Myanmar House Logo

Myanmar House

Real Estate in Myanmar

မြန်မာပြည်မှာ လူအများစု အထင်မှားနေတာ တစ်ခုက အိုင်တီဆိုရင် PROGRAMMING နဲ့ NETWORKING တို့လောက်ပဲ သိထားကြတာ ဖြစ်ပါတယ်။

March 3, 2023 186 views
မြန်မာပြည်မှာ လူအများစု အထင်မှားနေတာ တစ်ခုက အိုင်တီဆိုရင် PROGRAMMING နဲ့ NETWORKING တို့လောက်ပဲ သိထားကြတာ ဖြစ်ပါတယ်။

ဒီတော့ IT ရယ်လို့ခေါင်းစဉ် တပ်လိုက်ရင်ပါဝင်လာမယ့် အလုပ်အကိုင်၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များကို မျှဝေပေးလိုက် ရပါတယ်။

 

အဓိကအားဖြင့် ကဏ္ဍခွဲမယ်ဆိုရင်

 

  • 3D Animation or Graphic design
  • Customer service
  • Data Entry
  • Database
  • Electronics technician or engineer
  • Engineer
  • Freelancer
  • Hardware
  • Networking or System Administrator
  • Programmer or Software developer
  • Quality Assurance (QA), System analyst or Tester
  • Repair and fix
  • Sales
  • Marketing
  • Technical Support (Technician or Help Desk)
  • Technical Writing
  • Security expert
  • Webmaster or Web Designer
  • IT Business

“3D ANIMATION AND GRAPHIC DESIGN”

3D Animation and Graphic Design ကတော့ ဘာမှ သိပ်ရှင်းပြစရာ မလိုလောက်အောင် အများစု သိရှိပြီးသား ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ သို့ပေမယ့် Graphic and 3D ဆိုရင် ကြော်ငြာလက်ကမ်းစာစောင်တို့ အပေါ် အတွက်၊ ပစ္စည်း ဒီဇိုင်းပုံစံတို့လောက်ပဲ မထင်စေချင်ပါဘူး။ သူက ရုပ်ရှင်၊ ဗီဒီယို ဂိမ်း၊ ဆော့ဖ်ဝဲ ပရိုဂရမ်တို့အတွက်ပါ လိုအပ်တဲ့ ပုံ၊ 3D Animation များကိုလည်း ပြုလုပ်ရခြင်း ဖြစ်ပါတယ်။

“CUSTOMER SERVICE”

အမျိုးအစား – ကုမ္မဏီတစ်ခုရဲ့ Customer service အနေနဲ့ လုပ်ကိုင်မယ် ဆိုရင် Customer တွေရဲ့ မေးမြန်းမှု၊ တောင်းဆို မှုတွေကို ဖြေကြား ဆောင်ရွက်ပေးရတာလို့ အကြမ်းဖျဉ်းမှတ်ယူ နိုင်ပါတယ်။ သူက ကုမ္ပဏီ အမျိုးအစားအပေါ်မှာလည်း မူတည် ပါသေး တယ်။ မေးမြန်း တဲ့ မေးခွန်းကလည်း ကုမ္ပဏီအကြောင်း အရာ၊ အော်ဒါ၊ အော်ဒါ အခြေအနေ၊ ပစ္စည်း သတင်းအချက်အလက် နဲ့ အသုံးပြုပုံ အပြင် အခြားသော အကြောင်းအရာများလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဒီတော့ အွန်လိုင်းဈေးရောင်း ဈေးဝယ် ကုမ္မဏီမှာ Customer service လုပ်တယ်ဆို ရင် အွန်လိုင်းက အကောင့်ဖွင့်မရတာ တို့၊ အော်ဒါ မှာ နောက်ကျ တာတို့ မေးမြန်း တဲ့အခါ ဖြေကြား၊ ဝန်ဆောင်မှု ပေးရမှာ ဖြစ်ပါတယ်။
လိုအပ်ချက် – ပြောဆိုဆက်ဆံရေးမှာ ကောင်းမွန်ဖို့ လိုအပ် ပါတယ်။ ကုမ္ပဏီနဲ့ ကုန်ပစ္စည်း အကြောင်းကို အကြမ်းဖျဉ်းနားလည်ထားဖို့ လိုအပ် ပါတယ်။ နည်းပညာ ကျတဲ့အခက်အခဲတွေ ဖြေရှင်းဖို့ကျ Customer service က အင်ဂျင်နီယာသို့မဟုတ် ကုန်ပစ္စည်း ထုတ်လုပ်သူ သို့မဟုတ် Technical Support ဘက်ကို လွဲပြောင်းပေးရတာမို့လို့ အသေးစိတ် သိနေဖို့ မလိုအပ် ပါဘူး။
လိုအပ်ချက် – ကွန်ပြူတာကို ကျွမ်းကျင်စွာ အသုံးပြုတတ်သူ ဖြစ်ရပါမယ်။ ကုမ္ပဏီရဲ့ System အားလုံးကို ခြုံငုံသိထားဖု့ိ လိုအပ်ပါတယ်။ ဒါမှလည်း အခက်အခဲကိစ္စအတွက် ဘယ်သူတွေ ဖြေရှင်းမယ် ဆိုတာကို တိုက်ရိုက် သတင်းပို့ပေးနိုင်မှာ ဖြစ်ပါတယ်။

