Myanmar House Logo

Myanmar House

Real Estate in Myanmar

ပုံစံ (၇) ရှိသူ နှင့် မရှိသူ

December 6, 2022 213 views
ပုံစံ (၇) ရှိသူ နှင့် မရှိသူ

၂၀၂၀ လယ်ယာမြေ ဥပဒေကို ပြင်ဆင်ပြီး နောက်ပိုင်း လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ ၇ ရှိသူနှင့် မရှိသူတို့ရဲ့ အခြေအနေတွေကို သုံးသပ်တင်ပြချင်ပါတယ်။

၁။ ပုံစံ ၇ ရှိသူအတွက်...
ပုံစံ ၇ ဆိုတာ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်၊ လယ်ယာမြေ လုပ်ပိုင်ခွင့်ဆိုတာ လယ်ယာမြေကို လက်ဝယ်ထားရှိ၍ စိုက်ပျိုးလုပ်ကိုင် အသုံးချခွင့်ပြုခြင်းကိုဆိုသည်။ (ပုဒ်မ ၃။ (စ) အရ)
ပုံစံ ၇ ရှိရင် ဘာအခွင့်အရေးတွေ ရသလဲ ဆိုတော့
(၁) လယ်ယာမြေကို လက်ရှိထားပိုင်ခွင့်၊ လယ်ယာမြေ လုပ်ပိုင်ခွင့်၊ ရာသီသီးနှံကို ပြောင်းလဲ စိုက်ပျိုးနိုင်ခွင့်၊ ယင်းသို့လုပ်ပိုင်ခွင့်မှ ပေါ်ထွက်လာသည့် အကျိုးအမြတ်ကို ခံစားပိုင်ခွင့်၊
(၂) လယ်ယာမြေကို အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့်၊
(၃) လယ်ယာမြေ လုပ်ပိုင်ခွင့်ကို အမွေဆက်ခံခြင်းနှင့် စပ်လျဉ်း၍ အငြင်းပွားမှု ပေါ်ပေါက်လာပါက တည်ဆဲ ဥပဒေနှင့်အညီ သက်ဆိုင်ရာ တရားရုံး၏ အဆုံးအဖြတ်ခံယူနိုင်ခွင့်၊
(၄) သတ်မှတ်သည့် စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်း မရှိသရွေ့ လယ်ယာမြေလုပ်ပိုင်ခွင့်၊
(၅) လယ်ယာမြေတွင် စိုက်ပျိုးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ သို့မဟုတ် အစိုးရ အသိအမှတ်ပြုထားသည့် အဖွဲ့အစည်း၊ အသင်းအဖွဲ့များ၏ ရင်းနှီးမြှုပ်နှံမှုဖြင့်လည်းကောင်း၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများနှင့်လည်းကောင်း အကျိုးတူလုပ်ကိုင်ခွင့်၊
(၆) လယ်ယာမြေတွင် နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားပါဝင်သော အဖွဲ့အစည်းနှင့် ပူးပေါင်း၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ အကျိုးတူလုပ်ကိုင်ခွင့်။
(ပုဒ်မ ၉ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူ၏အခွင့်အရေးများ)


