Myanmar House Logo

Myanmar House

Real Estate in Myanmar

အိမ်ငှားတိုင်းသိသင့်တဲ့ အိမ်ရှင်တွေရဲ့ လှည့်ကွက်များ

February 22, 2023 313 views
အိမ်ငှားတိုင်းသိသင့်တဲ့ အိမ်ရှင်တွေရဲ့ လှည့်ကွက်များ

အိမ်ငှားနေရပြီ တိုက်ခန်းငှားနေရပြီဆိုရင် အဓိကကတော့ အိမ်ရှင်တွေရဲ့ မျက်နှာကြည့်ရ၊အခြေအနေ အကဲခတ်ရတာပါပဲဲ။အချို့အိမ်ရှင်များကျပြန်တော့ အကြွေးယူပြုံးပြုးတောင်းတော့မုန်းဆိုသလို အိမ်ပေါ်တက်မနေခင်တုန်းကတော့ ပြုံးပြုံးပေမယ့် အိမ်ငှားပြီးမှ ဇာတိရုပ်အမှန်ထွက်လာတာမျိုးလည်း ရှိတတ်ပါသေးတယ်။ ဒီဆောင်းပါးက အိမ်ရှင်တွေကို မကောင်းပြောမယ့် ဆောင်းပါးမဟုတ်သလို အိမ်ငှားတွေကို မြှောက်ပေးလိုစိတ်လည်းမရှိပါကြောင်း ကြိုအသိပေးထားချင်ပါတယ်။ ဒီနေ့တော့ Shwe Property က အိမ်နဲ့ယာနဲ့နေလိုသူတိုင်း ကြုံရတတ်တဲ့ အိမ်ရှင်အိမ်ငှားပြဿနာတွေမကြုံရအောင် အချို့သောအိမ်ရှင်တွေရဲ့လှည့်ကွက်တွေကို ပြောပြပေးလိုက်ပါတယ်။ 

(၁) စပေါ်ငွေနဲ့ပတ်သက်တဲ့ကိစ္စများ

စပေါ်ငွေဆိုတာက အိမ်ပေါ်တက်မနေခင် ငွေတန်ဖိုးတစ်ခု (များပြားတဲ့ငွေတန်ဖိုး) ကို အိမ်ရှင်ကို အပ်ထားလိုက်ရပြီး အိမ်လခကိုနည်းနည်းပဲ ပေးရတဲ့ စနစ်မျိုးပါ။ ဥပမာ စပေါ် သိန်း (၅၀)၊အိမ်လခ (၂)သောင်းဆိုတာမျိုးပေါ့။ အချို့အိမ်ရှင်တွေက စပေါ်ငွေဘယ်လောက်လို့ယူထားပြီး အိမ်လခအနည်းငယ်နဲ့ သဘောတူပြီးကာမှ နောက်ပိုင်းမှာ လခတိုးတောင်းမယ့်အစား စပေါ်ငွေတိုးတောင်းတာတွေ၊ အိမ်ကိုဆက်မငှားတော့ဘူးဆိုတာတောင် စပေါ်ငွေပြန်မပေးတာတွေရှိတတ်ပါတယ်။ ဒါကြောင့် စာချုပ်ထဲမှာ အိမ်ဆက်လက်ငှားရမ်းမှုမရှိတော့ပါက စပေါ်ငွေကို ဘယ်နှစ်ပတ်အတွင်း ပြန်ပေးရမယ်ဆိုတာမျိုး ထည့်ချုပ်ထားသင့်ပါတယ်။ 

(၂) ဖုန်းကွယ်ထားတဲ့ကုန်ကျစားရိတ်များ

Hidden Cost လို့ခေါ်တဲ့ ကုန်ကျစားရိတ်တွေဟာ ပစ္စည်းဝယ်တဲ့နေရာမှာတင်မဟုတ်ဘဲ အိမ်ငှားတဲ့အချိန်မှာလည်း ရှိတတ်ပါတယ်။ အိမ်က နေလို့ကောင်းမယ့်ပုံလေး၊ အိမ်လခလည်းသက်သာတယ်ဆိုပြီး တက်နေလိုက်ပြီးကာမှ ရေမော်တာပျက်လို့၊ ရေစည်ယိုလို့၊ အခန်းမကောင်းလို့ စတဲ့ ကိုယ့်ဘာသာပြင်ရယ့်အရာတွေကို အိမ်ရှင်က အကုန်အကျမခံဘဲ အိမ်ငှားကိုပဲကုန်ကျစေတာမျိုး ရှိတတ်သလို အခြားသော မြေရှင်ကို ပေးရတဲ့ ကုန်ကျစားရိတ်တွေလည်း တစ်လတစ်လရှိတတ်ပါတယ်။ ဒါကြောင့် အိမ်မငှားခင်ကတည်းက ဘယ်ကုန်ကျစားရိတ်ကို ဘယ်သူကပေးမှာလဲဆိုတာမျိုး ကြိုတင်ရှင်းလင်းထားသင့်တာပါ။ 