“DATA ENTRY”

အမျိုးအစား – Data Entry အလုပ်ကို အတော်များများက အိုင်တီအလုပ်လို့ မထင်ခဲ့ကြပါဘူး။ သို့ပေမယ့် ဒါဟာလည်း အိုင်တီအလုပ်တစ်မျိုးပဲ ဖြစ်ပါ တယ်။ သူက အပြင် Offline က စာတွေ၊ သတင်းအချက်အလက်တွေကို ကွန်ပြူတာထဲ ( Electronic format ) အဖြစ်ပြောင်းလဲပြီး ရိုက်ထည့် ပေးရခြင်း ဖြစ်ပါတယ်။
လိုအပ်ချက် – စာရိုက်နှုန်းမြန်ဖို့ လိုအပ်ပါတယ်။ အင်္ဂလိပ်အပြင်၊ မြန်မာပြည် မှာဆိုရင် မြန်မာ font အစုံနဲ့ လိုအပ်ချက်အလျောက် အကျွမ်းတဝင် ရှိထားဖို့ လိုအပ် ပါတယ်။ Microsoft Office တို့လို Office Application များကို ကျွမ်းကျင်စွာ အသုံးပြုတတ်ဖု့ိလိုအပ် ပါတယ်။
လိုအပ်ချက် – သူက ပညာအရည်အချင်း လိုအပ်ချက် သိပ်မများပါဘူး။ အဓိကကတော့ စာရိုက်တာ မြန်ဖို့လိုအပ်ခြင်း ဖြစ်ပါတယ်။

“DATABASE”

အမျိုးအစား – Database များ ဖန်တီးခြင်း၊ စမ်းသပ်ခြင်း၊ ထိန်းသိမ်းခြင်းတို့ကို ပြုလုပ်ရတဲ့ အလုပ်အမျိုးအစား ဖြစ်ပါတယ်။
လိုအပ်ချက် – Database နဲ့ ပက်သက်တဲ့ ဗဟုသုတ၊ ပညာတွေကို သိထားဖို့ လိုအပ် ပါတယ်။ Access, FoxPro, MySQL, MySQL, SQL နဲ့ Sybase တို့လို ဟာမျိုးတွေ ဖြစ်ပါတယ်။ သူက Programming နဲ့လည်း ဆက်စပ်နေတဲ့ အလုပ်ပါ။

“ELECTRONIC TECHNICIAN OR ENGINEER”

