Myanmar House Logo

Myanmar House

Real Estate in Myanmar

မြေလွတ် မြေလပ် မြေရိုင်းကို ဝယ်မည်ဆိုလျှင်

February 1, 2023 140 views
မြေလွတ် မြေလပ် မြေရိုင်းကို ဝယ်မည်ဆိုလျှင်

မြေလွတ် မြေလပ် မြေရိုင်းကို ဝယ်မည်ဆိုလျှင်

“မြေလွတ်မြေရိုင်းနဲ့ လယ်ယာမြေက ဘာကွာသလဲဆရာ။ မြေလွတ် မြေရိုင်းတွေကိုအရောင်းအဝယ်လုပ်လို့ ရပါသလားဆရာဟု” မိတ်ဆွေတစ်ဦး သားဖြစ်သူကစာရေးသူထံလာရောက် တိုင်ပင်ခြင်းဖြစ်ပါသည်။

“မြေလွတ်မြေရိုင်းနဲ့ လယ်ယာမြေက အမျိုးအစားခြင်းမတူဘူး။ လုပ်ပိုင်ခွင့် ဥပဒေကလည်း သီးခြားစီဖြစ် တယ်”

“ဟုတ်ကဲ့ဆရာ၊ စိုက်ပျိုးမြေ တွေပဲဆိုပြီး တူတယ်ထင်နေတာ”

“မြေလွတ်မြေလပ်ဆိုတာက၊ ယခင်သီးစားခံယူ လုပ်ကိုင်လာခဲ့ရာ၊ အကြောင်းအမျိုးမျိုးကြောင့်၊ စွန့် လွှတ်ထားပြီး၊ သီးစားလုပ်ကိုင်သူမရှိတဲ့ စိုက်ပျိုးရေး မြေ၊ ဒါမှမဟုတ် မွေးမြူရေး လုပ်ငန်းလုပ်ကိုင်နိုင်တဲ့မြေ၊ နိုင်ငံတော်ကသီးသန့်လျာထား သတ်မှတ်ထားတဲ့မြေ အမျိုးအစားဖြစ်တယ်။ မြေရိုင်းကတော့ သစ်ပင်၊ ၀ါး ပင် ဒါမှမဟုတ် ခြုံနွယ်များ ပေါက်ရောက်ပြီး မြေမျက်နှာညီညာသည်ဖြစ်စေ၊ မညီမညာသည်ဖြစ်စေ၊ တစ်ကြိမ် တစ်ခါမျှလုပ်ကိုင် အသုံးပြုခဲ့ ခြင်းမရှိတဲ့မြေသစ် ဖြစ်တယ်။ မြေရိုင်း၊ တောရိုင်းမြေလို့လည်း ခေါ်တယ်။ကြိုးဝိုင်းသစ်တောမြေ၊ စားကျက်မြေနဲ့ အင်းအိုင်မြေများ ပါဝင်တယ်လို့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေမှာ အဓိပ္ပာယ်ဖွင့်ဆိုထားတယ်”

“လယ်ယာမြေကလည်း စိုက်ပျိုး မြေပဲမဟုတ်လားဆရာ”

“မှန်တယ်။ လွယ်လွယ်မှတ်ထားမယ်ဆိုရင်တော့ ဟင်းသီးဟင်းရွက် ပန်းမန်စိုက်ပျိုးတဲ့ ဥယျာဉ်ခြံမြေအမျိုး အစားဖြစ်တာကြောင့် လူနေရပ်ကွက်နဲ့ ဆက်စပ်နေတာမျိုးရှိတတ်တယ်။ ဒါကြောင့် လယ်ယာမြေကို အ ခြားနည်းနဲ့ အသုံးပြုခွင့်လျှောက်ထားပြီး လူနေရပ်ကွက်၊ လူနေအဆောက် အအုံဆောက်လုပ်နေတာမျိုးတွေ လုပ်ပိုင်ခွင့်ရှိတယ်။ ပြီးတော့ လွှဲပြောင်း ရောင်းချခွင့်ရှိတယ်။

