Myanmar House Logo

Myanmar House

Real Estate in Myanmar

စွဲချက်နှင့်ပတ်သက်သောပြင်ဆင်မှုများအကြောင်း

December 14, 2022 546 views
စွဲချက်နှင့်ပတ်သက်သောပြင်ဆင်မှုများအကြောင်း

စွဲချက်နှင့်ပတ်သက်သောပြင်ဆင်မှုများအကြောင်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

စွဲချက်များနှင့် စပ်လျဉ်း၍ ပြင်ဆင်မှုအမျိုးအစား (၄)မျိုးရှိသည်။၎င်းတို့မှာ-

(၁) စွဲချက်မတင်မီလွှတ်မိန့်(တရားရှင်လွှတ်မိန့်)အပေါ်ပြင်ဆင်မှုတက်ခြင်း။
(၂) စွဲချက်ကိုပယ်ဖျက်ပေးရန် ပြင်ဆင်မှုတက်ခြင်း။
(၃) စွဲချက်ကိုပြောင်းလဲပေးရန် ပြင်ဆင်မှုတက်ခြင်း နှင့်
(၄)စွဲချက်များထပ်မံဖြည့်သွင်းပေးရန် ပြင်ဆင်မှု တက်ခြင်းတို့ဖြစ်သည်။

(၁) စွဲချက်မတင်မီလွှတ်မိန့်(တရားရှင်လွှတ်မိန့်)
••••••••••••••••••••••••••••••••••••••••••••••••••••••••••
အပေါ်ပြင်ဆင်မှုတက်ခြင်းအကြောင်း
••••••••••••••••••••••••••••••••••••••••••••••

စွဲချက်မတင်မီ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၀၉၊ ပုဒ်မ ၂၅၃ ၊ ပုဒ်မ ၂၅၉ နှင့် ပုဒ်မ ၄၉၄ (က) အရ   စွဲချက်မတင်မီလွှတ်ခြင်း  (တရားရှင်လွှတ်ခြင်း) အတွက် တရားလိုဘက်မှ တရားရှင်လွှတ်သည့် အမိန့်ကို သင့်လျော်သောပုဒ်မဖြင့် စွဲချက်တင်ပေးရန် သို့မဟုတ် ကြီးလေးသောပြစ်မှု၊ပုဒ်မသို့ ပြောင်းလဲ စွဲချက်တင်ပေးရန် ပြင်ဆင်မှု တက်နိုင်သည်။၎င်းပုဒ်မများသည် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ၄၃၆ ခြွင်းချက်များနှင့် သက်ဆိုင်သော်လည်း ပုဒ်မ ၂၀၃ နှင့် ၂၀၄(၃) တို့အရ တိုင်တန်းချက်ကို ပလပ်သည့် အမိန့်များနှင့်မူ သက်ဆိုင်ခြင်းမရှိပါ။

ပြင်ဆင်မှုများကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၃၅ အရပြုလုပ်ရပြီး စုံစမ်းစစ်ဆေးရန် အမိန့်ချမှတ်နိုင်သော အာဏာနှင့် လွှဲအပ်တင်ပို့စေရန် အမိန့်ချမှတ်နိုင်ခွင့် အာဏာများကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၃၆၊၄၃၇ တို့တွင်ပြဋ္ဌာန်းထားချက်များအရ ဆောင်ရွက်ရသည်။

ကျင့်ထုံးပုဒ်မ ၄၃၆ အရ စုံစမ်းစစ်ဆေးရန် အမိန့်ချမှတ်နိုင်ခွင့်ရှိသော  ပြင်ဆင်မှုအာဏာရသည့် တရားရုံးများမှာ-

(က) ပြည်ထောင်စုတရားလွှတ်တော်ချုပ်
( ခ ) တိုင်းဒေသကြီး (သို့) ပြည်နယ်တရားလွှတ်တော်များ။

(ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊တိုင်းဒေသကြီး သို့ ပြည်နယ်တရားလွတ်တော်တို့သည် ခရိုင်တရားရုံးကိုယ်တိုင် နှင့် ခရိုင်တရားရုံ၏ လက်အောက်ရှိ တရားရှိ ရာဇဝတ်တရားသူကြီး တစ်ဦးဦးက ထပ်မံစုံစမ်းစစ်ဆေးရန် ညွှန်ကြားနိုင်သည်။)

( ဂ ) ခရိုင်တရားရုံး တို့ဖြစ်ကြပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးတို့ မပါဝင်ချေ။

(ခရိုင်တရားရုံးသည် ကိုယ်တိုင်သော်လည်းကောင်း၊လက်အောက်ရှိ ရာဇဝတ်တရားသူကြီး တစ်ဦးဦးကိုသော်လည်းကောင်း ထပ်မံစုံစမ်းစစ်ဆေးရန် ညွှန်ကြားနိုင်သည်။)

ပြည်နယ်နှင့် တိုင်းဒေသကြီးတရားလွှတ်တော်များ ၊ ခရိုင်တရားရုံးများသည် အောက်တရားရုံးများ၏ အမှုတွင် ဆောင်ရွက်ချက်များ မမှားယွင်းစေရန် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၃၅ အရ ပြင်ဆင်မှုဖွင့်၍ဆောင်ရွက်နိုင်ပြီး ကျင့်ထုံးပုဒ်မ ၂၀၃ အရ တိုက်ရိုက်လျှောက်လွှာကိုပယ်ကြောင်း ချမှတ်သည့် အမိန့်နှင့် စပ်လျဉ်း၍ ဖြစ်စေ၊စွဲချက်မတင်ဘဲ လွှတ်သည့်အမိန့်နှင့် စပ်လျဉ်း၍ ဖြစ်စေ အမှုကို ဆက်လက်စစ်ဆေးရန် ညွှန်ကြားသည့်အမိန့်ကို ကျင့်ထုံးပုဒ်မ ၄၃၆ အရ အမိန့်ချမှတ်နိုင်သည် ။ထိုသို့အမိန့်ချမှတ်ရာတွင် တရားခံအပေါ် မည်သည့်ဥပဒေ၊မည်သည့်ပုဒ်မအရ စွဲချက်တင်ရမည်ဖြစ်ကြောင်း အမိန့်ချမှတ်နိုင်ခြင်းကိုမူ မပြုလုပ်နိုင်ပေ။

၎င်းအပြင် ကျင့်ထုံးပုဒ်မ ၄၃၆ အာဏာဖြင့် ဝင်ရောက် စွက်ဖက်နိုင်သော အမိန့် (၃)မျိုးရှိသည်။၎င်းတို့မှာ-

(၁) ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၂၀၃ အရ တိုင်တန်းချက်ကို ပလပ်သောအမိန့်။
(၂) ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၂၀၄(၃)အရ တိုင်တန်းချက်ကို ပလပ်သောအမိန့် နှင့်
(၃) စွဲချက်မတင်မီလွှတ်သောအမိန့် တို့ဖြစ်သည်။

ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၃၆ အရ အမှုကို ဆက်လက်စုံစမ်းစစ်ဆေးရန် ဟူ၍သာ အမိန့်ချနိုင်ကြောင်း ၁၉၈၃၊မတစ ၊စာ -၈၂ ဦးခင်မောင် ပါ ၃ နှင့် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်ပါ ၂ အမှုတွင် ညွှန်ပြထားသည်။

ကျင့်ထုံးပုဒ်မ ၄၃၆ အရ ခရိုင်တရားသူကြီးသည် တရားရှင်လွှတ်သည့်အမိန့်ကို ပယ်ဖျက်၍ ထပ်မံစစ်ဆေးပေးရန်အမိန့်ချလိုမူ ထိုအမိန့်မချမီ တရားရှင်လွှတ်ခံရသူအား အကြောင်းကြားခြင်းပြုရမည်။သက်ဆိုင်သူကို အကြောင်းမကြားဘဲ ချမှတ်သည့်အမိန့်မှာ တရားမဝင်သည့်အမိန့်သာ ဖြစ်သည်။