အမျိုးအစား – ကွန်ပြူတာ စနစ်တို့ဆိုတာ အီလက်ထရောနစ် စနစ်အပေါ်မှာ အခြေခံထားခြင်း ဖြစ်ပါတယ်။ ဒီတော့ အီလက်ထရောနစ် ပစ္စည်းများ တပ်ဆင်ခြင်း၊ စမ်းသပ်ခြင်း၊ ပြုပြင်ခြင်း အလုပ် အမျိုးအစား ဖြစ်ပါတယ်။
လိုအပ်ချက် – အခြေခံနဲ့ အဆင့်မြင့် အီလက်ထရောနစ် ဗဟုသုတနဲ့ ပညာရပ်များကို သိရှိ တတ်မြောက် ထားရန်လိုအပ် ပါတယ်။

“အင်ဂျင်နီယာ”

အမျိုးအစား – အင်ဂျင်နီယာ ဆိုတာ အိုင်တီ လုပ်ငန်းမှာ အတော်လေး မြင့်တဲ့ ရာထူး အဆင့် တစ်ခု ဖြစ်ပါတယ်။ ဥပမာ ဆော့ဖ်ဝဲ အင်ဂျင်နီယာ၊ ဟာ့ဒ်ဝဲ အင်ဂျင်နီယာ ဆိုရင် တပ်ဆင်ခြင်း၊ ပြုပြင်ခြင်း ဖြစ်တဲ့ Technician အဆင့်ကို ကျော်လွန်ပြီး ထုတ်လုပ်တဲ့ အဆင့်အထိကို ရှိပါတယ်။
လိုအပ်ချက် – မိမိ ရွေးချယ်တဲ့ အိုင်တီ အင်ဂျင်နီယာ အသက်မွေး ဝမ်းကျောင်း ပညာအလျောက် တက္ကသိုလ်တွေ၊ သင်တန်းတွေ တက်ထားဖို့ လိုအပ် ပါတယ်။

“HARDWARE”

အမျိုးအစား – Hardware ဒီဇိုင်နာ၊ ဆားကဒ်ဒီဇိုင်း၊ embedded systems, firmware အစရှိသဖြင့် အလုပ်နဲ့ ပစ္စည်းမျိုးစုံ ရှိပါတယ်။ Hardware ပစ္စည်း တစ်စုံလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို ဖန်တီးရခြင်းလည်း ဖြစ်နိုင် ပါတယ်။
လိုအပ်ချက် – သူက အီလက်ထရောနစ်၊ ဆားကစ်၊ firmware, ဒီဇိုင်း ပညာရပ်များကို တတ်မြောက် ထားရန် လိုအပ် ပါတယ်။ ဒီတော့ အင်ဂျင်နီယာ Level နဲ့ သိပ်မကွာ ပါဘူး။

“NETWORKING OR SYSTEM ADMINISTRATOR”

အမျိုးအစား – ကွန်ပြူတာတစ်လုံးနဲ့တစ်လုံး ဆက်သွယ်ဖို့အတွက် ကနေ ကမ္ဘာတစ်ဝန်းနဲ့ ဆက်သွယ်ဖို့အတွက် အင်တာနက် ကွန်ရက်စနစ်ဖန်တီးမှုလုပ်ငန်းဟာ Networking ဖြစ်ပြီး ယင်းစနစ်ကို ဖန်တီး၊ ထိန်းချုပ်တဲ့အလုပ်က System Administrator ဖြစ်ပါတယ်။ ဒါကတော့ မြန်မာပြည်မှာလည်း လူသိများတဲ့ အလုပ်အမျိုးအစား ဖြစ်ပါတယ်။
လိုအပ်ချက် – CCNA, MCSE အစရှိသဖြင့် စာမေးပွဲများ ကို ဖြေကြားအောင်မြင်ထားဖို့လိုအပ် ပါတယ်။ တကယ်လည်း တတ်မြောက်ဖို့ လိုအပ် ပါတယ်။

“PROGRAMMER OR SOFTWARE DEVELOPER”

ဒီအလုပ်ကိုလည်း ပြောပြစရာမလိုလောက်အောင် တော်တော်များများ သိကြမှာပါ။ Programing အလုပ်၊ Software developing အလုပ်အကိုင်အခွင့်အလမ်းများလည်း မြန်မာပြည်မှာ အင်မတန် များပြား ပါတယ်။

“QUALITY ASSURANCE (QA), SYSTEM ANALYST OR TESTER”

