Myanmar House Logo

Myanmar House

Real Estate in Myanmar

စာဖတ်ပါ

March 10, 2023 175 views
စာဖတ်ပါ

စာဖတ်ပါဆိုတာပြောတော့တာလွယ်တာ။တစ်ခါတစ်ရံ နာမည်ကြီးစာရေးဆရာရဲ့ စာအုပ်ဖြစ်နေဦးတော့ အဟပ်မမိသေးရင် ပြီးကို မပြီးနိုင်တဲ့ စာအုပ်တွေလည်းရှိသေးတယ်။

ဒီစာအုပ်အရမ်းကောင်းတယ်ကွာ ဖတ်ကြည့်ကြည့်ဆိုပြီး သူငယ်ချင်းတစ်ယောက်က သူ့စာအုပ်ကို ပေးဖတ်ဖူးပါတယ်။ လေးငါးနှစ်နေတဲ့အထိ မပြီးသေးလို့ ပြန်မပေးဖြစ်ဘဲ မိမိဆီမှာ ရှိနေခဲ့တယ်။ ဒီလိုနဲ့ အဲဒီစာအုပ်က ကိုယ်ပိုင်စာအုပ် အနေနဲ့ ဖြစ်တော့မှာပါပဲ။

သူပေးတဲ့စာအုပ်ရဲ့ ကလောင်ရှင်ဆရာမရေးတဲ့ အခြားစာအုပ်တွေကိုတော့ ကိုယ့်ဟာကိုယ် ဝယ်ဖတ်ခဲ့တာ အကုန်ပြီးသလောက်ရှိကုန်ပြီ။သူပေးငှားလိုက်တဲ့စာအုပ်က အခုထိမပြီးသေး။

စာရေးဆရာတစ်ဦးတည်းကရေးတဲ့ စာအုပ်ဖြစ်ပေမယ့် တစ်ခါတစ်ရံ တစ်ဝက်တစ်ပျက်နဲ့ ဖတ်လို့ပြီးကို မပြီးနိုင်ဘဲ အချိန်အကြာကြီးရှိနေခဲ့တဲ့ စာအုပ်တွေလည်း ရှိခဲ့ပါတယ်။ဖတ်လက်စကြီး တစ်ဝက်တစ်ပျက်နဲ့ ရပ်ပြီး အခြားစာအုပ်တွေကို ပြောင်းဖတ်နေမိတဲ့စာအုပ်တွေလည်းရှိပါတယ်။ဖတ်ရင်းနဲ့ ငြီးငွေ့လာပြီး ရှေ့ဆက်မတက်နိုင်ဘဲနဲ့ ရပ်သွားတတ်တယ်။နောက်ပိုင်းတော့ စာဖတ်ခြင်းနဲ့ ပတ်သက်လို့ အကျင့်တစ်ခု မွေးမြူရတယ်။

စာဖတ်ခြင်းအပေါ် ကျွန်တော်စိတ်တစ်ခုထားတယ်။စာရေးဆရာတစ်ယောက်က စာတစ်ပုဒ်ကို အချိန်အများကြီး ပေးပြီး ဖန်တီးကြရပါတယ်။ကျွန်တော်တို့က တစ်ရက်နှစ်ရက်အတွင်း ပြီးအောင်ဖတ်နိုင်ရမယ်ဆိုပြီးတော့ စိတ်မှာထားပါတယ်။အဲလိုမှမဖတ်ရင် ကိုယ့်ကြိုက်တဲ့ ကလောင်ရှင်တွေရဲ့ စာအုပ်တောင် အကုန်မဖတ်နိုင်ဘဲ ဘဝနေဝင်ချိန်ရောက်သွားမှာပဲ။

ကျွန်တော်တို့စာဖတ်သူက ခူးပြီးခပ်ပြီး အဆင်သင့် ဖတ်ရတာကိုတောင် အပျင်းကြီးကြပါတယ်။တော်တော်နဲ ပြီးအောင် မဖတ်ဘဲနေမိတတ်ပါတယ်။တစ်ဝက်တစ်ပျက်နဲ့ ရပ်ထားတော့ နောက်တစ်ခါပြန်ဖတ်တဲ့အခါ ဇာတ်ကြောင်းမေ့သွားတဲ့အတွက် တစ်ကနေပြန်စရပြန်ပါတယ်။

ကမ္ဘာ့စာပေကြီးတွေကို ဖတ်နိုင်ကြစေဖို့ ဘာသာပြန်ဆရာကြီးတွေက ကြိုးစာပမ်းစား ဘာသာတွေပြန်ပေး ထားခဲ့ကြတယ်။ လက်လျှိုပြီး အဆင်သင့် ဖတ်ရုံပါပဲ။ဒါတွေကို ဖတ်ဖို့ ကျွန်တော်တို့က တာဝန်မကျေပွန်ဘူး ဖြစ်နေသလိုပါဘဲ။

အခုနောက်ပိုင်းတော့ စာဖတ်တဲ့အခါ အပျင်းမသစ်ဘဲ အဲဒီစိတ်လေးကို နှလုံးသွင်းပြီး စာတွေကို ဖတ်နေရပါတယ်။ ထွက်သမျှ ကုန်အောင်ဖတ်ဖို့ မဖြစ်နိုင်ပေမယ့် လက်လှမ်းမီသမျှနဲ့ နှစ်သက်မှုရှိတဲ့ စာပေ အမျိုးအစားတွေကို ကြိုးစားပြီး ပြီးအောင်ဖတ်ပါတော့တယ်။လူတိုင်း စာဖတ်ခြင်းမှာမွေ့လျော်နိုင်ကြပါစေ…။

Credit : Original Uploader

Related Posts