Myanmar House Logo

Myanmar House

Real Estate in Myanmar

စုပေါင်းပိုင် အဆောက်အအုံ (ကွန်ဒို)တည်ထောင်လိုသူတွေအနေနဲ့ ဘာတွေ သိထားရမလဲ။

February 17, 2023 158 views
စုပေါင်းပိုင် အဆောက်အအုံ (ကွန်ဒို)တည်ထောင်လိုသူတွေအနေနဲ့ ဘာတွေ သိထားရမလဲ။

 

စုပေါင်းပိုင် အဆောက်အအုံ (ကွန်ဒို) တည်ထောင်လိုသူများအနေဖြင့် မည်သည့်အချက်များကို မဖြစ်မနေ သိရှိထားရန် လိုအပ်သလဲဆိုတာကို ရှင်းလင်းခြင်းမပြုမီ "စုပေါင်းပိုင်အဆောက်အအုံဆိုတာ ဘာလဲ" ဆိုတာနဲ့ "စုပေါင်းပိုင်အဆောက်အအုံ(ကွန်ဒို) တည်ထောင်သူ" ဆိုတဲ့အချက်များကို ပထမဆုံး ရှင်းလင်းလိုပါတယ်။

စုပေါင်းပိုင်အဆောက်အအုံ (ကွန်ဒို) ဆိုသည်မှာ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာဥပဒေအရ စုပေါင်းပိုင်မြေပေါ်တွင် စုပေါင်းပိုင်အဆောက်အအုံအနေနဲ့ဆောက်လုပ်ထားတဲ့ ၆ထပ်နှင့်အထက်ရှိတဲ့ အဆောက်အအုံကို ဆိုလိုတာဖြစ်ပြီး စုပေါင်းပိုင်သူများ အသုံးပြုဖို့ စီမံထားတဲ့ စုပေါင်းပိုင်ပစ္စည်းနှင့် အိမ်ခန်း များလည်း ပါဝင်ပါတယ်။

စုပေါင်းပိုင် အဆောက်အအုံ (ကွန်ဒို)တည်ထောင်သူ ဆိုရာတွင် ငွေကြေး ရင်းနှီးမြှုပ်နှံပြီး စုပေါင်းပိုင် အဆောက်အအုံ တည်ထောင်ခြင်းလုပ်ငန်း လုပ်ကိုင်နိုင်ဖို့ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေအရ ထုတ်ပေးထားသော လုပ်ငန်းလိုင်စင် ရရှိထားတဲ့ ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တွေကို ဆိုလိုတာ ဖြစ်ပြီး ဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ အာမခံကုမ္ပဏီတွေတော့ မပါပါဘူး။

စုပေါင်းပိုင် အဆောက်အအုံ (ကွန်ဒို)တည်ထောင်လိုသူဟာ သက်ဆိုင်ရာ စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးမှာ မှတ်တမ်းတင်ထားတဲ့ စုပေါင်းပိုင်မြေတစ်မျိုးထဲမှာဘဲ အဆောက်အအုံကို ဆောက်လုပ်နိုင်တယ်ဆိုတာကို သတိပြုမိဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် စုပေါင်းပိုင်မြေအဖြစ် တရားဝင် အသိအမှတ်ပြုခြင်း ခံရဖို့ အဆိုပါမြေကို မှတ်ပုံတင်ဖို့ လိုအပ်ပြီး မှတ်ပုံတင်လိုတဲ့မြေက တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ လူနေ အိမ်ရာအဖြစ် ဆောက်လုပ်ခွင့်ရှိတဲ့ မြေဖြစ်ရမည့်အပြင် ပိုင်ဆိုင်ခွင့် လွှဲပြောင်းနိုင်သော အမျိုးအစားဖြစ်ဖို့ လိုအပ်ပြီး လက်ရှိ ပိုင်ဆိုင်သူမှ သက်ဆိုင်ရာ စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးမှာ စုပေါင်းပိုင်မြေအဖြစ် ပိုင်ဆိုင်ခွင့် လွှဲပြောင်းပေးပြီးဖြစ်ဖို့ လိုအပ်ပါတယ်။ ဒီအချက်တင်မကဘဲ မြို့ပြစီမံကိန်းအရ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းက သတ်မှတ်ထားတဲ့ အချက်တွေနဲ့ ညီညွတ်ရမယ့်အပြင် စုပေါင်းပိုင် အဆောက်အအုံ (ကွန်ဒို) တည်ဆောက်ဖို့ လျာထားတဲ့မြေက ဧရိယာအားဖြင့် အနည်းဆုံး စတုရန်းပေ ၂၀၀၀၀ နှင့် အထက် ကျယ်ဝန်းရန် လိုအပ်ကြောင်း သိရှိထားရပါမယ်။