အမျိုးအစား – ကုမ္ပဏီထုတ် အိုင်တီ ထုတ်ကုန်တွေကို အရည်အသွေး စစ်ဆေးပေးခြင်း၊ စမ်းသပ်ခြင်း၊ အသေးစိတ် လေ့လာရတဲ့ အလုပ် ဖြစ်ပါတယ်။ ကုန်ပစ္စည်းအရည်အသွေးနဲ့ ပက်သက်ပြီး စစ်ဆေးရတဲ့ အလုပ် ဖြစ်ပါတယ်။
လိုအပ်ချက် – ကွန်ပြူတာ နဲ့ ပက်သက်လို့အခြေခံ ဗဟုသုတ၊ ပညာအပြင်၊ ကိုယ် လုပ်ကိုင်ပေးနေရတဲ့ ပစ္စည်းနဲ့ ပက်သက်လို့လည်း သိထားဖို့ လိုအပ် ပါတယ်။

“REPAIR AND FIX”

အမျိုးအစား – ကွန်ပြူတာ ဟာ့ဒ်ဝဲနဲ့ ပစ္စည်းများကို ပြင်ဆင်တဲ့ အလုပ်ဖြစ်ပါတယ်။
လိုအပ်ချက် – ကွန်ပြူတာ ဖြုတ်ခြင်း၊ တပ်ခြင်း၊ ပြင်ဆင်ခြင်းကို သေချာ တတ်မြောက်ထားဖို့ လိုအပ် ပါတယ်။

“SALE”

အမျိုးအစား – ကွန်ပြူတာ၊ အိုင်တီနဲ့ ဆက်စပ် ထုတ်ကုန်ပစ္စည်းများ ကို ရောင်းချခြင်းလုပ်ငန်း ဖြစ်ပါတယ်။
လိုအပ်ချက် – လူမှုဆက်ဆံရေး ပြေပြစ်ကောင်းမွန်ဖု့ိ လိုအပ် ပါတယ်။ မိမိရောင်းချမယ့် ပစ္စည်းရဲ့ အကြောင်းကိုလည်း အကြမ်းဖျဉ်းသိထားဖို့ လိုအပ် ပါသေးတယ်။ ဝဘ်ဆိုဒ်ရေးဆွဲပေးတဲ့ ကုမ္ပဏီဆိုရင်လည်း ဝဘ်ဆိုဒ်တစ်ခု ရေးဆွဲပေးခြင်း ဝန်ဆောင်မှုနဲ့ ကုန်ကျစရိတ် များကို ဝယ်ယူသူ နားလည်လောက်တဲ့အထိ ရှင်းပြပေးဖို့ လိုအပ် ပါတယ်။ Sale အလုပ်က ဒီထက်ပိုကျယ်ပြန့် ပါတယ်။ ဥပမာ Facebook မှာ Sale Manager ရာထူးနဲ့ အလုပ်လုပ်ရသူ တစ်ဦးဟာ ဆိုရင် မာကဲတင်း၊ စီးပွားရေး၊ MBA အပြင် အခြားသော နည်းပညာဆိုင်ရာ အရည်အချင်းနဲ့ အတွေ့ အကြုံ များစွာ လိုအပ် ပါတယ်။

“MARKETING”

