Myanmar House Logo

Myanmar House

Real Estate in Myanmar

Condominium တိုက်ခန်းကို ဝယ်မည်ဆိုလျှင်

January 27, 2023 209 views
Condominium တိုက်ခန်းကို ဝယ်မည်ဆိုလျှင်

Condominium တိုက်ခန်းကို ဝယ်မည်ဆိုလျှင်

“စုပေါင်းပိုင်အဆောက်အအုံ Condominium အဖြစ် ဆောက်လုပ်နေကြောင်း ကြော်ငြာတာတွေ့နေရတယ် ဆရာ။ အဲဒီတိုက်ခန်းတွေကို ဝယ်ရင်ခိုင်မာမှုအခြေအနေဘယ်လို ရှိပါသလဲ”ဟု မိတ်ဆွေတစ်ဦး၏ သားဖြစ်သူ က စာရေးသူထံ လာရောက်မေးမြန်းဆွေးနွေးပါသည်။

“စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာဥပဒေကို ၂ဝ၁၆ ခုနှစ် ဇန်ဝါရီလ ၂၉ ရက်နေ့က ပြည်ထောင်စု လွှတ် တော်မှ ပြဋ္ဌာန်းခဲ့တာဖြစ်တယ်။ အကောင်အထည်ဖော်မှုအပိုင်းကတော့ အားနည်းနေသေးတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ ယခုမှ စမ်းသပ်တည်ဆောက်တဲ့ သဘောပဲရှိသေးတယ်”

“မြေကွက်ကလည်း စုပေါင်းပိုင် မြေဖြစ်မှာပေါ့”

“ဟုတ်တယ်။ မူလက ပုဂ္ဂလိက ပိုင်မြေကွက်ဖြစ်ရင်လည်း စုပေါင်းပိုင် အဆောက်အအုံ ဆောက်လုပ်ခဲ့ရင်တော့ မြေကလည်း နေထိုင်သူအားလုံးရဲ့ စုပေါင်းပိုင်မြေအဖြစ် ရောက်ရှိလာမှာဖြစ်ပါတယ်”

“ကွန်ဒိုမီနီယမ်တိုက်ခန်းတွေဆိုတော့ ရပ်ကွက်ထဲမှာ ဆောက်နေတဲ့ ကွန်ဒိုတိုက်ခန်းတွေနဲ့ ဘယ်လိုကွာခြားပါ သလဲ”

“ဥပဒေအရ ကွန်ဒိုမီနီယမ်အများဆိုင် စုပေါင်းပိုင်အဆောက်အအုံဆောက်လုပ်မယ်ဆိုရင် မြေဧရိယာ အနည်း ဆုံး စတုရန်း ပေ ၂ဝဝဝဝ နှင့်အထက်ရှိရမှာဖြစ်တယ်။ ဒါကြောင့် ရပ်ကွက်ထဲက ပေ ၄ဝ x ပေ ၆ဝ စသဖြင့် ဆောက်လုပ်ထားတဲ့ ကွန်ဒိုအဆောက်အအုံတွေဟာ စုပေါင်းပိုင် အဆောက်အအုံတွေ မဟုတ်ကြဘူး”

အိမ်လခပေးရန်မလို

“စုပေါင်းပိုင်မြေဖြစ်တယ်ဆိုတော့ အိမ်ရှင်၊ အိမ်ငှားသဘောမျိုး မြေရှင်ကို အိမ်လခမပေးရတော့ဘူးပေါ့”

“အိမ်လခသဘောမျိုးမရှိပေမယ့် တိုက်ခန်းနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုအတွက် တိုက်ခန်းဝယ်သူတိုင်းက ထည့် ဝင်ဆောင်ရွက်ကြရတယ်။ တစ်ခုရှိတာက အိမ်ရှင်အိမ်ငှားပြဿနာတော့ မရှိဘူးပေါ့”

“ဝန်ဆောင်မှု ထည့်ဝင်ရတယ်ဆိုတာက ဘယ်လိုပုံစံမျိုးလဲ ဆရာ”

“စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ နည်းဥပဒေပုဒ်မ-၄၉ (က) မှာ စုပေါင်းပိုင်အဆောက်အအုံ ဆောက်လုပ်ပြီး စီး၍ အဆောက်အအုံပြီးစီးကြောင်း လက်မှတ်ရရှိပြီးနောက် အိမ်ခန်းများတွင် နေထိုင်သူ အနည်းဆုံး ၃ဝ ရာခိုင် နှုန်းမပြည့်လျှင် အသင်းဖွဲ့စည်းခြင်းမပြုနိုင်သေး၍ ယင်းအဆောက်အအုံကို စီမံခန့်ခွဲရန်နှင့် ထိန်းသိမ်းစောင့် ရှောက်ရန်အတွက် နေထိုင်လျက်ရှိသည့် စုပေါင်းပိုင်သူများအချင်းချင်း ညှိနှိုင်းကာ အဖွဲ့ဝင် အနည်းဆုံးသုံးဦး ပါဝင်သော ယာယီအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ရမည်လို့ ဖော်ပြထားပါတယ်။ အဲဒီယာယီအဖွဲ့ထံ ရန်ပုံငွေထည့်ကြ ပြီး တိုက်ခန်းကိစ္စအခွန်အခပေးဆောင်ကြရတယ်”