အထက်ဖော်ပြပါ အချက်များနှင့်ညီညွတ်တဲ့မြေကို စာချုပ်စာတမ်းရုံးတွင် မှတ်ပုံတင်ပြီးရင် စုပေါင်းပိုင်အဆောက်အအုံ(ကွန်ဒို) တည်ထောင်လိုသူအနေနဲ့ သတ်မှတ်ထားတဲ့ အနည်းဆုံး မတည် ရင်းနှီးငွေ ရှိသည့်တိုင် လုပ်ငန်းလုပ်ဆောင်ရန် လုပ်ငန်းလိုင်စင် ရရှိဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် အဆိုပါ လုပ်ငန်းလိုင်စင်ရရှိဖို့ သတ်မှတ်ချက်တွေနဲ့အညီ သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီထံ တင်ပြပြီး လျှောက်ထားရမှာ ဖြစ်ပါတယ်။ ယင်းကဲ့သို့ လျှောက်ထားရာတွင် စုပေါင်းပိုင်မြေနှင့် အဆောက်အအုံဖြစ်ရန် လိုအပ်ချက်ဖြစ်တဲ့ အထောက်အထားများနဲ့အတူ အဆောက်အအုံပုံစံ၊ စုပေါင်းပိုင်မြေနှင့် အဆောက်အအုံ တွင် ပါရှိမည့် စုပေါင်းပိုင် ပစ္စည်းများနှင့် မူလအချိုးသင့် ပိုင်ဆိုင်မှုအစုတန်ဖိုးတို့ကို ပူးတွဲ တင်ပြပြီး လျှောက်ထားရမှာ ဖြစ်ပါတယ်။

အထက်ပါ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားခဲ့တဲ့ လျှောက်ထားချက်ကို သက်ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီမှ စစ်ဆေးပြီး သတ်မှတ်ချက်များနှင်္င့်ညီညွတ်ပါက ခွင့်ပြုချက် ထုတ်ပေးမှာ ဖြစ်ပါတယ်။ ခွင့်ပြုချက်ရရှိပါက စုပေါင်းပိုင်အဆောက်အအုံ(ကွန်ဒို)ကို သက်ဆိုင်ရာ စာချုူပ်စာတမ်းများ မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ထားပြီးဖြစ်တဲ့ စုပေါင်းပိုင်မြေမှာ အဆောက်အအုံကို ဆောက်လုပ်နိုင်မှာဘဲ ဖြစ်ပါတယ်။ အခြားသော မရွှေ့မပြောင်းနိုင်သောပစ္စည်းများနှင့်မတူညီတဲ့ ထူးခြားချက်အနေနဲ့ စုပေါင်းပိုင် အဆောက်အအုံ (ကွန်ဒို)တည်ထောင်သူအနေနဲ့ အဆိုပါအဆောက်အအုံရဲ့ ၄၀% အထိကို နိုင်ငံခြားသား များကို ရောင်းချနိုင်ကြောင်း ခွင့်ပြုထားပါတယ်။ ဒါ့အပြင် အဆောက်အအုံ ဆောက်လုပ်နေစဉ် ကာလ အတွင်း အိမ်ခန်းများကို ကြိုတင်ရောင်းချနိုင်ရန် ဥပဒေအရ ခွင့်ပြုထားပါတယ်။

သို့ပေမယ့် စုပေါင်းပိုင် အဆောက်အအုံ(ကွန်ဒို)တည်ထောင်သူတွေအနေနဲ့ အချက်တစ်ချက်ကို သတိပြုမိဖို့ လိုအပ်ပါတယ်။ အဆောက်အအုံမှာပါဝင်တဲ့ အိမ်ခန်းကို နိုင်ငံခြားသားများကို ရောင်းချရာမှာ စတင် ရောင်းချတဲ့အချိန်မှာ မှတ်ပုံတင်အရာရှိထံ အကြောင်းကြားဖို့ လိုအပ်ပြီး အဆိုပါ နိုင်ငံခြားသားကို ရောင်းချရာတွင် အိမ်ခန်း၏ တန်ဖိုးအား နိုင်ငံခြားမှ တရားဝင်ငွေလွှဲပို့တဲ့ နိုင်ငံခြားငွေဖြင့်သာ လက်ခံ ရောင်းချနိုင်မှာ ဖြစ်တာကိုသတိမူမိကြဖို့ လိုအပ်ပါကြောင်း ရှင်းလင်း ဖော်ပြပေးလိုက်ရပါတယ်။

Credit to original uploader

Related Posts