ပုံစံ ၇ ရှိရင် ဒီစည်းကမ်းတွေကို လိုက်နာရမယ်-
(၁) ဤဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း လယ်ယာမြေကို လုပ်ကိုင်ရမည်။
(၂) လယ်ယာမြေနှင့် စပ်လျဉ်း၍ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ စည်းကြပ်သောမြေခွန်နှင့်အခြား အခွန်အခများကို ပေးဆောင်ရမည်။
(၃) လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ကို ဆောင်ရွက်သည့်အခါ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က သတ်မှတ်သည့် တန်ဖိုးနှင့်အညီ တည်ဆဲဥပဒေအရ သတ်မှတ်သော တံဆိပ်ခေါင်းခွန်နှင့် ဦးစီးဌာနက သတ်မှတ်သည့် စာချုပ်စာတမ်း မှတ်ပုံတင်ခတို့ကို ပေးဆောင်၍ သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်။
(၄) တည်ဆဲဥပဒေနှင့်အညီ အမွေဆက်ခံခြင်းဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရရှိသည့်အခါ သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာမြို့နယ် ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်။
(၅) စိုက်ပျိုးထုတ်လုပ်မှု အရင်းအနှီးအတွက်သာ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ပေါင်နှံခွင့်ရှိပြီး အစိုးရဘဏ် သို့မဟုတ် အစိုးရက အသိအမှတ်ပြုသော ဘဏ်တွင်သာ ပေါင်နှံရမည်။
(၆) လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်း သုံးစွဲခြင်းမပြုရ။
(၇) လယ်ယာမြေကို ရာသီသီးနှံအမျိုးအစားမှ အခြားသီးနှံ အမျိုးအစားသို့ ခွင့်ပြုချက်မရှိဘဲ ပြောင်းလဲ စိုက်ပျိုးခြင်းမပြုရ။
(၈) ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ လယ်ယာမြေကို လှပ်ထားခြင်းမပြုရ။ သို့ရာတွင် လယ်ယာမြေကို လှပ်ထားရန် အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်ပါက မြေတည်ရှိရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှတစ်ဆင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြရမည်။ ယင်းသို့ လှပ်ထားခြင်းသည်လည်း ရွှေ့ပြောင်းတောင်ယာမြေမှအပ နှစ်နှစ်ဆက်တိုက်ထက် မပိုစေရ။
(၉) လယ်ယာမြေ လုပ်ပိုင်ခွင့်မရမီကာလအတွင်း သို့မဟုတ် လယ်ယာမြေ လုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွားမှု ဖြစ်ပေါ်နေသော ကာလအတွင်း လယ်ယာမြေကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် ပေးကမ်းခြင်း မပြုရ။
(ပုဒ်မ ၁၂ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူလိုက်နာရမည့် စည်းကမ်းများ)
ဒီစည်းကမ်းတွေကို မလိုက်နာဘူး၊ ဖောက်ဖျက်တယ်ဆိုရင် ဘာဖြစ်မလဲ
စည်းကမ်းချက် အားလုံးကိုဖြစ်စေ၊ စည်းကမ်းချက် တစ်ရပ်ရပ်ကိုဖြစ်စေ၊ လိုက်နာရန် ပျက်ကွက်လျှင် သက်ဆိုင်ရာမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးပြီး အောက်ပါ အမိန့် တစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်သည်-
(၁) သတ်မှတ်သည့် ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊
(၂) သတ်မှတ်သည့် နည်းလမ်းအတိုင်း လယ်ယာမြေကို ဆောင်ရွက်စေခြင်း၊
(၃) လယ်ယာမြေပေါ်မှ နှင်ထုတ်ထိုက်သူများကို နှင်ထုတ်ခြင်း၊
(၄) လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသော အဆောက်အအုံများကို ဖယ်ရှားခြင်း။
(ပုဒ်မ ၁၉ အရ)


ဒီလို အမိန့်ပေးရင် ဘယ်နေ့ဘယ်ရက်အတွင်း ဘယ်လိုလုပ်ပါလို့ စာနဲ့ ထုတ်ပြန်ပေးမှာ။ ဒါကိုမှ ဆက်ပြီး မလိုက်နာဘူးဆိုရင်
အမိန့်ကို လိုက်နာခြင်းမရှိသော မည်သည့်လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူကိုမဆို ယင်းအမိန့်ပါ သတ်မှတ်ရက်ကျော်လွန်ပါက မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကသော်လည်းကောင်း၊ ယင်းအဖွဲ့က တာဝန်ပေးအပ်သော ပုဂ္ဂိုလ်ကသော်လည်းကောင်း သက်ဆိုင်ရာ တရားရုံးတွင် ဦးတိုက်လျှောက်ထား တရားစွဲဆိုနိုင်သည်။
(ပုဒ်မ ၂၀ (က) အရ)
ဒီလို တရားစွဲ ခံရပြီ ဆိုရင်တော့
မည်သူမဆို ပုဒ်မ ၁၉ အရ ချမှတ်သော အမိန့်ကိုဖြစ်စေ၊ ဤဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုတွင် ချမှတ်သောအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကိုဖြစ်စေ၊ လိုက်နာရန်ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး နှစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။(ပုဒ်မ ၃၅ အရ)


တစ်ကြိမ်တရားစွဲဆို ခံရဘူးတဲ့သူက နောက်တကြိမ် တရားစွဲဆိုခံရပြီ ဆိုရင်တော့
ပုဒ်မ ၁၉ အရ ချမှတ်သောအမိန့်ကို လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရသူသည် ယခင်က အလားတူပြစ်မှုဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံခဲ့ရလျှင် ထပ်မံကျူးလွန်သော ပြစ်မှုအတွက် ပုဒ်မ ၃၅ ပါအများဆုံး ထောင်ဒဏ် ချမှတ်ခြင်းခံရမည်။(ပုဒ်မ ၃၆ အရ)


