Myanmar House Logo

Myanmar House

Real Estate in Myanmar

အိမ်ခြံမြေပါမစ်မိတ္တူကို ကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့အမှာ

March 22, 2023 120 views
အိမ်ခြံမြေပါမစ်မိတ္တူကို ကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့အမှာ

အိမ်ခြံမြေပါမစ်မိတ္တူကို ကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့အမှား


လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ

အိမ်ခြံမြေ ရောင်း ဝယ် ဌား ကိုယ်တွေ့

စာအုပ်များ ရေးသားပြုစု ထုတ်ဝေသူ


ရန်ကုန် သင်္ဃန်းကျွန်းမှ မိတ်ဆွေကြီးဖြစ်တဲ့ သန်းကြွယ်လက်ဖက်ရည်ဆိုင်ပိုင်ရှင် "ကိုမြင့်နိုင်" တစ်ယောက် အလုပ်များနေတဲ့ကြားမှ "မောင်ကောင်းဖေ"ထံ ဖုန်းဆက်အကြောင်းကြားပြီး ချက်ခြင်းရောက်လာပါတယ်။ ရောက်လာရတဲ့အကြောင်းက သူ့လိုပဲ တောင်ဥက္ကလာမှာ လက်ဖက်ရည်ဆိုင်ဖွင့်နေတဲ့ သူ့ရဲ့ ညီလေးမြေကွက်ဝယ်တဲ့ကိစ္စအတွက် ရောက်လာတာပါ။ သူ့ညီနဲ့အတူ အဖော်(၂)ယောက်လည်း ပါလာတာကိုတွေ့ရပါတယ်။

လာရင်းကိစ္စကတော့ ဒဂုံအရှေ (..) တိုးချဲ့ရပ်ကွက်မှာ (၄၀x၆၀) ၊ ပါမစ်မြေကွက်ဝယ်ထားတဲ့ ကိစ္စပါပဲ။ စရန်ငွေ (၅၀)သိန်း ပေးပြီးလို့ အပြီးစာချုပ်ပေးဖို့ရယ် ၊ လိုအပ်ရင် သတင်းစာထည့်ဖို့အတွက် ရည်ရွယ်ပြီး ရောက်လာတာပါ။ စရန်ငွေပေးချေစဉ်က အိမ်ခြံမြေကျွမ်းကျင်သူ ဘယ်သူတွေ ခေါ်သွားသလဲလို့ မေးကြည့်လိုက်တဲ့အခါ ဝယ်သူနဲ့အတူ "မောင်ကောင်းဖေ"ထံ ရောက်လာတဲ့ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တွေလို့ ပြောပါတယ်။

ဘယ်လိုဝယ်ဖြစ်သလဲလို့ မေးကြည့်တော့ အွန်လိုင်းကဝယ်တာလို့ပြောပါတယ် ။ မြေကွက်ဝယ်တဲ့အခါ မြေချပါမစ် မူရင်းပြသလားဆိုတော့ မိတ္တူပဲပြပြီး ရောင်းတာလို့ ဆိုပါတယ်။ စည်ပင်မှာ စစ်ပြီးပြီး မယုံရင် ပြန်စစ်ကြည့် အာမခံတယ်လို့ ပြောလာတဲ့အတွက် သူတို့ကိုယုံကြည်ပြီး ဒဂုံအရှေ့က လက်ဖက်ရည်ဆိုင်မှာပဲ စာချုပ်ခဲ့ကြပြီး စရန်ငွေ (၅၀)သိန်း ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ကျန်ငွေ ဘယ်တော့ပေးရမလဲ မေးကြည့်တော့ (၁၁) ရက်လောက်ပဲစောင့်နိုင်မယ်ဆိုတာနဲ့ စရန်ပေးစာချုပ်မှာ ဝန်ခံလက်မှတ်ရေးထိုးပေးခဲ့ရတယ်လို့ ပြောပါတယ်။

မြေကွက်ကို အသေအချာသွားကြည့်တော့လည်း မြေကွက်လပ် ဖြစ်နေတယ်လေ။ အိမ်လည်းဆောက်မထားရသေးတဲ့အတွက် ရှင်းတယ်ဆိုပြီး စရန်ငွေပေးခဲ့တာလို့ ဆိုပါတယ်။ (၄၀x၆၀) ပြည့်မပြည့် မြေတိုင်းခဲ့သေးလားဆိုတော့ ရေအိုင်ကွက်ကြီးဖြစ်နေလို့ မတိုင်းရသေးဘူးတဲ့။ ခြေရင်း ခေါင်းရင်းလည်း အိမ်မရှိဘူးလို့ပြောပါတယ်။

