Myanmar House Logo

Myanmar House

Real Estate in Myanmar

မရွှေ့မပြောင်းနိုင်သော ပစ္စည်းဆိုင်ရာ စာချုပ်စာတမ်းများ မှတ်ပုံတင်ဖို့လိုသလား

March 15, 2023 238 views
မရွှေ့မပြောင်းနိုင်သော ပစ္စည်းဆိုင်ရာ စာချုပ်စာတမ်းများ မှတ်ပုံတင်ဖို့လိုသလား

နှုတ်တစ်ရာ၊ စာတစ်လုံး ဆိုသည့် စကားအတိုင်း အရာဝတ္တုများ (ရွှေ့ပြောင်းနိုင်သည် ဖြစ်စေ၊ မရွှေ့ မပြောင်းနိုင်သည်ဖြစ်စေ) ကို ဝယ်ယူ၊ ရောင်းချရန် တစ်ဦးနှင့်တစ်ဦးပြောဆို ကမ်းလှမ်းပြီး သဘောတူညီချက် ရရှိကြပါက ခိုင်မာမှုရှိစေရန်အလို့ငှာ နှစ်ဖက် သဘောတူစာချုပ်များ ချုပ်ဆိုလေ့ရှိကြပါသည်။

သို့သော် ယင်းကဲ့သို့ စာချုပ်ချုပ်ဆိုထားပြီး ဖြစ်သည်နှင့်တစ်ပြိုင်နက် ရောင်းချ၊ ဝယ်ယူပြီး ဖြစ်သည့် အရာဝတ္တုများ၊ ပစ္စည်းများကို  ဥပဒေ   နှင့်အညီ မိမိမှပိုင်ဆိုင်ထားပြီး ဖြစ်သည်ဟု ယူဆ၍ မရနိုင်ပါ။ အဘယ်ကြောင့် ဆိုသော် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် စာချုပ်စာတမ်းများ မှတ်ပုံတင် ဥပဒေ- ပုဒ်မ ၁၆ အရ "မရွှေ့မပြောင်း နိုင်သော ပစ္စည်းများအား ရောင်းချ ̸ ပေးကမ်း ̸ လွှဲပြောင်း ̸ ကန့်သတ် ̸ စွန့်လွှတ် ̸ ဖျက်သိမ်းခြင်းများနှင့် စပ်လျဉ်းသည့် စာချုပ်စာတမ်းများ သို့မဟုတ် ယင်းတို့နှင့်သက်ဆိုင်သည့် ပိုင်ဆိုင်ခွင့် အပေါ် တရားရုံးက ချမှတ် ထားသည့် စီရင်ချက် ̸ ဒီကရီ ̸ အမိန့်များ၊ တန်ဖိုးငွေ တစ်သိန်းကျပ်နှင့် အထက်ရှိသော ပိုင်ဆိုင်ခွင့်စာချုပ်ကို အပ်နှံပြီး ပေါင်နှံခြင်းမှတစ်ပါး ပေါင်နှံသူကိုယ်တိုင်နှင့် အသိသက်သေ အနည်းဆုံး နှစ်ဦးက လက်မှတ်ရေးထိုး ထားပြီး ပေါင်နှံခြင်း သို့မဟုတ် ပေါင်နှံခြင်းကို ဖျက်သိမ်းသည့် စာချုပ်များ၊ တစ်နှစ်နှင့်အထက် ကာလရှိသော အိမ̸် ခြံ ̸ မြေ ̸ ဥပစာ ငှားရမ်းခြင်းများ၊ ကုမ္မဏီ အသင်းအဖွဲ့တို့က မရွှေ့မပြောင်းနိုင်သော ပစ္စည်း ပိုင်ဆိုင်ခွင့် အားလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ဒေသကို ဖြစ်စေ၊ ယင်းနှင့်သက်ဆိုင်သော အကျိုးစီးပွားကိုဖြစ်စေ ယုံမှတ် အပ်နှံသူသို့ ပေါင်နှံ ̸ ပေးအပ် ̸ လွှဲပြောင်းခြင်း ဆောင်ရွက်ထားသည့် စာချုပ်စာတမ်းများ၊ ကိတ္တိမ မွေးစားခြင်း စာချုပ်စာတမ်းများ၊ နိုင်ငံတော်အစိုးရက အခါအားလျော်စွာ သတ်မှတ်ထားသည့် စာချုပ်စာတမ်းများ"ကို မဖြစ်မနေ မှတ်ပုံတင်ကြရန် ပြဋ္ဌာန်းထားပါသည်။

