Myanmar House Logo

Myanmar House

Real Estate in Myanmar

ထိုင်းထီနှင့်_လောင်းကစားဥပဒေ

December 20, 2022 458 views
ထိုင်းထီနှင့်_လောင်းကစားဥပဒေ

ထိုင်းထီနှင့်_လောင်းကစားဥပဒေ
======================

မြန်မာနိုင်ငံအတွင်းတွင် ထိုင်းနိုင်ငံထုတ်ထီများကို ရောင်းချကြသည်ကို FB ပေါ်တွင် မကြာခဏ တွေ့လာရပါသည်။ မကြာသေးမီကလည်း မွန်ပြည်နယ်ဘက်မှ လူတစ်ဦး ထိုင်းထီဆုကြီးပေါက်သည်ဟု တွေ့လိုက်ရပါသည်။ ထိုသို့ ထိုင်းထီများ မြန်မာနိုင်ငံအတွင်း ရောင်းချခြင်း၊ ထီထိုးခြင်းများသည် လောင်းကစားဥပဒေနှင့် ညိစွန်းမှု ရှိ မရှိ လေ့လာကြည့်ခြင်း ဖြစ်ပါသည်။

ထိုင်းထီထိုးခြင်းသည် ထိုင်းနိုင်ငံထုတ်ထီလက်မှတ်များကို ဝယ်ယူပြီး ထီပေါက် မပေါက် ကံစမ်းကစားခြင်း ဖြစ်သည်။ ထီပေါက်လျှင် ငွေကြေးအမြောက်အများရရှိမည်ဖြစ်ပြီး၊ ထီမပေါက်လျှင် ထီလက်မှတ်ဝယ်ယူခဲ့သည့် ငွေကြေးဆုံးရှုံးမည်ဖြစ်သည်။

လောင်းကစားဥပဒေ ပုဒ်မ ၂(က) တွင် -

“လောင်းကစားခြင်း ဆိုသည်မှာ ကံစမ်းကစားခြင်း၊ ကျွမ်း ကျင်မှုကစားခြင်းတစ်ခုခုတွင် အကောက်အစားယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ ငွေကြေးအတွက်လည်းကောင်း၊ ငွေ ကြေးကဲ့သို့ တန်ဖိုးရှိသော သို့မဟုတ် ငွေကြေးတန်ဖိုးအဖြစ် လွှဲပြောင်းသတ်မှတ်ရန် သဘောတူပြီးဖြစ်သော ပစ္စည်းတစ်စုံ တစ်ရာအတွက်လည်းကောင်း လောင်းကစားပြုခြင်းကို ဆို သည်။” ဟု ပြဌာန်းထားသည်။

ထို့ကြောင့် ထိုင်းထီထိုးခြင်းသည် ကံစမ်းကစားခြင်းဖြစ်သဖြင့် လောင်းကစားဥပဒေ ပုဒ်မ ၂(က) တွင် ပြဌာန်းထားသည့် လောင်းကစားခြင်း အဓိပ္ပါယ်အတွင်း အကျုံးဝင်နေပါသည်။

ထိုင်းထီလက်မှတ်မှာ လောင်းကစားဥပဒေ ပုဒ်မ ၂(ဃ) တွင် ပြဌာန်းချက်ထားသည့် လောင်းကစားကိရိယာ ဖြစ်ပါသည်။

ထီဆိုသည်ကို လောင်းကစားဥပဒေ ပုဒ်မ ၂(ည) တွင် -

“ထီ ဆိုသည်မှာ ပြည်ထောင်စုအစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော အောင်ဘာလေထီကို ဆိုသည်။”ဟု ပြဌာန်းထားသည်။

၎င်း “ထီကို ပြည်ထောင်စုအစိုးရအဖွဲ့က တာဝန်ပေးအပ်သည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနကသာ လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည်။” ဟု ပုဒ်မ ၂၂ တွင် ပြဌာန်းထားသည်။

ထို့ကြောင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာက ရောင်းချသည့် ထီများကိုသာ တရားဝင် ရောင်း၊ ဝယ်ပြီး ထီထိုးကံစမ်းခွင့်ရှိပါသည်။