အဲ့ဒီလိုဆိုရင်တော့ မြို့မြေစာရင်းမှာ စစ်ကြည့်ပြီမှ ဝယ်ဖို့ စစ်ကြည့်လိုက်တဲ့အခါ ပါမစ်အမည်ပေါက် မှန်နေတာကိုတွေ့ရတယ်။ "မောင်ကောင်းဖေ"လည်း ဝမ်းသာသွားတယ်။ "မောင်ကောင်းဖေ"က အပြီးအပိုင်စာချုပ်ပေးရမှာဖြစ်လို့ ရောင်းသူရဲ့ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စု လူဦးရေစာရင်းတို့လည်း တောင်းခိုင်းလိုက်တယ်။ ပြီးတော့ ဝယ်ယူမည့်မြေကွက်က ရေအိုင်ကြီး ဖြစ်နေတာရယ် ခေါင်းရင်းခြေရင်းအိမ်နီးချင်း မရှိတာရယ် အတွက်ကြောင့် အခုအပြန်မှာ မြေတိုင်းသွားဖို့ မှာကြားလိုက်ပါတယ်။

သူတို့လည်း "မောင်ကောင်းဖေ" ပြောတဲ့အတိုင်းမြေတိုင်းတစ်ဦးကို ခေါ်ပြီး တိုင်းကြည့်တဲ့အခါ ဟိုဘက်ထိပ် ဒီဘက်ထိပ် ခန့်မှန်းနေစဉ်မှာပဲ ရပ်ကွက်အတွင်းမှ လူ (၄)ဦးရောက်လာပြီး သူတို့ခွင့်ပြုချက်မရှိဘဲ ဘာလို့မြေတိုင်းတာလည်းဆိုပြီး လာကန့်ကွက်ကြပါတယ်။ ဝယ်သူဘက်ကလည်း စရန်ပေးပြီးလို့ လာတိုင်းတာဖြစ်ကြောင်း ပြောပြတဲ့အခါ ဒီမြေကွက်က သူတို့ပိုင်မြေကွက်ဖြစ်ကြောင်း တကယ်လို့ အပြီးငွေချေတဲ့နေ့ကျရင် သူတို့ကိုယ်လည်း မြေကွက်တန်ဖိုးရဲ့တစ်ဝက်ပေးရမည်ဖြစ်ကြောင်း အတင်းတောင်းဆိုလာပါတယ်။

မြေချပါမစ်မူရင်းပြပါလို့ မေးကြည့်တော့လည်း မပြနိုင်ဘူးလို့ ငြင်းကြတယ်။ ဒီလိုအခက်တွေ့တာနဲ့ ရောင်းသူလိပ်စာအတိုင်း ရောင်းသူအိမ်ကို သွားရှာတဲ့အခါ စရန်ပေးစာချုပ်မှာပါတဲ့ လိပ်စာမှာ ရောင်းသူကို မတွေ့ရပြန်ပါဘူး ။

ဒီလိုဆိုတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး သွားပြီးအကူအညီတောင်းရတာပေါ့။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ စီစဉ်ပေးချက်အရ ရောင်းသူနဲ့ ကန့်ကွက်သူ (၄)ဦးကိုခေါ်လိုက်တဲ့အခါ ရောင်းသူသာရောက်လာပြီး ကန့်ကွက်သူ(၄)ဦး က ရုံးအပြင်က ကြည့်ပြီးပြန်သွားကြပါတယ်။ အဲတစ်ချက်ထူးခြားတာက (၂၀၁၉) ခုနှစ်ကနှစ်(၆၀)ဂရန်ရထားတဲ့ ပိုင်ရှင်တစ်ဦးလည်း ထပ်ရောက်လာပါတယ်။

အဲ့ဒီမှာ မြေချပါမစ်မိတ္တူ ကိုင်ထားသူနဲ့ ဂရန်မူရင်း ကိုင်ထားသူတို့ အပြန်အလှန် ငြင်းခုံကြပါတယ်။ ဂရန်မူရင်းကိုင်ထားသူက ပါမစ်မိတ္တူ ကိုင်ထားသူရဲ့ လက်ထဲမှာရှိတဲ့ ပါမစ်မူရင်းကို စည်ပင်မှာအပ်နှံပြီးမှ နှစ်(၆၀) ဂရန်ရလာကြောင်း ရှင်းပြပါတယ်။ ဒါပေမဲ့လည်း ပါမစ်မိတ္တူ ကိုင်ထားသူကလည်း အရှုံးမပေးဘူး။ သူ့ပါမစ်ကသာ အဓိကဖြစ်တယ် ။ နှစ် (၆၀) ဂရန်ထွက်နေတာ မဖြစ်နိုင်ဘူးလို့ ဆိုပြီး ငြင်းခုံကြပါသေးတယ်။ ဒါပေမဲ့လည်း မြို့တော်စည်ပင်က ထုတ်ပေးထားတာကိုတော့ သူ မငြင်းနိုင်တော့ပါဘူး။ ဒီတော့မှ ဝယ်သူ "ကိုကျော်ထက်" တို့ကလည်း စရန်ပေးထားတဲ့ (၅၀)သိန်းကို အုပ်ချုပ်ရေးမှူးရှေ့မှာ ပြန်ပေးဖို့တောင်းပါတယ်။