အထက်မှာ တင်ပြခဲ့တာတွေက ပုံစံ ၇ ရှိတဲ့သူရဲ့ အခွင့်အရေးတွေ၊ စည်းကမ်းတွေ၊ စည်းကမ်းမလိုက်နာရင် အရေးယူခံရမှာတွေပဲ ဖြစ်ပါတယ်။ စည်းကမ်းမလိုက်နာခဲ့ရင်တောင် တရားစွဲခံရဖို့က နည်းတယ်လို့ ပြောလို့ရပါတယ်။ အမှုကရဲအရေး မပိုင်တဲ့ အမှုဖြစ်တာကတစ်ကြောင်း၊ ရပ်ကျေး မြို့နယ် လယ်စီတွေက တရားစွဲရမှာထက် အခြားသော နည်းမျိုးစုံနဲ့ ညှိပေး၊ ဖိအားပေး၊ ဥပဒေနဲ့ ခြောက်လှန့် လိုက်နာအောင် လုပ်ကြမှာပါ။ ဘာလို့ဆို ဘယ်သူကမှ အမုန်းခံ၊ ရုံးရောက် ဂတ်ရောက် အလုပ်အရှုပ် မခံချင်ကြလို့ပါ။ တော်တော်လေးကို စည်းကမ်း မလိုက်နာ ပြောမရ ဆိုမရ ပေကပ်နေပြီး မရတဲ့အဆုံးမှ အထက်အဆင့်ဆင့်ကလဲ စွဲခွင့်ပြုတော့မှ တရားစွဲကြမှာပါ။ ဒါသည်ပင် ပုံစံ ၇ ရှိသူအတွက် အခွင့်အရေးတစ်ရပ် ဖြစ်လာတယ် ပြောရမှာပါပဲ။
၂။ ပုံစံ ၇ မရှိသူအတွက်
လယ်ယာမြေမှာ လုပ်ပိုင်ခွင့် ပုံစံ ၇ မရှိပဲ စိုက်ပျိုးတယ်၊ အသုံးချနေတယ်၊ အိမ်ဆောက်နေတယ်၊ ဆိုင်ဆောက်ထားတယ်၊ အုတ်ဖုတ်တယ် စသည်ဖြင့် အခြားနည်း တမျိုးမျိုးအသုံးချနေတာမျိုးပါ။ ဆိုလိုတာက လယ်ယာမြေကို တနည်းနည်းနဲ့ အသုံးပြုနေတာမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။


ဒီနေရာမှာ ပုံစံ ၇ မရတဲ့ အကြောင်းအရင်းက သူကိုယ်တိုင် ပုံစံ ၇ မလျောက်ခဲ့တာကြောင့် မရခဲ့တာမျိုးလဲ ဖြစ်နိုင်တယ်၊ လျောက်ခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မရခဲ့တာလဲ ဖြစ်နိုင်တယ်၊ အခြားနည်း အသုံးပြုနေတာကြောင့် ပုံစံ ၇ ပေးမရလို့ မရခဲ့တာလည်း ဖြစ်နိုင်တယ်၊ သူအသုံးပြုနေတဲ့မြေက လယ်ယာမြေ အမျိုးအစား မဟုတ်လို့ မရခဲ့တာလဲ ဖြစ်နိုင်တယ် (လယ်ယာမြေ အမျိုးအစား မဟုတ်လို့ ပုံစံ ၇ မရခဲ့တာက လယ်ယာမြေဥပဒေနဲ့ မဆိုင်တော့ပါဘူး)။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆိုလိုရင်းကတော့ လယ်ယာမြေ အမျိုးအစားလဲ ဖြစ်ရမယ်၊ ပုံစံ ၇ မရှိတာလည်း ဖြစ်ရမယ်။


ဒီလို အခြေအနေမျိုးဆိုရင် လယ်ယာမြေကို လုပ်ပိုင်ခွင့်မရပဲ အသုံးပြုနေသူ၊ လယ်ယာမြေကို အခွင့်မရပဲ အသုံးချနေသူ ဖြစ်သွားပါပြီ။ ဒီလိုမျိုးဆိုရင်တော့ မည်သူမဆို လယ်ယာမြေ လုပ်ပိုင်ခွင့်မရရှိဘဲ လယ်ယာမြေကို ကျူးကျော်လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး နှစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ (ပုဒ်မ ၃၇ (က) အရ)