(၃) အိမ်ရောင်းချခြင်းရှိမရှိ

အချို့အိမ်တွေက အငှားအတွက်သီးသန့်ထားတာမို့ နှစ်တွေအကြာကြီးငှားထားတာမျိုး ရှိတတ်ပြီး အချို့ကတော့ ရောင်းဖို့မရှိပါဘူးလို့ ပြောထားပြီးကာမှ ရောင်းဖို့လုပ်လို့ ကိုယ်နေနေတုန်း အိမ်ကိုလူတွေလာကြည့်တာမျိုး၊ အိမ်ရှင်အသစ်နဲ့အစကပြန်ပြီး စာချုပ်ချုပ်ရမှာမျိုး စတဲ့ မလိုလားအပ်တဲ့ ကိစ္စတွေရှုပ်လာနိုင်ပါတယ်။ ဒါကြောင့် အိမ်ငှားတော့မယ်ဆိုရင် ပွဲစားစကားကိုမယုံဘဲ အိမ်ရှင်နဲ့ သေသေချာချာအတည်ပြုမေးမြန်းဖို့ လိုအပ်ပါတယ်။



(၄) အိမ်ရှင်က အိမ်ရှင်အစစ်ဟုတ်ရဲ့လား

အိမ်ငှားတော့မယ်ဆိုရင် အိမ်ရှင်က အိမ်ရှင်အစစ်ဟုတ်ရဲ့လား၊ လူလိမ်လား၊ ဒါမှမဟုတ် ဒီအိမ်ကိုပဲ ငှားနေနေတဲ့ အိမ်ငှားက အိမ်ကိုပြန်ငှားနေတာလား စတာတွေ သေသေချာချာ စစ်ဆေးဖို့လိုအပ်ပါတယ်။ ကိုယ်ကအိမ်ရှင်ထင်ထားတဲ့သူက အိမ်ရှင်ဖြစ်မနေဘဲ အခြားတစ်ယောက်က အိမ်ရှင်ဖြစ်နေတာမျိုးတွေကြောင့် အရှုပ်အရှင်းတွေနဲ့ကြုံရတဲ့သာဓကတွေ များစွာရှိခဲ့ဖူးပါတယ်။ အချို့အိမ်ရှင်တွေက အိမ်ငှားကို ပ ထုတ်ချင်တယ်ဆိုရင်လည်း ဒီလှည့်ကွက်ကိုသုံးတတ်ပြန်ပါသေးတယ်။ ဒါကြောင့် အိမ်ရှင်နဲ့ ပတ်သက်ပြီးတော့လည်း သေသေချာချာ စစ်ဆေးအတည်ပြုဖို့လိုပါတယ်။ 

(၅) အိမ်အတွင်းပိုင်းအခြေအနေ 

အချို့အိမ်ရှင်တွေက အိမ်ငှားတဲ့အခါ အခန်း (၂) ခန်းပါတယ်ဆိုရင် (၁) ခန်းကို သုံးပါ၊ (၁) ခန်းမှာထားထားတဲ့ ပစ္စည်းတွေ ရွှေ့ပေးပါ့မယ်လို့ ပြောပြီး အိမ်ပေါ်တက်​ပြီး တစ်ရက်လည်းမရွှေ့၊ တစ်လလည်းမပေါ်လာတာမျိုးတွေရှိပါတယ်။ အဲဒီအခါ ကိုယ်က တစ်အိမ်လုံးစာ ငှားခပေးနေရပေမယ့် တစ်အိမ်လုံးမနေရတာမျိုးဖြစ်နေတော့မှာပါ။ အဲဒီအခါ အိမ်ထဲကပစ္စည်းတွေကို ရွှေ့ပေးပြီးမှစာချုပ်ချုပ်မယ်ဆိုတာမျိုး ပြောပြီး ကြိုတင်ကာကွယ်ထားလို့ရပါတယ်။ 

အခုပြောပြသွားတာကတော့ အိမ်ရှင်တွေနဲ့ အိမ်ငှားတွေဖြစ်တတ်တဲ့ပြဿနာတွေထဲက လူတွေအကြုံရဆုံးပြဿနာတွေပဲဖြစ်ပါတယ်။ အိမ်ငှားနေမယ့်သူတွေလည်း သဘောကောင်းပြီး ရိုးသားဖြောင့်မတ်တဲ့ အိမ်ရှင်တွေနဲ့တွေ့ရပြီး အိမ်ငှားစားမယ့်အိမ်ရှင်တွေလည်း မှန်ကန်ပြီးစိတ်ချရတဲ့ အိမ်ငှားတွေနဲ့တွေ့ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ 

Credit to original uploader

Related Posts