“ဒါဆိုရင် အဲဒီအဆောက်အအုံနေသူများ ပါဝင်တဲ့အဖွဲ့က ဦးဆောင်သွားမယ့် သဘောပေါ့နော်”

“ဟုတ်ပါတယ်။ အဆောက်အအုံနေထိုင်သူများထဲမှ အမှုဆောင်အဖွဲ့ကို ရွေးချယ်တာဝန်ပေးဆောင်ရွက်ရမှာဖြစ် တယ်။ အဲဒီတိုက်ခန်းဆိုင်ရာအမှုဆောင်အဖွဲ့ရဲ့ သက်တမ်းက နှစ်နှစ်ဖြစ်တယ်လို့ နည်းဥပဒေ ပုဒ်မ – ၅၅ (က) မှာ ပြဋ္ဌာန်းထားပါတယ်”

“တိုက်ခန်းပိုင်ရှင်တွေက ပြောင်းလဲသွားနိုင်တော့အမှုဆောင်သက်တမ်း နှစ်နှစ်ဆိုတာ အဆင်ပြေနိုင်ပါတယ်”

အရောင်းအဝယ်မှတ်ပုံတင် စာချုပ်ပြုလုပ်ခြင်း

“ထူးခြားချက်ကတော့ တိုက်ခန်းဖြစ်ပေမယ့် အရောင်းအဝယ်ပြု လွှဲပြောင်းတဲ့အခါမှာ စာချုပ်စာတမ်းကို မှတ်ပုံ တင်ပြုလုပ်ချုပ်ဆိုရမှာဖြစ်တယ်”

“ရပ်ကွက်ထဲမှာ တိုက်ခန်းအရောင်းအဝယ်လုပ်ရင်တော့ အရပ်စာချုပ်သဘောမျိုးပဲ ချုပ်ဆိုကြတာ မဟုတ်လား။ မှတ်ပုံတင်မပြုလုပ်ကြရဘူး မဟုတ်လား”

“လွှဲပြောင်းရောင်းချမှုကို မှတ်ပုံတင် စာချုပ်စာတမ်းနဲ့ ချုပ်ဆိုတာဖြစ်လို့ ပိုင်ဆိုင်မှုပိုပြီး ခိုင်မာတယ်။ အရောင်း ထပ်နေတဲ့ တိုက်ခန်းတွေ မရှိနိုင်တော့ဘူး”

“မှတ်ပုံတင် စာချုပ်စာတမ်း ပြုလုပ်ချုပ်ဆိုရမယ်ဆိုရင် အခွန်ငွေဆောင်ကြရမှာပေါ့”

“စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာနည်းဥပဒေပုဒ်မ ၄၃ မှာ အိမ်ခန်းကို လွှဲပြောင်းခြင်းတစ်ရပ်ရပ်ပြုလုပ်ပါက လွှဲပြောင်းလက်ခံရရှိသူသည် တံဆိပ်ခေါင်းခွန်နှင့်ကျသင့်သော အခွန်အရပ်ရပ်ကို သက်ဆိုင်ရာ ပြည်တွင်းအ ခွန်ဦးစီးဌာနသို့လည်းကောင်း၊ အချိုးကျသတ်မှတ်ထားသည့် ရန်ပုံငွေကို အမှုဆောင်အဖွဲ့သို့လည်းကောင်း ပေးသွင်းရမည်လို့ ပြဋ္ဌာန်းထားပါတယ်”

“မှတ်ပုံတင်စာချုပ်ဖို့ သီးခြားရုံးရှိသလား”

“ဥပဒေအရတော့ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးကို ဖွဲ့စည်းပေးထားမှာ ဖြစ် တယ်”

“အချို့ကပြောတော့ မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်စာချုပ်လုပ်ရင် မှတ်ပုံတင်ခ သီးခြားပေးရသေးတယ်လို့ ပြော တယ် ဟုတ်ပါသလား”