ဒီနေရာမှာ "မည်သူမဆို" ၊ "လယ်ယာမြေမှာ" ၊ "လုပ်ပိုင်ခွင့်မရပဲ" ၊ "ကျူးကျော်လုပ်ကိုင်ကြောင်း" ဆိုတဲ့ စကားလုံးတွေကို သတိပြုပါ။ ဘယ်သူပဲ ဖြစ်ဖြစ် လယ်ယာမြေ အမျိုးအစားမြေမှာ လုပ်ပိုင်ခွင့်မရပဲ ကျူးကျော်လုပ်ကိုင်ရင် အရေးယူခံရမယ်လို့ ဆိုလိုပါတယ်။ လုပ်ပိုင်ခွင့်ရဖို့ဆိုတာ လယ်ယာမြေဥပဒေအရ ပုံစံ ၇ လျောက်မှ လုပ်ပိုင်ခွင့်ရမှာပါ။ လုပ်ပိုင်ခွင့် ပုံစံ ၇ မရခဲ့ရင် တနည်း ပုံစံ ၇ မရှိခဲ့ရင် ကျူးကျော်သူ ဖြစ်သွားပါပြီ။ မြေအားလုံး၏ ပင်ရင်းပိုင်ရှင်သည် နိုင်ငံတော်ဖြစ်သည် ဆိုတဲ့ လယ်ယာမြေဥပဒေ ပုဒ်မ ၃ (စ) မှာပါတဲ့ စကားရပ်အရ နိုင်ငံပိုင်မြေမှာ ကျူးကျော်လုပ်ကိုင်သူ ဖြစ်သွားပါတယ်။ ဒီလို ကျူးကျော်လုပ်ကိုင်ရင် အရေးယူခံရတော့မှာပါ။ (ပုဒ်မ ၃၇ (က) အရ)


လယ်ယာမြေ ကျူးကျော်လုပ်ကိုင်သူဆိုရင် ချက်ချင်း အမှုဖွင့်အရေးယူနိုင်လောက်အောင် ပြဌာန်းထားတာက "ပုဒ်မ ၃၇ နှင့် ပုဒ်မ ၃၇-က တို့အရ တရားစွဲဆိုသော ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်" လို့ ဖော်ပြထားပါတယ်။ (ပုဒ်မ ၄၀ အရ)


ဒီနေရာမှာ ရဲအရေးပိုင်တယ်ဆိုတာလေးကို အနည်းငယ် တင်ပြချင်ပါတယ်။ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၅၄ ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုတစ်ရပ် ကျူးလွန်ခြင်းနှင့် စပ်လျဉ်းသည့် သတင်းပေးချက်တိုင်းကို ပြည်သူ့ရဲတပ်ဖွဲ့ စခန်းမှူးတစ်ဦးထံ နှုတ်ဖြင့်ပေးခဲ့လျှင် ထိုအရာရှိကိုယ်တိုင်ဖြစ်စေ၊ ၎င်း၏ ညွှန်ကြားချက်အရဖြစ်စေ စာဖြင့်ရေးမှတ်ရမည့်အပြင် သတင်းပေးသူအား ပြန်ဖတ်ပြရမည်။ ထို့ပြင် စာဖြင့်ရေးသားပေးသည်ဖြစ်စေ၊ အထက်တွင်ဆိုခဲ့သည့်အတိုင်း စာဖြင့်ရေးမှတ်ယူရသည်ဖြစ်စေ အဆိုပါ သတင်းပေးချက်တိုင်းတွင် သတင်းပေးသူက လက်မှတ်ရေးထိုးရမည်။ အမှုလာတိုင်ရင် ဖွင့်ကိုဖွင့်ရမှာပါ။

 


တိုင်ချက်နဲ့ပတ်သက်ပြီး ရဲလက်စွဲ အပိုဒ် ၁၄၁၄ မှာ ရဲအရာရှိပိုင်သော အမှုဖြစ်ပွားကြောင်း သတင်းရရှိသည့်အခါ နှောင့်နှေးခြင်းမရှိဘဲ တိုင်ချက်ဖွင့်ပေးရန် အရေးကြီးသည်။ ရရှိသော သတင်းပေးချက်သည် အမှုအကြောင်းကို ကိုယ်တိုင်တစ်စုံတစ်ရာ မသိသူကပေးသော တစ်ဆင့်ကြားသတင်းဖြစ်စေ၊ အမှုအကြောင်း အနည်းငယ်မျှသာ သိသောသူ၏ သတင်းဖြစ်စေ၊ အမှုအကြောင်း အပြည့်အစုံသိသူ၏ သတင်းဖြစ်စေ မည်သည့် သတင်းမျိုးကိုမဆို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေတွင် ပြဋ္ဌာန်းချက်များအရ ချက်ချင်းတိုင်ချက်ဖွင့်ပေးရမည်။