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၃၆ ခြွင်းချက်၏ လိုအပ်ချက်များမှာ မပြုလုပ်လျှင် မနေရသည့် သဘော သက်ရောက်ပြီး လိုက်နာခြင်းမပြုမူ ပုဒ်မ ၅၃၇ နှင့်ပင် ကုစား၍ မရနိုင်ဟု ၁၉၆၄၊မတစ၊ရုံးချုပ်၊စာ ၂၁၉ မောင်အောင်မောင်းနှင့် ပြည်ထောင်စုမြန်မာနိုင်ငံအမှုတွင် ညွှန်ပြထားသည်။

တရားရှင်လွှတ်မိန့်ကို ပယ်ဖျက်ပြီး ထပ်မံ စုံစမ်းစစ်ဆေးရန် အမိန့်ချသည့်အချက်တွင် တရားရှင် လွှတ်ခဲ့သည့်အဆင့်မှ စ၍ ဆက်လက်ဆောင်ရွက်ရန်ဖြစ်သည်။ထပ်မံစုံစမ်းစစ်ဆေးခြင်း ဆိုရာ၌ သက်သေများကို စစ်ဆေးခြင်းသာ ဆိုလိုသည်မဟုတ် ၊ သက်သေခံချက်များကို ပြန်လည်သုံးသပ်ခြင်းလည်း ဆိုလိုသည်။

အကယ်၍ ထိုသို့ထပ်မံစုံစမ်းစစ်ဆေးရာတွင် စွဲချကိတင်သင့်သည်ဟု ထင်မြင်လျှင် စွဲချက်တင်နိုင်ပြီး စွဲချက်တင်ရန် မရှိကြောင်း တွေ့မြင်ရလျှင် တရားခံအား တရားရှင်လွှတ်နိုင်သည်။

ကျင့်ထုံးပုဒ်မ ၄၃၇ အရ လွှဲအပ်တင်ပို့စေရန် အမိန့်ချမှတ်နိုင်ခွင့်အာဏာကို ၂၀၁၆ ခုနှစ် ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေအရ အာဏာရသည့် တရားသူကြီးမှာ ခရိုင်တရားသူကြီး ဖြစ်ပါသည်။ခရိုင်တရားသူကြီးသည် ကျင့်ထုံးပုဒ်မ ၄၃၇ အရ အောက်ပါလုပ်ပိုင်ခွင့်အာဏာ (၂) ရပ်ရှိသည်။၎င်းတို့မှာ-

(၁) စစ်ဆေးစီရင်ရန်အလို့ငှါ တရားခံကို လွှဲအပ်တင်ပို့စေရန် အမိန့်ချမှတ်နိုင်သည်။ 
(၂) လက်အောက်ခံတရားရုံးကို စုံစမ်းစစ်ဆေးရန် ညွှန်ကြားနိုင်သည်။

(၂) စွဲချက်ကိုပယ်ဖျက်ပေးရန် ပြင်ဆင်မှုတက်ခြင်း။
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

တရားခံဘက်မှ စွဲချက်တင်သည့်အမိန့်ကို ပယ်ဖျက်ပေးရန် သို့မဟုတ် ငယ်သောပြစ်မှု၊ပုဒ်မသို့ ပြောင်းလဲစွဲချက်တင်ပေးရန် ပြင်ဆင်မှု တက်နိုင်သည်။

စွဲချက်ပယ်ဖျက်ပေးစေလိုမှုအား ပြင်ဆင်မှုတက်ရောက်ရာတွင် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၃၉ (၁) အရ ခရိုင်တရားရုံး၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသတရားရုံး၊ တိုင်းဒေသြက်ီး /ပြည်နယ်တရားလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်တို့တွင် တင်သွင်းရသည်။