“မြေလွတ်မြေလပ်၊ မြေရိုင်းတွေက မြေကွက်အသစ်တွေဆိုတော့ နိုင်ငံတော်အစိုးရကပဲ လုပ်ကိုင်ခွင့် ချပေးတဲ့ သဘောလားဆရာ”

“ဥပဒေအရဆိုရင် နိုင်ငံတော် သမ္မတကနေပြီး၊ မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီနဲ့၊ သက်ဆိုင်ရာပြည်နယ်တိုင်း ဒေသကြီး၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) စီမံခန့်ခွဲရေးကော်မတီအဆင့် ဆင့်ကို ဖွဲ့စည်းခွင့်ပြုနိုင် ပါတယ်”

“မြေလုပ်ပိုင်ခွင့်ကို သက်ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီကို လျှောက် ထားရမှာပေါ့”

“မှန်ပါတယ်။ လုပ်ပိုင်ခွင့်ကို လျှောက်ထားရယူနိုင်တဲ့လုပ်ငန်းတွေကတော့၊ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူ ရေးလုပ်ငန်း၊ ဓာတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းနဲ့၊ အစိုးရကခွင့်ပြုထားတဲ့ ဥပဒေနှင့် ညီညွတ်သည့်အခြား လုပ်ငန်းများလို့ ယင်းဥပဒေ ပုဒ်မ-(၄) မှာ ဖော်ပြ ပြဋ္ဌာန်းထားပါတယ်”

“မြေလွတ်မြေရိုင်းတွေက လုပ်ငန်းလုပ်ဖို့အတွက်ပဲ လျှောက်ထားလို့ရတာပေါ့နော်၊ နောက်ပိုင်းလူနေအိမ် ဆောက်လုပ်နေထိုင်လို့ရပါသလား”

“မြေလွတ်မြေရိုင်းတွေကတော့ ခွင့်ပြုမိန့်ရထားတဲ့ လုပ်ငန်းကိုဆက် လက်အကောင်အထည်ဖော်ဆောင် ရွက်သွားရမှာဖြစ်တယ်။ လယ်ယာမြေလို အခြားနည်းပြောင်းလဲဆောင်ရွက်ခွင့်မရှိတဲ့အတွက်၊ လူနေအိမ် ဆောက်လုပ်နေထိုင်ခွင့် မရှိပါဘူး။ ဒီအချက်ဟာ အဓိကကွာခြားတဲ့ အချက်ဖြစ်ပါတယ်”

“တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်အခွင့်အတွက် ဆောင်ရွက်ခွင့်ပြုတာမျိုး ရှိပါသလား ဆရာ”

“ဒါနဲ့ ပက်သက်လို့ မြေလွတ်မြေ လပ်နဲ့မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ-၁၀ မှာ သက်ဆိုင်ရာစီမံခန့်ခွဲ ရေးကော်မတီများဖြစ်သည့် တိုင်းဒေသကြီး၊ ပြည်နယ်နဲ့ ပြည်ထောင်စု နယ်မြေစီမံခန့်ခွဲရေးကော်မတီများ သည် ကျေးလက်တောင်သူ လယ်သမားများနှင့် မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ် ငန်းလုပ်ကိုင် လိုသူများအတွက် ဧက (၅၀) ထက်မပိုစေဘဲ လုပ်ပိုင်ခွင့်ကို ခွင့်ပြုနိုင်သည်လို့ ပြဋ္ဌာန်းထားပါ တယ်။ ဒါကြောင့် မူလက စိုက်ပျိုး မွေးမြူရေးမလုပ်ခဲ့သော်လည်း တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းအဖြစ် ရင်းနှီးလုပ်ကိုင်လိုလျှင် လျှောက်ထား ရယူပိုင်ခွင့်ရှိပါတယ်”

“ကာလအပိုင်းအခြားက ဘယ်နှနှစ် လုပ်ပိုင်ခွင့်ရပါသလဲ ဆရာ”

