Myanmar House Logo

Myanmar House

Real Estate in Myanmar

မိတူဖကွဲ၊ ဖတူမိကွဲ အမွေဆိုင် အိမ်ခြံမြေ ပြဿနာ

January 16, 2023 306 views
မိတူဖကွဲ၊ ဖတူမိကွဲ အမွေဆိုင် အိမ်ခြံမြေ ပြဿနာ

မိဘတွေ ကွယ်လွန်သွားကြတဲ့အခါ ကြုံတွေ့ရလေ့ရှိတဲ့ မောင်နှမရင်းချာတွေကြား အမွေစား၊ အမွေခံ ပြဿနာတွေကို ပြီးခဲ့တဲ့ ဆောင်းပါးတစ်ခုမှာ ဖော်ပြပြီးသွားပြီဖြစ်တဲ့အတွက် ဒီဆောင်းပါးလေးမှာတော့ မိတူဖကွဲ၊ ဖတူမိကွဲ မောင်နှမတွေအတွက် အိမ်ခြံမြေ အမွေခွဲတဲ့အခါမှာ သိထားသင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

မိတူဖကွဲ၊ ဖတူမိကွဲ မောင်နှမများ အမွေခွဲရာမှာ မိဘရဲ့ မျိုးရိုးကိုလိုက်ပြီး ခွဲဝေမှု ပြုရပါတယ်။ 

- "မိဘမျိုးရိုး” အလိုက် အမွေခွဲဝေရာမှာ အမွေခံသူများဟာ တစ်ဦးချင်းအနေနဲ့ အမွေရခွင့်မရှိဘဲ အမေတူ အဖေတူချင်း စုပေါင်းပြီး ခွဲဝေခြင်းဖြစ်ပါတယ်။ လင်မယားနှစ်ယောက် အတူကြိုးပမ်းရရှိတဲ့ ပစ္စည်းကို ဖတူမိကွဲ၊ မိတူဖကွဲ မောင်နှမများ အမွေခွဲဝေရင် အမွေပုံပစ္စည်းရစဉ်က ပေါင်းသင်းနေခဲ့တဲ့ မယားနဲ့ မွေးဖွားတဲ့ သားသမီးများဟာ အခြား ဇနီးနဲ့ မွေးဖွားသော သားသမီးများထက် အမွေနှစ်ဆရခွင့်ရှိပါတယ်။ 

- အမေတူ၊ အဖေကွဲသားသမီးများဟာ မိမိတို့ရဲ့ ဖခင်နဲ့ မိခင်ရင်းတို့ ပေါင်းသင်းစဉ်က ဖြစ်ထွန်းခဲ့တဲ့ ပစ္စည်းရဲ့ သုံးပုံနှစ်ပုံကို ရရှိပြီး ကျန်အမေတူ အဖေကွဲသားသမီးများကတော့ သုံးပုံတစ်ပုံသာ ရခွင့်ရှိပါတယ်။ 

- မယားသုံးယောက် ဆက်ယူထားတဲ့  မြန်မာဗုဒ္ဓဘာသာ လင်ယောက်ျားတစ်ဦး သေဆုံးလို့ အမွေခွဲဝေရာမှာ အမွေပုံပစ္စည်းဟာ လင်အမွေရတဲ့ ပစ္စည်းဖြစ်ရင် ယင်းပစ္စည်းကို အမွေဆက်ခံစဉ် ပေါင်းသင်းနေဆဲဖြစ်တဲ့ မယားနဲ့ ရတဲ့ သားသမီးများဟာ ဝေစုနှစ်ဆရသင့်ပါတယ်။ 

- မိခင်မှာ အိမ်ထောင်နှစ်ဆက်ရှိခဲ့ပြီး မိခင်သေဆုံးချိန်မှာ "က" နဲ့ "ခ" လယ်မြေများ အမွေကျန်ခဲ့တယ် ဆိုပါစို့။ “က” မှာ မိခင် ဒုတိယအိမ်ထောင်ပြုလို့ ပထမအိမ်ထောင်နဲ့  ပစ္စည်းခွဲဝေတဲ့အခါ ရရှိသော ပစ္စည်းဖြစ်ပြီး “ခ” မှာ ဒုတိယယောက်ျား သေဆုံးပြီးနောက်မှ ရရှိတဲ့ ပစ္စည်းဖြစ်တယ်ဆိုရင် “က” လယ်မြေကို ဒုတိယ အိမ် ထောင်နဲ့ ရတဲ့ သားသမီးက ရရှိပြီး “ခ” လယ်မြေကိုမှု ပထမ အိမ်ထောင်နဲ့ ရတဲ့ သားသမီးက တစ်ဝက် ဒုတိယအိမ်ထောင်နဲ့ ရတဲ့ သားသမီးက တစ်ဝက်ရရှိသင့်ပါတယ်။ 