ပုဒ်မ ၄၃၉ အရ ပြင်ဆင်မှုတရားရုံးသည် အောက်ပါ အယူခံရုံး၏ အခွင့်အာဏာများကို ရရှိပါသည်။၎င်းတို့မှာ-
(၁) အမှုတွဲတောင်းခေါ်ခြင်း၊ကြားနာခြင်း၊အမှုကိုပလပ်ခြင်း သို့မဟုတ် ဝင်ရောက်စွက်ဖက်ခြင်း အစရှိသည့် အယူခံတရားရုံးက အယူခံမှုစီရင်ရာ၌ ရရှိသည့်အာဏာများ၊
(၂) ပြစ်ဒဏ်ကို ဆိုင်းငံ့ထားခြင်း နှင့် အာမခံနှင့် အချုပ်မှလွှတ်ထားခြင်း ၊
(၃) တရားခံကို ဝရမ်းထုတ်၍ ဖမ်းဆီးခြင်း၊
(၄) နောက်ထပ်သက်သေခံချက်များကို ရယူခြင်း သို့မဟုတ် ရယူစေရန်ညွှန်ကြားခြင်း ....အပြင်
(၅) ပြစ်ဒဏ်တိုးမြှင့်ခြင်း အာဏာကို လည်း ထပ်ဆောင်းရရှိပါသည်။

မူလတရားရုံးက သက်သေခံအထောက်အထား အလိုအလျောက်မရှိဘဲ စွဲချက်တင်ထားသည့်အခါ ကျင့်ထုံးပုဒ်မ ၄၂၃(၁)(ဂ)နှင့် ၄၃၉ အရ စွဲချက်ကို ချေဖျက်ခြင်း ပြုနိုင်ကြောင်း ၁၉၉၂၊မတစ ၊စာ-၉၅ ဦးအပ္ပလယ်ကွန်တာနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါ ၃ အမှုတွင် လမ်းညွှန်ထားသည်။

သမ္မာန်မှုကို ဝရမ်းမှုစစ်ဆေးနည်းဖြင့် စစ်ဆေးရုံမျှဖြင့် သမ္မာန်မှုသည် ဝရမ်းမှုဖြစ်မလာနိုင်ပေ။ထို့ကြောင့် သမ္မာန်မှုကို ဝရမ်းမှုစစ်ဆေးနည်းဖြင့် စစ်ဆေး၍ စွဲချက်တင်ခဲ့လျှင် ထိုစွဲချက်ကို ပယ်ဖျက်ပေးရန်လျှောက်ထားခွင့်မရှိပါ။

သမ္မာန်မှုတွင် စွဲချက်ကို ပယ်ဖျက်၍ တရားခံကို တရားရှင်လွှတ်၍မရပေရာ တရားခံဘက်ကို ဆက်လက်စစ်ဆေးပြီးသည့် အခါတွင် တရားခံ၏ အပြုအမူမှာ ပြစ်မှုမြောက်ခြင်း မရှိသော် ၎င်းအားအမှုမှ အပြီးအပြတ်လွှတ်ရန်သာ ဖြစ်ပေသည်ဟု ၁၉၉၈ ၊မတစ၊ စာ- ၅၅ ဦးဉာဏ်ဝင်း နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါ ၂ အမှုတွင်ညွှန်ပြထားသည်။

စစ်ဆေးဆဲအမှုတွင် စွဲချက်တင်ထားခြင်းကို ပယ်ဖျက်ပေးရန် လျှောက်ထားသောအမှုမျိုးတွင် အဓိက ဆင်ခြင်သုံးသပ်ရန်မှာ အမှုတွင်ပေါ်လွင်သည့် သက်သေခံချက်များသည် စွဲချက်တင်ထားသည့် ပြစ်မှုပုဒ်မ၏ လိုအပ်ချက်များနှင့် ပြည့်စုံခြင်းရှိ/မရှိ ပင်ဖြစ်သည်။စွပ်စွဲခံရသူအပေါ် ငြိစွန်းချက်များရှိ၍ ဖြေရှင်းရန် အချက်များ ပေါ်လွင်နေလျှင် စွဲချက်တင်၍ ၎င်းအား ဖြေရှင်းစေရမည်သာ ဖြစ်သည်။