“ဒါနဲ့ ပတ်သက်လို့ ယင်းဥပဒေရဲ့ ပုဒ်မ-၁၆ မှာ မြေလွတ်မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်အသုံးပြုခွင့် ရရှိသူသည် ခွင့်ပြုထားသည့် လုပ်ငန်းအမျိုးအစား၊ ယင်းနှင့် ဆက်နွယ်လျက်ရှိသော စီးပွားရေးလုပ်ငန်းကို သာလုပ်ကိုင်ရမည်။ လုပ်ပိုင်ခွင့်ရသည့် မြေကိုစတင်ခွင့်ပြုသည့်နေမှစ၍ လေးနှစ်အတွင်း သတ်မှတ်ချက် အတိုင်းလုပ်ငန်းပြီးသည့်အထိ ဖော်ထုတ်လုပ်ကိုင်ရမည်လို့ ဆိုလိုပါတယ်”

“အကယ်လို့ လေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်မပြီးစီးခဲ့ရင် ဘယ်လိုဖြစ်နိုင်သလဲ ဆရာ၊ သက်တမ်း တိုးပေးတာရှိပါသလား”

“သဘာဝဘေးအန်္တရာယ်ကြောင့်ဖြစ်စေ၊ တည်ငြိမ်အေးချမ်းမှုမရှိသော အခြေအနေကြောင့်ဖြစ်စေ၊ ကုန်လွန် သွားသည့်အချိန်အတွက် သတ်မှတ်ကာလကို ဗဟိုကော်မတီမှပြန်လည် ပြင်ဆင်ပေးနိုင်သည်လို့ ယင်းဥပဒေ ပုဒ်မ-၁၆(ခ)မှာ ဖော်ပြထားပါတယ်”

“အဲဒီမြေကို အငှားချထားတာ၊ ပြန်လည်ရောင်းချတာမျိုးတွေမရဘူးလား ဆရာ။ သူငယ်ချင်းကသူ့ငါးမွေး ကန် ရောင်းချင်လို့ဆရာ”

“ယင်းဥပဒေ ပုဒ်မ-၁၆(ဂ)မှာ ခွင့်ပြုထားသည့်မြေလွတ်မြေလပ်နှင့် မြေရိုင်းများကို ပြည်ထောင်စုအစိုးရ အဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ ရောင်းချခြင်း၊ အငှားချထားခြင်း၊ အခြားနည်းဖြင့်လွဲ ပြောင်းခြင်း သို့မဟုတ် ခွဲစိတ်ခြင်း မပြုရလို့ တားမြစ်ပိတ်ပင်ထားပါတယ်”

“သတ်မှတ်ကာလအတွင်း ဆောင်ရွက်မှုမရှိရင်မြေကိုပြန်သိမ်းမှာလား ဆရာ”

“ယင်း ဥပဒေ ပုဒ်မ-၂၂ (က-၃) မှာ ခွင့်ပြုထားသည့် မြေကိုစတင် ခွင့်ပြုသည့်နေ့မှ လေးနှစ်ကာလ ကျော်လွန်သည့်အထိ ဖော်ထုတ်လုပ်ကိုင်ခြင်း လုံးဝမပြုလျှင် ယင်းမြေကို နိုင်ငံတော်က ပြန်လည်သိမ်းယူပြီး မှတ်ယူရမယ်လို့ ဖော်ပြထားပါတယ်။ ဒါအပြင် ယင်းဥပဒေ ပုဒ်မ-၂၂(က-၄) အရ အကယ်၍ ခွင့်ပြုချက် ကာလအတွင်း သတ်မှတ်ချက်အတိုင်း လုပ်ငန်းမဆောင်ရွက်ပျက်ကွက်ပါက လုပ်ပိုင်ခွင့်ရုပ်သိမ်းသည့်အပြင် ပေးသွင်းထားသောအာမခံကြေးကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမှာ ဖြစ်ပါတယ်။ ဒါကြောင့် တရားဝင်ချပေးထားတဲ့ ငါးမွေးကန်ဟုတ် မဟုတ် သေချာစုံစမ်းလေ့လာပြီးမှ လွှဲပြောင်းယူပါ”လို့ အကြံပြု ဆွေးနွေးလိုက်ပါသည်။

ထီယု(ဥပဒေအတိုင်ပင်ခံ)

Credit to: ဈေးကွက်ဂျာနယ်

Related Posts