အမျိုးအစား – မိမိကုန်ပစ္စည်းအမျိုးအစားအတွက် ဈေးကွက်နယ်ပယ်ချဲ့ထွင်ခြင်း ဖြစ်ပါတယ်။ မာကဲတင်း အလုပ်က ဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲ အတွက်ဆိုပြီးတော့ ကွဲပါသေးတယ်။ ပြီးတော့ Online နဲ့ Offline ဆိုပြီးတော့လဲ ကွဲပါသေးတယ်။ Online ဆိုရင် ဘယ်ဝဘ်ဆိုဒ်မှာ Banner ထည့်ရမယ်။ Search Engine မှာရှာလို့လွယ်အောင် ဘယ်လို Optimize လုပ်ရမယ်။ ဆိုဒ်အားလုံးနဲ့ ဘယ်လို Link ချိတ်ရမယ် အစရှိသဖြင့် ဗျူဟာဆွဲတတ်ဖို့လိုအပ်ပါတယ်။ Offline ကတော့ အားလုံး သိထားတဲ့အတိုင်းပါပဲ။ ကြော်ငြာ ပိုစတာကစလို့၊ TVC ဖန်တီးတဲ့အထိ အလုပ်က အစားစား ရှိသွား နိုင် ပါတယ်။
လိုအပ်ချက် – မာကဲတင်းနဲ့ ဆိုင်တဲ့ ဘွဲ့တွေ၊ certificate တွေအပြင်၊ ကွန်ပြူတာနဲ့ ဆက်စပ်လို့ ဗဟုသုတ၊ ပညာများ ကြွယ်ဝတတ်မြောက်ထားဖို့လိုအပ်ပါတယ်။ အထူးသဖြင့် Search Engine Optimization ကိုသေချာ သိရှိတတ်မြောက်ထားဖို့ လိုအပ် ပါတယ်။

“TECHNICIAL SUPPORT ( TECHNICIAN OR HELP DESK )”

အမျိုးအစား – ကုမ္ပဏီတစ်ခု လုပ်ငန်းတစ်ခုမှာ ကွန်ပြူတာ၊ ဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲနဲ့ ပက်သက်လု့ိ နည်းပညာဆိုင်ရာ အခက်အခဲ၊ ပြဿနာ ကြုံတွေ့တဲ့အခါ နည်းပညာကျကျ ဖြေရှင်းပေးရမယ့် ပုဂ္ဂိုလ် ဖြစ်ပါတယ်။
လိုအပ်ချက် – ကွန်ပြူတာ ဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲ အကြောင်းများကို သိရှိနားလည်ပြီး ကိုယ်တာဝန် ယူပေးရမယ့် အပိုင်းမှာ ပိုပြီးတတ်ထားဖို့လိုအပ် ပါတယ်။ ဥပမာ – ကိုယ်က Windows OS တင်ခြင်း၊ ချခြင်း နဲ့ အချက်အလက် အကူးအပြောင်း အတွက် တာဝန်ယူပေးရသူဆိုရင် ဝန်ထမ်းတစ်ဦးချင်းရဲ့ လိုအပ်ချက်အလျောက် အခက်အခဲတွေ့တဲ့အခါ ကူညီဖြေရှင်းပေးဖို့ လိုအပ် ပါတယ်။

“TECHNICAL WRITING”

အမျိုးအစား – ထုတ်ကုန်ပစ္စည်းအမျိုးအစားများရဲ့ အသုံးပြုပုံ လမ်းညွန်၊ အချက်အလက် များကို ရေးသား ပေးရတဲ့ အလုပ် ဖြစ်ပါတယ်။ ဥပမာ မိုဘိုင်းဖုန်း ထဲမှာပါတဲ့ အသုံးပြုပုံလမ်းညွန်တို့၊ အချက်အလက်တို့ ဖြစ်ပါတယ်။ ဒါကလည်း နိုင်ငံတကာမှာ ဝင်ငွေကောင်းတဲ့ အလုပ်အမျိုးအစား ဖြစ် ပါတယ်။ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းအလျောက် ကြော်ငြာရန်အတွက်ကော၊ ကုန်ပစ္စည်းမှာ ထည့်သွင်း ရန် အတွက်ရော အစရှိသဖြင့် ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ရေးသားလို့ Online, Offline ဖြန့်ချိ ကြပါတယယ်။
လိုအပ်ချက် – ကွန်ပြူတာ၊ အိုင်တီဆိုင်ရာအခြေခံ ဗဟုသုတများ ကြွယ်ဝရန် လိုအပ်ပြီး စာရေးသားခြင်း အတတ်ပညာကို သေချာတတ်မြောက်ထားဖို့ လိုအပ် ပါတယ်။ မြန်မာဘာသာ၊ အင်္ဂလိပ် ဘာသာ ၂ မျိုးစလုံးတတ်မြောက်ထားရင် အနာဂတ်မှာ အလုပ်အကိုင် အခွင့်အလမ်း ကောင်းများ ပိုမို ရရှိ နိုင်ပါတယ်။

“SECURITY EXPERT”

အမျိုးအစား – system, hardware ပစ္စည်း၊ software ပရိုဂရမ်များရဲ့ လုံခြုံးရေးအတွက် တာဝန် ရှိတဲ့ အလုပ်မျိုး ဖြစ်ပါတယ်။
လိုအပ်ချက် – အမျိုးအစားပေါ်မူတည် ပါတယ်။ ဆော့ဖ်ဝဲလုံခြုံရေး အတွက်ဆိုရင် Programming တက်မြောက်ရုံမက၊ စနစ်တစ်ခုလုံး အလုပ်လုပ်ပုံ flow ကို သိရှိ၊ ကိုင်တွယ် တတ်ဖို့လိုအပ် ပါတယ်။ expert level ဖြစ်တဲ့အတွက် နိုင်ငံတကာမှာ လစာအတော်လေးရတဲ့ အလုပ်အမျိုးအစားပါပဲ။

“WEB DESIGNER”

အမျိုးအစား – Web Page တွေကိုရေးဆွဲပေးရတဲ့ အလုပ် ဖြစ်ပါတယ်။
လိုအပ်ချက် – အခြေခံအားဖြင့် HTML, CSS နဲ့ Photoshop တို့ကို တတ်မြောက်ထားရန် လိုအပ်ပြီး လုပ်ငန်းလိုအပ်ချက်အရ CGI, CSS, Flash, FTP, Linux, Perl, PHP, RSS, SSI, Unix, XHTML တို့ကို သိထားတတ်ထားဖို့လိုအပ် ပါတယ်။

“IT BUSINESS”

အမျိုးအစား – ဒါကတော့ အိုင်တီနယ်ပယ်က လျှောက်လမ်းသူ အများစု ရဲ့ ပန်းတိုင် တစ်ခုပဲ ထင်ပါတယ်။ အိုင်တီနဲ့ ဆက်စပ် စီးပွားရေး လုပ်ငန်းလုပ်ဖို့အတွက် ရည်ရွယ်တဲ့ အလုပ် ဖြစ်ပါတယ်။
လိုအပ်ချက် – စီးပွာရေးဆိုင်ရာ ဘွဲ့ ပညာရပ်အပြင်၊ ကွန်ပြူတာနဲ့ အိုင်တီ ဆက်စပ် ပညာရပ်၊ ဗဟုသုတ များကိုလည်း အကြမ်းဖျဉ်းသိရှိထားရန် လိုအပ်ပါတယ်။ ကိုယ်ထုတ်လုပ် ရောင်းချ စီးပွားရေး လုပ်မယ့် ပစ္စည်းကိုကျတော့ သေချာ သိရှိ နားလည် ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

အထက်ပါဖော်ပြချက်ထဲမှာ Mobile and Telecommunication Industry ကိုမဖော်ပြခဲ့ပါဘူး။ မိုဘိုင်း ဆက်သွယ်ရေးဟာလည်း အိုင်တီဆက်စပ် လုပ်ငန်းအမျိုးအစား တစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော ချန်ခဲ့တဲ့ အလုပ်အမျိုးအစား၊ အသက်မွေးဝမ်းကျောင်း ပညာရပ် အမျိုးအစားတွေ ရှိနေ ပါသေးတယ်။ ဥပမာ Content Developing လို အလုပ်မျိုးဟာဆိုရင်လည်း အိုင်တီဆက်စပ် ကဏ္ဍတွေ အားလုံးမှာ ရှိနေတဲ့ အသက်မွေးဝမ်းကျောင်း ပညာ တစ်ခု ဖြစ်ပါတယ်။ အခြားသော အလုပ်ပေါင်းများစွာလည်း ရှိပါတယ်။ ဒီလောက်ဆိုရင် အိုင်တီဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဘယ်လို အလုပ် အမျိုးစားတွေ ရှိတယ်ဆိုတာကို သိရှိပြီလို့ မျော်လင့်ပါတယ်။

Source: Computer Network Administrator Myanmar
#Credit

Related Posts