(၃) စွဲချက်ကိုပြောင်းလဲပေးရန် ပြင်ဆင်မှုတက်ခြင်း
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

တရားခံအပေါ် မူလတရားရုံးက တင်ထားသည့် စွဲချက်အစား အခြားစွဲချက်တစ်ရပ်ရပ်အရ ပြောင်းလဲတင်ပေးရန် သို့မဟုတ် စွဲချက် ပယ်ဖျက်ပေးရန် လျှောက်ထားသည့် ပြင်ဆင်မှုအား ကျင့်ထုံးပုဒ်မ ၄၃၉ အရ ဆောင်ရွက်ရသည်။

ထိုအမှုများတွင် အမှု၌ ပေါ်ပေါက်သည့် သက်သေခံချက်များအရ တရားခံအပေါ် တင်ထားသည့် စွဲချက်မှာ မှားယွင်းကြောင်း တွေ့ရှိရလျှင် မည်သည့်ဥပဒေ၊ မည်သည့်ပုဒ်မအရ ပြောင်းလဲ၍ စွဲချက်တင်ရန် ညွှန်ကြားထားသည်။

အယူခံမှုတွင် မူလရုံးအမိန့်ကို ပြောင်းလဲနိုင်သည့် အပြင် ပယ်ဖျက်နိုင်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားရာ ကျင့်ထုံးပုဒ်မ ၄၂၃( ၁)(ဂ) ပါ အယူခံရုံး၏ စီရင်ပိုင်ခွင့်ကို ပြင်ဆင်ရုံးက ကျင့်ထုံးပုဒ်မ ၄၃၉(၁) အရ ရရှိသဖြင့် စွဲချက်တင်သင့်သည်ဟု ယူဆသော ဥပဒေပုဒ်မကို တိတိကျကျဖော်ပြ၍ အမိန့်ချမှတ်နိုင်ပေသည်။

မူလတရားရုံးသည် စီရင်ချက်မချမီ စွဲချက်ကို ကျင့်ထုံးပုဒ်မ ၂၂၇ အရ လိုအပ်သလို ပြင်ဆင်နိုင်သည်ဖြစ်၍ တရားခံအပေါ်တင်ထားသော စွဲချက်မှာ တရားခံဘက်ကိုဖြစ်စေ၊တရားလိုဘက်ကို ဖြစ်စေ အလွန်အမင်းနစ်နာစေမည် ဖြစ်ကြောင်း ပေါ်ပေါက်သည့် အမှုမျိုးတွင်သာ ပြင်ဆင်မှု တရားရုံးက စွဲချက်ကိုပြောင်းလဲပေးလိမ့်မည်ဖြစ်သည်။

(၄)စွဲချက်များထပ်မံဖြည့်သွင်းပေးရန် ပြင်ဆင်မှု 
•••••••••••••••••••••••••••••••••••••••••••••••••••••••••
တက်ခြင်း
•••••••••••