ရဲအရေးယူပိုင်သည့် ပြစ်မှုကျူးလွန်ကြောင်း ပထမသတင်းပေးတိုင်ချက်ကို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ စကားပြောကြေးနန်းဖြင့်ဖြစ်စေ၊ ကြိုးမဲ့ကြေးနန်းဖြင့်ဖြစ်စေ ပေးပါလျက် လက်ခံရေးမှတ်ယူခြင်းမပြုခဲ့သော် သို့မဟုတ် သတင်းပေး တိုင်ကြားသည့်အတိုင်း မဟုတ်ဘဲ တိုင်ကြားသူကိုဖြစ်စေ၊ စွပ်စွဲခံရသူကိုဖြစ်စေ၊ အကျိုးယုတ်လျော့စေရန် သို့မဟုတ် အကျိုးရှိစေရန်အကြံဖြင့် ပြုပြင်ပြောင်းလဲရေးမှတ်ယူခဲ့သော် သို့မဟုတ် အမှုထိမ်ဝှက်ရန်အကြံဖြင့် ပထမ သတင်းပေးတိုင်ချက်စာအုပ်မှ သတင်းပေးချက်ကို ဆုတ်ပစ်ဖျောက်ဖျက်ခဲ့သော် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရဖြစ်စေ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၇၇ နှင့် ၂၁၈ တို့အရဖြစ်စေ အရေးယူခြင်းခံရမည့်အပြင် အမြဲတမ်း ထုတ်ပယ်ခြင်းခံရမည်လို့ ဆိုပါတယ်။ ဒီရဲလက်စွဲအပိုဒ်အရ ကာယကံရှင်က တိုင်သည်ဖြစ်စေ၊ အခြားသူက တိုင်သည်ဖြစ်စေ၊ အပြည့်အစုံမသိသူက တိုင်သည်ဖြစ်စေ ချက်ချင်းတိုင်ချက်ဖွင့်ပေးရမှာ ဖြစ်ပါတယ်။


ဒါကြောင့် ပုံစံ ၇ မရှိသူ၊ တနည်းအားဖြင့်လယ်ယာမြေ လုပ်ပိုင်ခွင့်မရှိသူ တွေဟာ နိုင်ငံပိုင် လယ်ယာမြေမှာ ကျူးကျော်လုပ်ကိုင်သူတွေ ဖြစ်ပြီး ဒီဥပဒအရ ပြစ်မှုကျူးလွန်သူများဖြစ်ကာ ရဲအရေးယူပိုင်ခွင့် ရှိတဲ့ ပြစ်မှုဖြစ်တဲ့အတွက် ရဲစခန်းကို ဘယ်သူကဖြစ်ဖြစ် တိုင်လိုက်တာနဲ့ အမှုဖွင့်ခံရတော့မယ်။ ရဲကလည်း အမှုဖွင့်ပေးရတော့မယ် မဖွင့်ရင် ရဲကိုယ်တိုင် အရေးယူခံရနိုင်တယ်။ ဒါကြောင့် လယ်ယာမြေမှာ ကျူးကျော်လုပ်ကိုင်နေတာ၊ အခြားနည်း သုံးနေတာနဲ့တင် ချက်ချင်း အမှုဖွင့်အရေးယူခံရမှာ ဖြစ်ပါတယ်။