“ဟုတ်ပါတယ်။ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့က ပြဋ္ဌာန်းတဲ့ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ နည်း ဥပဒေပုဒ်မ – ၄၄ (က) မှာ မှတ်ပုံတင်ခအဖြစ် အိမ်ခန်းတန်ဖိုး ငွေကျပ်သိန်းတစ်ထောင်အထိ၊ ငွေကျပ်နှစ် သောင်း၊ အိမ်ခန်းတန်ဖိုးငွေကျပ် သိန်းတစ်ထောင်အထက်မှ သိန်းသုံးထောင်အထိ ငွေကျပ်သုံးသောင်း၊ အိမ် ခန်းတန်ဖိုးငွေကျပ်သိန်းသုံးထောင်နှင့် အထက်အတွက် ငွေကျပ်ငါးသောင်းပေးသွင်းရမယ်လို့ ဖော်ပြထားပါ တယ်။ ဒီနှုန်းထားတွေကတော့ အချိန်အခါအလျောက် ပြောင်းလဲသွားတာလည်းရှိနိုင်တယ်”

“တိုက်ခန်းအရောင်းအဝယ် မှတ်ပုံတင်စာချုပ်ပြုလုပ်ဖို့ အချိန်ကာလ သတ်မှတ်ချက်ရှိပါသေးလား”

“ရှိပါတယ်။ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေပုဒ်မ -၁၉ မှာ အိမ်ခန်းလွှဲပြောင်းရယူသည့်အခါ လွှဲပြောင်းပေးသူနှင့် လွှဲပြောင်းခြင်းကို လက်ခံသူတို့သည် လွှဲပြောင်းသည့်နေ့မှစ၍ ရက်ပေါင်း ၃ဝ အတွင်း သက်ဆိုင်ရာ မှတ်ပုံတင်အရာရှိထံ လွှဲပြောင်းစာချုပ်ကို မှတ်ပုံတင်ရမည်လို့ ဖော်ပြထားပါတယ်”

“အကယ်၍ ရက်ပေါင်း ၃ဝ ကျော်လွန်သွားရင် ဘယ်လိုဖြစ်နိုင်ပါသလဲ”

“တိုက်ခန်းကို လွှဲပြောင်းခြင်းတစ်ရပ်ရပ်ဖြင့် လွှဲပြောင်းပြီးနောက် လွှဲပြောင်းသည့် စာချုပ်စာတမ်းကို သတ်မှတ် သည့်ကာလထက် ကျော်လွန်ပြီးမှ မှတ်ပုံတင်လျှင် မှတ်ပုံတင်ခအပြင် သက်ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီက သတ်မှတ်သည့် ဒဏ်ကြေးကိုလည်း ပေးဆောင်ရမည်လို့ ဥပဒေပုဒ်မ (၂၃) မှာ ပြဋ္ဌာန်းထားပါတယ်”

“အရောင်းအဝယ်မှတ်ပုံတင် စာချုပ် ချုပ်ဆိုရင် အိမ်ခန်းပိုင်ရှင်ဖြစ်သွားပြီပေါ့”

“လွှဲပြောင်းလက်ခံသူကို အိမ်ခန်းမှတ်ပုံတင် လက်မှတ်ကို ထုတ်ပေးသွားမှာဖြစ်ပါတယ်။ အိမ်ခန်းမှတ်ပုံတင် လက်မှတ်တွင် အမည်ပေါက်သူသည် အိမ်ခန်း၏ တရားဝင်ပိုင်ရှင် (ပိုင်ဆိုင်သူ) ဖြစ်လာမှာဖြစ်ပါတယ်”

အိမ်ခန်းပိုင်ဆိုင်သူ၏ လုပ်ပိုင်ခွင့်

“အိမ်ခန်းပိုင်ရှင်က အဲဒီအိမ်ခန်းကို ငှားရမ်းခွင့်ရှိပါသလား”

“စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေပုဒ်မ – ၂၆ မှာ အိမ်ခန်းပိုင်ရှင်သည် မိမိအိမ်ခန်းကို နိုင်ငံသားအား တည်ဆဲဥပဒေနှင့်အညီ ရောင်းချခွင့်၊ လဲလှယ်ခွင့်၊ ပေးကမ်းခွင့်၊ စွန့်လွှတ်ခွင့်၊ ငှားရမ်းခွင့်၊ ပေါင်နှံခွင့်၊ အမွေ ဆက်ခံခွင့်နှင့် ခွင့်ပြုချက်ဖြင့် ထားပိုင်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်”

“ပေါင်နှံခွင့်ဆိုတာက ဘယ်လိုလဲ ဆရာ”

“အိမ်ခန်းမှတ်ပုံတင် လက်မှတ်ကို သက်ဆိုင်ရာ အစိုးရအသိအမှတ်ပြုဘဏ်တစ်ခုခုမှာ အာမခံအဖြစ်ထားရှိ ပေါင်နှံပြီး ငွေချေးယူပိုင်ခွင့်ရှိတာဖြစ်တယ်”လို့ ရှင်းပြဆွေးနွေး လိုက်ပါသည်။

Credit to: ‌ဈေးကွက်ဂျာနယ်

Related Posts