တရားရုံးတစ်ရုံးသည် စီရင်ချက်မချမီ မည်သည့်အချိန်တွင်မဆို စွဲချက်တစ်ခုသို့ ကျင့်ထုံးပုဒ်မ ၂၂၇ အရ ပြောင်းလဲနိုင်သည် သို့မဟုတ် ဖြည့်သွင်းနိုင်သည်။ယင်းသို့ ပြောင်းလဲ သို့မဟုတ် ဖြည့်သွင်းထားသည့် စွဲချက်တစ်ရပ်ရပ်ကို တရားခံအား ဖတ်ပြောရမည့်အပြင် ရှင်းလင်းပြရကြောင်း ပြဋ္ဌာန်းထားသည်။ထိုပုဒ်မအရ စွဲချက်တင်ပြီးနောက် စီရင်ချက်မချမီ စွဲချက်ပြင်ဆင်ပေးသည့်အမိန့် သို့မဟုတ် ပြင်ဆင်မပေးသည့်အမိန့်အပေါ် ပြင်ဆင်မှုတက်ရောက်နိုင်ပြီး ကျင့်ထုံးပုဒ်မ ၄၃၉ အရ ဆောင်ရွက်ရသည်။

ထိုသို့ စွဲချက်ကို ပြောင်းလဲခြင်း သို့မဟုတ် ထပ်မံဖြည့်သွင်းခြင်း ပြုသည့်အခါတိုင်း ရုံးတော်သည် မိမိသဘောအတိုင်း စွဲချက်အသစ် သို့မဟုတ် ပြောင်းလဲထားသော စွဲချက်ကို မူလစွဲချက်ကဲ့သို့ သတ်မှတ်၍ အမှုကို ဆက်လက်ဆောင်ရွက်နိုင်သည်။သို့မဟုတ် တရားမျှတမှုကို ရှေ့ရှူ၍ လိုအပ်သည်ဟု ထင်မြင်သည့် ကာလအတွက် အမှုကို ရွှေ့ဆိုင်းနိုင်သည် သို့မဟုတ် အသစ်ပြန် စစ်ဆေးရန် ကျင့်ထုံးပုဒ်မ ၂၂၈ အရ ညွှန်ကြားနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

တရားရုံးက အမှုကိုဆက်လက်စစ်ဆေးလျှင်  သို့မဟုတ် ထပ်မံရက်ရွှေ့ဆိုင်းလျှင် တရားလိုနှင့် တရားခံတို့ကို ထိုပြောင်းလဲပြင်ဆင်သည့် သို့မဟုတ် ထပ်မံထည့်သွင်းသည့် စွဲချက်နှင့် စပ်လျဉ်း၍ စစ်ဆေးခဲ့သော မည်သည့် သက်သေကိုမဆို ထပ်မံခေါ်ယူ စစ်ဆေးခွင့် ပေးရသည်။ထို့ပြင် အရေးပါသည်ဟု တရားရုံးက ထင်မြင်သည့် နောက်ထပ်မည်သည့် သက်သေကိုမဆို ခေါ်ယူစစ်ဆေးနိုင်ရန်အတွက် တရားလိုနှင့်တရားခံဘက်တို့အား ခွင့်ပြုရသည်။

ကျင့်ထုံးပုဒ်မ ၂၂၇ နှင့် ၂၂၈ ပါ ပြဋ္ဌာန်းချက်များကို လိုက်နာရန် ပျက်ကွက်ခြင်းမှာ တရားခံကို ထိခိုက်နစ်နာစေခြင်း သို့မဟုတ် တရားဥပဒေအား တိမ်းစောင်းစေခြင်း မဖြစ်စေလျှင် စွဲချက်တင်ရာ၌ ချွတ်ယွင်းချက် သို့မဟုတ် မှားယွင်းချက်များဖြစ်သဖြင့် ကျင့်ထုံးပုဒ်မ ၅၃၇ အရ ကုစားနိုင်သည်ဟု ၁၉၅၆ မတစ၊လွှတ်တော် ၊ စာ ၅၄၁ တွင် လမ်းညွှန်ထားပါကြောင်း ဖတ်ရှူ့မိသမျှ ပြန်လည်မျှဝေလိုက်ပါသည်။

(စွဲချက်နှင့်ပတ်သက်သောပြင်ဆင်မှုများအကြောင်းမှတ်စု)
2.6.2019(SUNDAY )(1:00Am)

Crd-
Daw Tinmoe Khaing(Pyay)

Related Posts