ဒီနေရာမှာ တစ်ခု သတိပြုမိတာက အကြောင်းအမျိုးမျိုးကြောင့် လယ်ယာမြေကို လုပ်ပိုင်ခွင့် ပုံစံ ၇ မရခဲ့တာမျိုး ရှိနိုင်တဲ့အတွက် လယ်ယာမြေ ကျူးကျော် လုပ်ကိုင်နေသူတိုင်းကို ချက်ချင်းအမှုဖွင့် တရားစွဲမယ်လို့တော့ မထင်ပါဘူး။ လယ်ယာမြေ ဥပဒေ ပုဒ်မ ၁၃ မှာ လယ်ယာမြေနှင့်စပ်လျဉ်း၍ သက်ဆိုင်သူ မည်သူမဆို သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်က ဥပဒေနှင့်အညီ ချမှတ်ထားသော အမိန့်ကို လိုက်နာရမည်လို့ ဆိုထားတဲ့အတွက် လယ်ယာမြေမှာ ကျူးကျော်လုပ်ကိုင်နေသူတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ ပြောမယ်၊ စာထုတ်မယ်လို့ယူဆပါတယ်။ ဒီပုဒ်မ ၁၃ က ပုံစံ ၇ ရှိသူရော မရှိသူပါ လယ်ယာမြေနဲ့ သက်ဆိုင်သူအားလုံးကို ဥပဒေနဲ့အညီ ဆောင်ရွက်စေအောင် လယ်စီအဖွဲ့တွေကို တာဝန်ပေးထားတာ ဖြစ်ပါတယ်။


ပုံစံ ၇ မရှိသူကို ပုံစံ ၇ လျောက်ထားဖို့၊ အခြားနည်းသုံးနေရင်လည်း မသုံးဖို့၊ အခြားနည်း သုံးပြီးနေရင်လည်း လယ်ယာမြေအဖြစ် ပြန်သုံးဖို့ သို့မဟုတ် အခြားနည်းအသုံးပြုခွင့် လျောက်ထားစေဖို့ စသည်ဖြင့် လယ်စီအဖွဲ့က ကာယကံရှင်ကို ဥပဒေနဲ့အညီ ဆောင်ရွက်အောင် ပုဒ်မ ၁၃ အရ အမိန့်ပေးတော့မှာပါ။ ဒီလို အမိန့်ပေးလို့မှ ကာယကံရှင်က မလိုက်နာဘူးဆိုရင်တော့ ပုဒ်မ ၁၃ အရ ချမှတ်သည့်အမိန့်ကို လိုက်နာခြင်းမရှိသော မည်သူမဆို ယင်းအမိန့်ပါ သတ်မှတ်ရက်ကျော်လွန်ပါက သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကသော်လည်းကောင်း၊ ယင်းအဖွဲ့က တာဝန်ပေးအပ်သော ပုဂ္ဂိုလ်ကသော်လည်းကောင်း သက်ဆိုင်ရာတရားရုံးတွင် ဦးတိုက်လျှောက်ထား တရားစွဲဆိုနိုင်သည်လို့ ဆိုတဲ့အတွက်၊ ရဲအရေးပိုင်တဲ့ အမှုလည်းဖြစ်နေတဲ့အတွက် အမှုဖွင့်ခြင်း၊ တရားစွဲဆိုခြင်းများကို ပုဒ်မ ၃၇ (က) အရ အထက်မှာ တင်ပြခဲ့သလို အရေးယူဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။


ဒါကြောင့် လယ်ယာမြေကို လုပ်ကိုင်အသုံးပြုနေရင် နိုင်ငံ​ပိုင်မြေကို အသုံးပြုနေတာ ဖြစ်တဲ့အတွက် လုပ်ပိုင်ခွင့်လျောက်ထားရယူပြီး လုပ်ပိုင်ခွင့်ပုံစံ ၇ နဲ့သာ သတ်မှတ်စည်းကမ်းများအတိုင်း လုပ်ကိုင်အသုံးပြုဖို့လိုပါတယ်။ ဒါမှသာ ဥပ​ဒေက ပေးထားသော အခွင့်အရေးများကို အပြည့်အဝ စိတ်ချလက်ချ ခံစားနိုင်ကြမှာ ဖြစ်ပါတယ်။ ပုံစံ ၇ ရှိနေရင်တောင် ဥပဒေပါ သတ်မှတ်စည်းကမ်းများကို လိုက်နာရမှာဖြစ်ပြီး မလိုက်နာခဲ့ရင် အရေးယူခံရမှာ ဖြစ်ပါတယ်။ ပုံစံ ၇ မရှိသူအတွက်ကတော့ ဆိုဖွယ်ရာ မရှိပြောရမှာပါပဲ။ လယ်ယာမြေ လုပ်ပိုင်ခွင့်မရှိသူ တနည်းအားဖြင့် ပုံစံ ၇ မရှိသူများကတော့ လယ်ယာမြေကို မည်သည့်နည်းဖြင့် အသုံးပြုသည်ဖြစ်စေ ဥပ​ဒေနှင့် မညီသည့်အတွက် အရေးယူခံရမည်မှာ သေချာနေပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။


Credit : မျိုးမင်းထွန်း

Related Posts