- မိခင်ဖြစ်သူ သေဆုံးလို့ ဖခင်က နောက်အိမ်ထောင်ပြုခဲ့ပြီး အိမ်ထောင်သစ်နဲ့ သားသမီး များ ထပ်မံရရှိကာ ဖခင်သေဆုံးသွားခဲ့ရင် မယား နှစ်ယောက်က မွေးဖွားတဲ့ သားသမီးများရဲ့ အမွေခွဲဝေရေးမှာ ဖခင်ရဲ့ ပါရင်းပစ္စည်းကို အထက်သားသမီး များက ရယူနိုင်ပြီး ဒုတိယမယားနဲ့ ပါရင်းပစ္စည်းကို အောက်သားသမီးများက ရယူနိုင်ပါတယ်။ ဒုတိယမယားလက်ထက်မှာ ဖြစ်ပွားခဲ့တဲ့ လက်ထက်ပွားပစ္စည်းကိုတော့ အထက်သားသမီးက သုံးပုံတစ်ပုံ၊ အောက်သားသမီးများက သုံးပုံနှစ်ပုံ ရရှိသင့်ပါတယ်။ (အထက်အိမ်ထောင်နှင့် ရရှိသည့် သားသမီးများကို "အထက်သားသမီး"များဟု ခေါ်၍ နောက်အိမ်ထောင်နှင့် ရရှိသည့်သားသမီးများကို “အောက်သားသမီး” များဟု ခေါ်သည်။ )

- ဖခင်က ပထမ မယား သေဆုံးပြီးနောက် ဒုတိယမယားယူရာမှာ နောက်အိမ်ထောင်နဲ့ သားသမီးမထွန်းကားဘဲ ဖခင်သေဆုံးသွားရင် ပထမအိမ်ထောင်နဲ့ ရသော သားသမီးများဟာ ဒုတိယအိမ်ထောင်နဲ့ ဖြစ်ပွားတဲ့ ပစ္စည်းများကို ရှစ်ပုံတစ်ပုံရခွင့်ရှိပြီး ဒုတိယမယားက ရှစ်ပုံခုနှစ်ပုံ ရခွင့် ရှိပါတယ်။ 

- ဖခင်က ပထမ မယားနဲ့ ပေါင်းသင်းနေစဉ် အိမ်နဲ့ မြေကို ရရှိခဲ့ပြီး ယင်း အိမ်နဲ့ မြေကို ပေါင်နှံထားရာမှ ဒုတိယ မယားရဲ့ သီခြားငွေနဲ့ ရွှေးနှုတ်ယူခဲ့ရတယ်ဆိုရင် ဒုတိယမယားရဲ့ သီးခြားငွေနဲ့ ရွှေးနှုတ်ခဲ့တယ်ဆိုတဲ့ အကြောင်းကြောင့် ဒုတိယမယားနဲ့ ရရှိတဲ့ ပစ္စည်း ဖြစ်မသွားနိုင်ပါဘူး။ ပထမမယားနဲ့ ရရှိတဲ့ ပစ္စည်းကို ပထမမယားရဲ့ သားသမီးများက လေးပုံသုံးပုံရရှိမည်ဖြစ်ပြီး ဒုတိယမယားရဲ့ ကလေးများက လေးပုံတစ်ပုံသာ ရရှိမည် ဖြစ်ပါတယ်။ 

- ဖခင်ဟာ တစ်ချိန်တည်းမှာ  မိန်မနှစ်ယောက်ယူထားရင် မယားတစ်ယောက် အမွေရတဲ့ ပစ္စည်းမှာ အခြားမယားက မွေးဖွားတဲ့ သားသမီးများက အမွေတောင်းဆိုနိုင်ခွင့် မရှိတော့ပါဘူး။ 

ကဲ.... သိထားသင့်တဲ့ အချက်လေးတွေလည်း စုံသလာက် ဖြစ်သွားပြီဆိုတော့ ဒီဆောင်းပါးလေးကို ဒီနေရာမှာပဲ ရပ်နားလိုက်မယ်နော်။ စာဖတ်မိတ်ဆွေတို့အားလုံး သာယာပျော်ရွှင်တဲ့ နေ့ရက်လေးဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ 

မှီငြိမ်း -" ဥပဒေရေးရာ" မှ ဖော်ပြချက်များကို ကောက်နုတ်ဖော်ပြသည်။ 
 

Related Posts