပြီ ဖြစ်တယ်။ တစ်နည်းအားဖြင့် ကိုယ်စားလှယ်လွှဲစာရသူအနေ နဲ့ လုပ်ငန်းဆက်လက် ဆောင်ရွက်ခွင့် မရှိတော့ပါဘူး။ အခုကိစ္စမှာ ကိုယ်စားလှယ်လွှဲသူ မြေပိုင် ရှင်မိခင် ကွယ်လွန်သွားတဲ့အတွက် သူ့ကိုယ်စားသမီးဖြစ်သူက ဆောင် ရွက်ခွင့် မရှိတော့ပါဘူး”

“ဒါဆိုရင် ဘယ်လိုဆက်လက် ဆောင်ရွက်ရမလဲ ဆရာ။ ဥပဒေက ဘယ်လိုရှိပါသလဲ”
“ကွယ်လွန်သွားတဲ့ မြေပိုင်ရှင် မိခင်ကြီးမှာ လင်ယောက်ျားခင်ပွန်း ရှိပါသေးလား”
“ဖခင်ကြီးက မိခင်ထက်စောပြီး ကွယ်လွန်သွားတာကြာပြီလို့ ပြောပါတယ်”
“ဒါဆိုရင် မောင်နှမသားချင်း တွေရှိမှာပေါ့”

“ဟုတ်ကဲ့ ဆရာ၊ ကျွန်တော် စုံစမ်းမေးမြန်းကြည့်တော့ မောင်နှမ ငါးဦးရှိတယ် ပြောတယ်”
“အိုး အတော်များတယ် ပြောရမယ်။ အခုကိစ္စ်က မောင်နှမ ငါးဦး အမွေကိစ္စပေါ်လာပြီ ထင်တယ်”



“မောင်ဖြစ်သူတစ်ယောက်က ကန့်ကွက်ထားသလိုတော့ ကြားတယ်”
“ဖြစ်နိုင်ပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်ပါ ရပ်ဆိုင်းသွားတယ် ဆိုတော့ တစ်ဦးတစ်ယောက်က မြို့ တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာနကို ကန့်ကွက်စာ တင်လိုက်လို့ဖြစ်မယ်”
“သူတို့ ပိုင်ရှင်ကတော့ ကိစ္စမရှိဘူး။ ကျွန်တော်တို့က ထိုင်စောင့်နေ ရမှာလား ဆရာ”
“အခု အခြေအနေကတော့ အဲဒီလိုဖြစ်နေတာပေါ့။ တော်သေးတာက ငွေအကြေမချေရသေးတာပဲ”
“ကျွန်တော်က သုံးလွှာမှာ ဝယ်ထားတာဆိုတော့ ကန်ထရိုက်တာက တတိယအရစ်ပေးဖို့ တောင်းနေတာ ဆရာ”

“ဘာပဲဖြစ်ဖြစ် တိုက်ခန်းဝယ်ထားသူအနေနဲ့တော့ အနည်းနဲ့အများ နစ်နာမှုတော့ ဖြစ်သွားပြီပေါ့။ မောင်နှမ ငါးဦး အညီအမျှပြေလည်သွားဖို့ လိုပါတယ်။ အဲဒါကို အမြန်ဆုံး တိုက်တွန်းကြည့်ကြရမှာဖြစ်တယ်။ မြေပိုင်ဆိုင်မှု ကိစ္စမှာ ဥပဒေသဘောအရတော့ မြေပိုင်ရှင်အဖြစ် အမွေစား အမွေခံငါးဦးက ဆက်ခံကြောင်း ကျမ်းကျိန် လွှာနဲ့အတူ မြေပုံကူးရမယ်။ အမွေဆက်ခံပိုင်ဆိုင်ကြောင်း မှတ်ပုံတင်စာချုပ်ပြုလုပ်ကာ မြေအမည်ပြောင်း ဆောင်ရွက်ရမှာ ဖြစ်တယ်”

“ဒါတွေကို ကန်ထရိုက်က လုပ်ပေးရမှာပေါ့ ဆရာ”
“ထုံးစံကတော့ ကန်ထရိုက်တာက ဆက်လက်ဆောင်ရွက်ပေးတာမျိုး ရှိပါတယ်။
“ကျွန်တော့် သူငယ်ချင်းတစ်ဦးက မြေရှင်ရပိုင်ခွင့်ရှိတဲ့ တိုက်ခန်းလေးလွှာကို ဝယ်လိုက်တာ ဆရာ။ သူက မြေရှင်ကို ငွေချေရတာဆိုတော့ အခု မိခင်ကြီးကွယ်လွန်သွားပြီ။ ဘယ်သူ့ကို ဆက်ပေးရမှာလဲ ဆရာ”

“လက်ရှိ အခြေအနေအရတော့ ခေတ္တငြိမ်နေတာ ကောင်းပါတယ်”
“ဒါပေမယ့် ဆရာ၊ ပြီးခဲ့တာ သုံးရက်ခန့်က အစ်မကြီးဖြစ်သူက ကျွန်တော်သူငယ်ချင်းထံကို ဖုန်းဆက်ပြီး ကျန်ငွေထဲက တစ်စိတ်တစ်ပိုင်းပေးဖို့ တောင်းဆိုနေလို့ပါ ဆရာ”
“ပေးလိုက်ပြီလား”

“မပေးဖြစ်ဘူး ဆရာ။ အမွေ ကိစ္စဖြစ်လာနိုင်တယ်ဆိုပြီး မပေးလိုက်ဘူး ဆရာ။ ဥပဒေအရ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ”

ဥပဒေအရ ပြောရမယ်ဆိုရင် ပဋိညာဉ်အက်ဥပဒေပုဒ်မ - ၄၀ မှာ ပဋိညာဉ်တွင် ကတိပြုသူကိုယ်တိုင်ဖြစ်စေ ၎င်းက အခြားသူအား ဆောင်ရွက်စေခြင်းဖြင့်ဖြစ်စေ ကတိအတိုင်း ဆောင်ရွက်နိုင်သည်။ ထိုကတိအတိုင်း ဆောင်ရွက်ရမည့်အချိန်မတိုင်မီကတိပြုသူ သေဆုံးသွားလျှင် ထိုသူ၏ အခွင့်အရေးကို ဆက်ခံသူများသည် ကတိအတိုင်း ဆောင်ရွက်ရ မည်လို့ ပြဋ္ဌာန်းထားတယ်။ ဒါကြောင့် အခုကိစ္စမှာလည်း မိခင်ဖြစ်သူမြေရှင်နဲ့ ကတိစာချုပ်ချုပ်ဆိုထားတဲ့အခါ ကတိပြုသူ မြေရှင် ဒါမှမဟုတ် ကတိပြုသူက ၎င်းကိုယ်စား ဆောင်ရွက် ခွင့်ပြုထားတဲ့ သမီးကြီးတို့က မြေရှင် ကွယ်လွန်သွားတဲ့အတွက် ကတိအတိုင်း ဆက်လက်ဆောင်ရွက်နိုင်ခြင်း မရှိဖြစ်သွားတယ်။ လုပ်ငန်းဆောင် ရွက်မပြီးမီ ကတိပြုသူ မြေရှင် ကွယ်လွန်တာကြောင့် ကျန်ရှိတဲ့ လုပ်ငန်း ကို အမွေဆက်ခံတဲ့ သားသမီး ငါးဦးက ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်”

“ဒါဆိုရင် ငွေပေးရင်လည်း အမွေဆက်ခံတဲ့ သားသမီး ငါးဦးလုံး လက်မှတ်ပါမှ ပေးရမှာပေါ့ ဆရာ”
“ဟုတ်ပါတယ်။ ဒါမှ ဝယ်သူအနေနဲ့ တရားဝင်ပိုင်ဆိုင်နိုင်မှာ ဖြစ်တယ်။ ရှင်းအောင်ပြောရရင် ဦးအောင်ခင် (ကွယ်လွန်သူ ဒေါ်မမခင်၏ တရားဝင်ကိုယ်စားလှယ်) နှင့် ဒေါ်မြိုင်ပါ (၂)၊ ၁၉၉၃ ခုနှစ် မြန်မာနိုင်ငံ တရား စီရင်ထုံး စာမျက်နှာ ၈၉ အမှုမှာ အိမ်မြေရောင်းသူက စရန်ငွေ လက်ခံပြီး ကွယ်လွန်ခဲ့လျှင် ရောင်းသူ၏ အမွေဆက်ခံသူ တရားဝင် ကိုယ်စားလှယ်အပေါ် တရားစွဲဆို၍ ပဋိညာဉ်အတိုင်း ဆက်လက်ရောင်းချရန် တောင်းဆိုနိုင်ကြောင်း ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် ယခုကိစ္စမှာလည်း မြေရှင်ရဲ့ အမွေဆက်ခံသူသား သမီး ငါးဦးအပေါ် အဆောက်အအုံ ဆက်လက်ဆောက်ရန် တောင်းဆိုခွင့် ရှိမှာဖြစ်ပါတယ်”လို့ ရှင်းပြဆွေးနွေး လိုက်ပါသည်။

Credit to original uploader
 

Related Posts