ထို့ကြောင့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းဖြစ်သည့်  အိမ်ခြံမြေ  များကို ဝယ်ယူပါက ဝယ်ယူသူအနေဖြင့် ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၅၃ အရ ကျသင့်ဝင်ငွေခွန်တောင်းခံလွှာ (မြန်မာ့စီးပွားရေးဘဏ်တွင် ပေးဆောင်ထား သည့်) တံဆိပ်ခေါင်းချလံ ဖြတ်ပိုင်းမူရင်းအား ဝင်ငွေခွန် တောင်းခံလွှာ (ပုံစံ ပတခ(ဝင)-၈)နှင့်အတူ တံဆိပ် ခေါင်းခွန် အပြည့်အဝကပ်နှိပ်ထားသည့် စာချုပ်စာတမ်းမူရင်းများနှင့် ပူးတွဲပြီး စည်ပင်သာယာရေး နယ်နမိတ် အတွင်း တည်ရှိသည့် မြို့နယ်ဖြစ်ပါက စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးသို့လည်းကောင်း၊ ပြည်ထောင်စု နယ်မြေနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များ ဖြစ်ပါက မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသို့ သွားရောက်၍ မှတ်ပုံတင်ကြရမည် ဖြစ်ပါသည်။

ထို့အပြင် ယင်းကဲ့သို့ မှတ်ပုံတင်လျှောက်ထားကြရာတွင် မရွှေ့မပြောင်းနိုင်သော ပစ္စည်းနှင့်သက်ဆိုင် သည့် အမျိုးအစား၊ ပုံသဏ္ဍန်၊ အရွယ်အစား၊ တည်နေရာတို့အပြင် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းမှ တရားဝင်ထုတ်ပေးထားသည့် သက်သေခံ မြေပုံနှင့် မြေရာဇဝင်ကိုပါ ပူးတွဲ တင်ပြရမည် ဖြစ်ပါသည် (ပုဒ်မ-၂၀ စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေ)။ အဆိုပါ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများနှင့်စပ်လျဉ်း၍ မှတ်ပုံတင်ရန် ဆောင်ရွက်ရာတွင် စာချုပ်စာတမ်းဖြစ်ပါက စာချုပ် ချုပ်ဆိုသည့်နေ့ သို့မဟုတ် တရားရုံး၏ ဒီကရီ သို့မဟုတ် အမိန့် ဖြစ်ပါက ဆုံးဖြတ်ချက်ချမှတ်သည့် နေ့ မှ ရက်ပေါင်း ၁၂၀ အတွင်းတွင်လည်းကောင်း နိုင်ငံတော် ပြင်ပ တွင် ချုပ်ဆိုထားသောစာချုပ်စာတမ်းများဖြစ်ပါက မှတ်ပုံတင်လိုသူသည် နိုင်ငံတော်အတွင်းသို့ ရောက်ရှိသည့် နေ့မှ ရက်ပေါင်း ၁၂၀ အတွင်းလည်းကောင်း မှတ်ပုံတင်ရန် မှတ်ပုံတင်အရာရှိထံ တင်ပြပြီး ဆောင်ရွက်ရမည်။

သို့သော် စာချုပ်စာတမ်းတစ်ခုကို နှစ်ဦးထက်ပိုသူများက လက်မှတ်ရေးထိုးခဲ့ကြပြီး ရေးထိုးသည့် နေ့ရက်၊ အချိန် စသည်တို့ကွဲပြားပါက နောက်ဆုံးလက်မှတ်ရေးထိုးသည့်နေ့မှ ရက်ပေါင်း ၁၂၀ အတွင်း မှတ်ပုံ တင်ရန် ဆောင်ရွက်နိုင်သည်။

ယင်းကဲ့သို့ မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်ရာတွင် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများနှင့်သက်ဆိုင် သည့် စာချုပ်စာတမ်းများကို အဆိုပါပစ္စည်းတည်ရှိရာအရပ်ဒေသရှိ စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံး၌သာ မှတ်ပုံတင်ရန် စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေ ပုဒ်မ ၂၅ တွင် အတိအလင်း ဖော်ပြထားပါသည်။ 

ထို့အပြင် စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေ ပုဒ်မ ၄၈ အရ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ လွှဲပြောင်း ̸ ငှားရမ်းခြင်းနှင့်သက်ဆိုင်သည့် စာချုပ်စာတမ်းများကို မှတ်ပုံတင်ခြင်း မပြုပါက အကျိုးသက်ရောက် မှု မရှိစေကြောင်း ပြဋ္ဌာန်းထားပါသည်။