အခြားနိုင်ငံမှ ထီလက်မှတ်များကို မြန်မာနိုင်ငံအတွင်း ရောင်း၊ ဝယ်ပြီး ထီထိုးကံစမ်းခွင့် မရှိပါ။

လောင်းကစားဥပဒေ ပုဒ်မ ၁၁(က) တွင် အောက်ပါအတိုင်း ပြဌာန်းတားမြစ်ထားပါသည်။

“မည်သူမျှ ခွင့်ပြုချက်မရှိဘဲ အောက်ပါတို့ကို မပြုရ-
(က) ထီ သို့မဟုတ် ထီကဲ့သို့သော အခြားကံစမ်းကစားနည်းတစ်ခုခုကို ဖွင့်လှစ်ခြင်း၊ စီမံခန့်ခွဲခြင်း၊ လောင်းကြေးလက်ခံခြင်း၊ ဒိုင်အဖြစ်ဆောင်ရွက်ခြင်း၊ ငွေကြေးအကျိုးအမြတ်ရယူခြင်း သို့မဟုတ် ထိုသို့ ဆောင်ရွက်ခြင်းကို တစ်နည်းနည်းဖြင့် အားပေးကူညီခြင်း၊

ထို့ကြောင့် ထိုင်းထီရောင်းချသူသည် ပုဒ်မ ၁၁(က) ပါ စီမံခန့်ခွဲခြင်း၊ လောင်းကြေးလက်ခံခြင်း၊ ငွေကြေးအကျိုးအမြတ်ရယူခြင်း ဆိုသည့် တားမြစ်ချက်များကို ကျူးလွန်ရာရောက်ပါသည်။

အထက် “ပုဒ်မ ၁၁ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးတစ်နှစ်မှ အများဆုံးသုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ် တစ်သိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်လည်းချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့်အကျုံးဝင်သော သက်သေခံပစ္စည်းနှင့်ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်။” ဖြစ်ကြောင်း ပုဒ်မ ၁၈(က) တွင် ပြဌာန်းထားပါသည်။
(အထက်ပါ ပုဒ်မ ၁၁ နှင့် ပုဒ်မ ၁၈ မှာ ထိုင်းထီလက်မှတ်ရောင်းချသူအတွက် တားမြစ်ချက်နှင့် ပြစ်ဒဏ်ဖြစ်သည်။)

လောင်းကစားဥပဒေ ပုဒ်မ ၁၂ တွင် -

“မည်သူမျှ ပုဒ်မ ၁၁ ပါ ကစားနည်းတစ်မျိုးမျိုးတွင် ပါဝင်လောင်းကစားခြင်း မပြုရ” ဟု တားမြစ်ထားပါသည်။

၎င်း “ပုဒ်မ ၁၂ ပါပြဋ္ဌာန်းချက်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးခြောက်လမှ အများဆုံးတစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့် အပြင် အနည်းဆုံး ကျပ်ငါးသောင်းမှ အများဆုံး ကျပ်တစ်သိန်းအထိ ငွေဒဏ်လည်းချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့်အကျုံးဝင်သော သက်သေခံပစ္စည်းနှင့်ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း ခံရမည်။” ဖြစ်ကြောင်း ပုဒ်မ ၁၉(က) တွင် ပြဌာန်းထားပါသည်။
(အထက်ပါ ပုဒ်မ ၁၂ နှင့် ပုဒ်မ ၁၉ မှာ ထိုင်းထီထိုးသူအတွက် တားမြစ်ချက်နှင့် ပြစ်ဒဏ်ဖြစ်ပါသည်။)

ထို့ကြောင့် လောင်းကစားဥပဒေပါ ပြဌာန်းချက်များအရ ထိုင်းထီများကို မြန်မာနိုင်ငံအတွင်း ရောင်းချခြင်း၊ ထီထိုးခြင်း ပြုလုပ်ခွင့်မရှိပါကြောင်းနှင့် ပြလုပ်ပါက လောင်းကစားဥပဒေနှင့် ညိစွန်းနေကြောင်း တွေ့ရပါသည်။

crd တင်ဝင်းအောင်(org)
🇲🇲ZLA
ဦးဇင်လင်းအောင်

ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts