Myanmar House Logo

Myanmar House

Real Estate in Myanmar

“ခြံနဲ့ ဝင်းနဲ့ အိမ်လေးနဲ့”

March 10, 2023 171 views
“ခြံနဲ့ ဝင်းနဲ့ အိမ်လေးနဲ့”

ခြံတံခါးတိုင်ရှိ ခလုတ်လေးကို နှိပ်လိုက်သဖြင့် ခြံအတွင်း တစ်နေရာက ‘ကလောင်’ဆိုသည့် မြည်သံကလေး ထွက်သွားသည်ကို ကြားလိုက်၏။ထို့နောက် ကြေးဝါရောင်တံခါးသည် ဆလိုက်ဒိုးပုံစံ ဘေးတိုက်ရွေ့လျားပြီး ပွင့်သွား၏။

အဝေးထိန်းကိရိယာတပ်ဆင်ထားသဖြင့် လူလာဖွင့်စရာမလိုတော့ပေ။ဖွင့်ပေးသူက ခြံထဲတနေရာရာမှာ ရှိပါလိမ့်မည်။ခြံထဲဝင်ပြီးနောက် လျှပ်တစ်ပြက်အတွင်း အကဲခက်မိလိုက်သည်။

ခြံဝင်းအကျယ်သည် ပေ(၁၅၀)ပတ်လည်လောက်ရှိပေရော့မည်။အိမ်တစ်လုံးကိုပင် ပေ(၅၀)ကျော် ပတ်လည်အတွင်း ဆောက်ထားလိမ့်မည်ဟု ခန့်မှန်းရသည်။နှစ်ထပ်တိုက်အိမ်ကြီးဖြစ်ပြီး လူတွေကိုတော့ မတွေ့ရ။အိမ်ထဲကမထွက်ဘဲ နေကြသည်လား။တိတ်ဆိတ်ခြင်းတို့သာ မင်းမူနေသည်။

ခဏနေတော့ ကောင်လေးတစ်ယောက် ကားတွေရပ်ထားရာကြားထဲက ထွက်လာသည်။ကားဂိုထောင် အမိုးအောက်တွင် ဈေးကြီးပေ့ဆိုသည့် ကားများရပ်ထားသည်။ကားဂိုထောင်နှင့် အိမ်မကြီးအကြား ဆက်သွယ်ထားသည့်နေရာတွင် အဖီတိုက်ခန်းတစ်ခုကိုလည်း ခြေတံရှည်အမြင့်ပုံစံ ဆောက်ထား၏။ ထိုအဆောက်အအုံ၏ အောက်တွင်လည်း ကားတစ်စီးရပ်ထား၏။ထိုကားမှာ လျှပ်စစ်ကားဖြစ်ကြောင်း နောက်မှ ကောင်လေးပြောပြသဖြင့် သိရသည်။

ကျွန်တော်တို့အဖွဲ့ ဤအိမ်ကြီး အတွင်းရောက်လာခဲ့ရသည်က အထွေထွေဝန်ဆောင်မှုကို အကြောင်းပြု၍ ရောက်လာခဲ့ခြင်းဖြစ်သည်။ကျွန်တော့်အဓိကလုပ်ကိုင်သည်က အခြားအလုပ်တစ်ခု။ အိမ်တွင်းအိမ်ပြင်နှင့် ပတ်သက်ပြီး လုပ်ကိုင်ရမည့် ယခုအလုပ်သည်ကာ မိမိနှင့် အစိမ်းသက်သက်။မကျွမ်း မကျင်။သိုသော်လည်း အမြင်တော့ထိုက်သင့်သလောက်ရှိထားပါသည်။

ထို့ကြောင့်ပင် စနေ၊တနင်္ဂနွေ အလုပ်ပိတ်ရက်ကလေးတွင် ဒီအလုပ်ကို ကူညီဝင်ရောက်လုပ်ကိုင်ရင်း အတွေ့အကြုံတို့ ယူရသည်။

ကျွန်တော် ယခုကူရမည်က ခြဆေးဖြန်းခြင်းလုပ်ရမည်။ထိုကိစ္စပြီးမှ ဤအိမ်အတွက် အခြားသောလုပ်ငန်းတို့ ဆက်လက်လုပ်ကိုင်ရမည်။

‘သူဌေးတွေတော့မရှိဘူးဗျ…လုပ်ရမယ့်နေရာတွေကို ကျွန်တော်လိုက်ပြမယ်..’

အိမ်အတွင်း ခြတွေစွဲနေသည့်နေရာများနှင့် ခြမရောက်သေးသော်လည်း ခြဆေးကြိုတင်ချထားရမည့်နေရာများ ကို လိုက်လံပြသသည်။ထို့ကြောင့် အိမ်တွင်းပိုင်းအနေ အထားကိုလည်း အကုန်လုံးမြင်တွေ့ခွင့်ရခဲ့သည်။

အပေါ်ထပ်တွင်ပင် ကျယ်ဝန်းလှသည့် အိပ်ခန်းကျယ် ၅ ခန်းရှိသည်။အိမ်၏မျက်နှာသာကျသည့် ရှေ့ဘက် အပိုင်းကို ဧည့်ခန်းနှင့် ဘုရားခန်းတွဲထားသည်။ကျယ်ဝန်လှပါ၏။ဘုရားခန်းမှာလည်း ကြည်ညိုဖွယ်ကောင်းလှ ပါ၏။ထိုအခန်းတို့၏ အလယ်တွင် အားကစားလုပ်ရန်အတွက် ပစ္စည်းများနှင့်နေရာချထားသည်ကိုတွေ့ရသည်။

ထိုအိမ်ရှိခြံစောင့် ဥယျာဉ်မှူးကောင်လေး၏ ပြောစကားအရ ဤအိမ်က သူဌေးဆိုသူတို့သည် ရန်ကုန်မှာ အချိန်ကြာကြာ သိပ်ပြီး နေလေ့နေထ မရှိကြောင်းသိရသည်။မန္တလေးတွင် အနေများကြောင်း၊ စစ်ကိုင်းဘက်တွင် ပရိဘောဂနှင့် သစ်အချောထည်ထုတ် လုပ်သည့်လုပ်ငန်းများရှိကြောင်း သိရသည်။ မြန်မာပြည်အောက်ပိုင်းတွင်လည်းကောင်း၊လူတို့အနားယူ အပန်းဖြေကြရာ ပင်လက်ကမ်းခြေတို့တွင်လည်း အိမ်ရာများပိုင်ဆိုင်ထားကြောင်း သိရသည်။

မြန်မာပြည်အနှံ့ ခရီးထွက်လျှင် သူတို့အတွက် ဟိုတယ်မလို ကိုယ့်အိမ်ကိုယ့်ရာများ နေရာအနှံ့ရှိကြောင်း၊ သူတို့ပိုင်ဆိုင်သည် အိမ်မှာပဲတည်းနိုင်ကြောင်း သိရသည်။

ျ…သူများတွေချမ်းသာကြပုံများ လက်ညိုးညွှန်ရာ အိမ်ရှိနေကြတဲ့ ဘဝတွေပါလားဟု အတွေးတို့ စိတ်မှာဖြစ်လိုက်မိသေးသည်။မိမိအဖြစ်နှင့်ယှဉ်တော့ မိမိကအိမ်ငှား။နေစရာအတွက် အမြဲပူပန်နေရသူ ဖြစ်သည်။

ဒီလိုအိမ်ကောင်းရာကောင်းကြီးကို ခြဆေးဖြန်းရမည်က အပိုအလုပ်ဟု ထင်စရာရှိသည်။တကယ့်လက်တွေ့တွင် အိမ်တွင်ပိုင်း၌ သုံးထားသည့်သစ်တို့က များလှပါသည်။ကောင်းပေ့ဆိုသည့် သစ်များပါနိုင်သလို ၊ အထပ်သားနှင့် အခြားသောသစ်များလည်းပါဝင်ကြရာ ခြတို့သည် ဘယ်အချိန် ဘယ်ကာလကတည်းက ဝင်တွယ်နေကြသည်မသိ အတွင်းလှိုက်စားပြီးအတော်ပင် ပျက်ဆီးနေကြသည်ကို လုပ်ရင်းကိုင်ရင်းနှင့် တွေ့လာရသည်။

အိမ်ကြီးသည်နှင့်အမျှ လူမနေသော်လည်း ပြုပြင်ထိန်းသိမ်းရမှုတို့က ရှိနေသည်။သူဌေးဆိုသည့် အဆောင်အယောင်နှင့်ညီစွာ ခြံတွင်းထားရသည့် ပစ္စည်းတို့ကလည်း တန်ဖိုးတို့ကြီးပေစွ။တန်ဖိုးကြီးငါးတို့ကို အကောင်(၂၀)ကျော်မွေးထားသည်။(၁)ကောင်ကို သိန်းဆယ်ဂဏန်းအထက်မှာ ရှိသည်ဟုသိရသည်။ ငါးစာဈေးနှင့်ပါတွက်ကြည့်လျှင်။သူတို့၏ အိမ်အတွက် ဗာဟီရ တစ်ရက်ကုန်ကျစရိတ်သည် မနည်းမနော။ ဆင်းရဲသားအိမ်ထောင်စု (၅၀)(၁၀၀)စာလောက်တော့ ကောင်းကောင်းကျွေးနိုင်လောက်သည်။

မီးပျက်သည့်ကာလမှာပင် ငါးတို့အောက်ဆီဂျင်ပျက်ပြီးမသေရအောင် မီးဆက်နိူးပြီး ရေလည်ပတ်အောင် လုပ်ပေးထားရကြောင်း သိရသည်။ နှင်းခွေးတစ်ကောင်အတွက် ၂၄နာရီ အဲယားကွန်ဖွင့်ပေးထားရသည်ဟု ဆိုသည်။

Credit: Original Uploader

Related Posts