ဥပမာအားဖြင့် ဒေါ်သန်းသန်းဌေးနှင့် ဒေါ်မတိုး ပါ ၃ (၁၉၉၃ ခုနှစ်၊ မြန်မာနိုင်ငံစီရင်ထုံး၊ တရားရုံးချုပ်၊ စာ- ၇၇) တွင် တရားလိုဒေါ်သန်းသန်းဌေးသည် အချင်းဖြစ်မြေကွက်ကို မှတ်ပုံတင်ထားခြင်းမရှိသည့် အရပ် ကတိ စာချုပ်ဖြင့် ဝယ်ယူခဲ့ပြီး အဆိုပါ အချင်းဖြစ်မြေကွက်တွင် ဒေါ်မေတိုးတို့သည် အရောင်းအဝယ်စာချုပ်ကို ချုပ်ဆိုပြီးသော်ငြား ဆက်လက်နေထိုင်လျက်ရှိသောကြောင့် အခမဲ့ ခွင့်ပြုချက်ဖြင့် နေထိုင်ခြင်းမှ ဖယ်ရှားပေးရန် စွဲဆိုခဲ့ရာ တရားရုံးမှ အချင်းဖြစ်မြေကွက်ကို ဒေါ်မေတိုးတို့ထံမှ ဝယ်ယူရာတွင် အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတင်ထားခြင်းမရှိသောကြောင့် အရောင်းအဝယ် အထမမြောက်သည့်အလျောက် ဒေါ်သန်းသန်းဌေးသည် အချင်းဖြစ်မြေကွက် ပိုင်ရှင်အဖြစ်သို့ မရောက်နိုင်ကြောင်းနှင့် ဒေါ်မေတိုးတို့သည် အဆိုပါ အချင်းဖြစ် မြေကွက် တွင် ဒေါ်သန်းသန်းဌေး၏ခွင့်ပြုချက်ဖြင့်နေထိုင်သူမဟုတ်ဘဲ ပိုင်ရေးဆိုင်ခွင့်ရှိသူ အဖြစ်နေထိုင်ခြင်းဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပါသည်။

အလားတူ ဦးမောင်မောင်လတ် ပါ-၃ နှင့် ဦးကြီးကြိမ် (ခ) ဦးကံကောင်း ၂၀၀၁ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာမျက်နှာ- ၂၈၁ တွင် အယူခံတရားပြိုင်သည် အချင်းဖြစ်မြေကို ၁၇-၂-၈၅ ရက်စွဲပါ မှတ်ပုံ မတင်သော စာချုပ်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်၍ ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေ ပုဒ်မ-၅၄ အရ တရားဝင် ပိုင်ဆိုင် ခွင့် မရရှိနိုင်ပေ။ မြေကို တရားဝင်ပိုင်ဆိုင်ခွင့်မရှိသောကြောင့် ထိုမြေကို အခြားသူတစ်ဦးအား ရောင်းချခြင်းမှာ အယူခံတရားပြိုင်အား အကြီးအကျယ်နစ်နာစေသည်ဟု ကောက်ယူ၍ မရနိုင်ချေ ဟု ဆုံးဖြတ်ထားပါသည်။သို့ဖြစ်ပါ၍ မိမိတို့ ပိုင်ဆိုင်ထားသည့် ပိုင်ဆိုင်မှုများအား ခိုင်မာစေရန်နှင့် မိမိ၏ ပျက်ကွက်မှုကြောင့် မလိုလားအပ်သော ဆုံးရှုံးနစ်နာမှုများ ပေါ်ပေါက်လာခြင်းမှ ကာကွယ်နိုင်ရန်အလို့ငှာ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများအား ဝယ်ယူခြင်း၊ လွှဲပြောင်းခြင်း သို့မဟုတ် ပေးအပ်ခြင်းအစရှိသည်တို့နှင့် သက်ဆိုင်သည့် စာချုပ် စာတမ်းများအား စာချုပ်စာတမ်းများ မှတ်ပုံတင် ဥပဒေ (၂၀၁၈)- ပုဒ်မ ၁၆ အရ သတ်မှတ်ထားသော ကာလ အတွင်း မဖြစ်မနေ မှတ်ပုံတင်နိုင်ရေး အထူးသတိပြု ဆောင်ရွက်ကြရန်နှင့် လိုအပ်ပါက ဥပဒေကျွမ်းကျင် ပညာရှင်များ၊ ရှေ့နေရှေ့ရပ်များ၏ အကြံဉာဏ်များ ရယူပြီး ဆောင်ရွက်ကြရန် လိုအပ်ပါသည်။

Credit : Original Uploader

Related Posts