ရောင်းသူကလည်း မပေးဘူးလို့ မပြောဘူး။ ခုလောလောဆယ် ပါမလာသေးလို့ (၃)ရက်လောက်စောင့်ပါ (၃) ရက်ပြည့်တဲ့နေ့မှ လာပေးပါမယ်လို့ ဝန်ခံကတိလက်မှတ်ထိုးပြီး ပြန်သွားပါတယ်။ အခုတော့ (၇) ရက်တောင် ပြည့်သွားပါပြီ ရုံးမှာ လာရောက်ပေးခြင်းလည်းမရှိပါ။ ရောင်းသူကိုင်နေကျ ဖုန်းနံပါတ်ကိုလည်း ပိတ်ထားလို့ ဆက်သွယ်၍ မရတော့ပါ။နေရာ အနှံ့လိုက်ရှာသော်လည်း အတွေ့မခံပဲ ရှောင်နေပါတော့တယ်။ ဒီတော့ လိမ်လည်မှု့နဲ့ တရားစွဲ တောင်းဖို့ပဲရှိတော့တယ်။

အနှစ်ချုပ်ပြောချင်တာကတော့ မြေဝယ်ရင် အလွယ်မတွေးကြပါနဲ့ ကျွမ်းကျင်သူကိုခေါ်ပြီး စစ်ဆေးသင့်ပါတယ်။ စရန်ပေးပြီးမှ ကျွမ်းကျင်သူလာခေါ်ရင်လည်း ပိုက်ဆံက လက်လွန်သွားပြီးမို့ ပြန်ရဖို့ခက်ခဲသွားပါပြီ။ အခုမြေကွက်ဝယ်တဲ့ "ကိုကျော်ထက်"ကိုကြည့်ပါ။ စရန်ပေးပြီးမှ အပြီးစာချုပ်ဖို့ "မောင်ကောင်းဖေ"ထံ ရောက်လာတယ်။ ပါမစ်မိတ္တူယူလာလို့ စည်ပင်မှာ စစ်ဆေးပါတယ်။ အမည်ပေါက်မှန်တယ် ၊ ရပ်ကွက်မှန်တယ် မြေကွက်အမှတ်လည်းမှန်တယ်။ မြေချပါမစ်လည်း မှန်တယ်လို့ သိရတယ်။

ဟော့... ခုလို ပြဿနာဖြစ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ နှစ်ဘက်ညှိနှိုင်းကြတဲ့အခါမှာတော့ နှစ်(၆၀) ဂရန်ပိုင်ရှင် ၊ မြေပိုင်ရှင်က ပေါ်လာပြန်ရော အခု ရောင်းသူက စရန်ငွေကို ပြန်မပေးချင်တော့ ရှောင်နေတယ်။ "ဖွတ်မရ ဓားမဆုံး"တော့မယ် အခြေအနေရောက်သွားပြီ။ ဒီတော့ ပြောချင်တာက စည်ပင်မြေစီမံဌာနမှာ ပါမစ်အမည်သာရှိနေပြီး နှစ်(၆၀) ရန်အမည်ပေါက်သူ ရဲ့ အမည်က မြေစီမံဌာနကို ရောက်မလာသေးတာဟာ မြေတိုင်းဌာန ကနေ မြေစီမံဌာန ကို မပို့ရသေးလို့သာ ပါမစ်အမည်ပေါက်ပဲ ဖြစ်နေတာပေါ့။

ဒါကြောင့် နှစ်(၆၀) မြေငှါးဂရန်ရထားသူများအနေနဲ့လည်း ဂရန်ရပြီးတာနဲ့ စိတ်အေးမနေကြပါနဲ့ မြေစီမံဌာန ကိုရောက်အောင် ဆောင်ရွက်ခဲ့သင့်ပါတယ်။ဥပမာ ဘဏ်ငွေချေးရန်မှတ်တမ်း အဖြစ်ထားရှိရန် မြေပုံကူးယူလိုက်ရင် မြေစီမံဌာနမှာ မှတ်သားပြီးသားဖြစ်သွားမှာပေါ့။

"မောင်ကောင်းဖေ"အနေနဲ့ နိဂုံးချုပ်ပြောရရင်တော့ ဝယ်သူဘက်က ပါမစ်မိတ္တူကို ဝယ်ခဲ့မိတဲ့ အမှားလိုပဲ ပြောရတော့မှာပေါ့ကွယ်။

စာဖတ်သူပရိသတ်များ ရွှင်လန်းကျန်းမာ သုခအဖြာဖြာနှင့် ပြည့်စုံနိုင်ကြပါစေ

#credit

Related Posts