Myanmar House Logo

Myanmar House

Real Estate in Myanmar

“မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်၊စိတ်”

March 23, 2023 148 views
“မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်၊စိတ်”

“မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်” ကို အဆင်း၊အသံ၊ အနံ့၊အရသာ၊ အတွေ့အထိ၊ သဘောတရားဟု သိသည်။

ကျွန်တော်က တရားအကြောင်းထဲထဲဝင်ဝင်ကြီး ပြောမလို့မဟုတ်ပါ။ပြောရလောက်အောင်လည်း တရားသဘောမသိပါ။

နှစ်(၁၀၀)သက်တမ်းနှင့်တွက်ပြီး အသက်ပိုင်းခြားလျှင် ကျွန်တော့်အသက်က လေးပုံနှစ်ပုံ ပြည့်ခဲ့ပြီဖြစ်သည်။ ထိုအသက်အနေတွင် ခန္ဓာကိုယ်၏ အရှိတရားတို့ကို ပြန်ကြည်မိ၍ ပြောစရာတို့ရှိလာခဲ့ခြင်းဖြစ်သည်။

လက်ရှိအနေအထားတွင် မိမိခန္ဓာကိုယ်တွင် ကောင်းခြင်းဆိုးခြင်း အပြစ်အနာအဆာလေးများက ရှိလာခဲ့သည်။

ခန္ဓာကိုယ်မှာရှိလာသည့် ထိုအကောင်းအဆိုးလေးများ၊အပြစ်အနာအဆာလေးများကို စောင့်ကြည့်မိသမျှ ပြောရလျှင် တရားသဘောလည်းဖြစ်ကောင်း ဖြစ်သွားနိုင်သည်။

မျက်စိအကြောင်းကို ပြောကြည့်ရလျှင် ကျွန်တော့် အသက် (၄၅)နှစ်ဝန်းကျင်လောက်အထိ မျက်မှန်မတပ်ခဲ့ရ သေးပေ။အခုလေးငါးနှစ်အတွင်းမှာတော့ အနီးကြည့်ပါဝါက (၂၂၅)ဝန်းကျင်လောက်အထိတက်လာသည်။ (၄၅)နှစ် မတိုင်ခင်လောက်ကတော့ စာကြည့်လျှင် မျက်မှောင်ကြုတ်ပြီး လက်ထဲရှိစာအုပ်ကို အနီးအဝေး ချိန်ပြီးမှ ဖတ်နိုင်ခဲ့သည်။ထို့နောက် ပါဝါအနိမ့်ဆုံး မျက်မှန်လေးတက်ပြီး စာဖတ်၊စာကြည့်တော့မှ အဆင်ပြေသွားသည်။ ထို့နောက်တွင် သေးသောပုံနှိပ်စာလုံးလေးများကို ဖတ်ရာမှ မျက်မှန်ပါဝါတို့ ပိုတိုးလာခဲ့သည်မှာ (၂၀၀/၂၂၅)ထိ ရှိလာခဲ့သည်။

စာအုပ်ဆိုင်တို့သွားပြီး စာအုပ်သွားရွေးလျှင် လက်တစ်ဖောင်လောက် အကွာအဝေးမှာရှိသည့် စာအုပ်အမည်ကို မဖတ်နိုင်တော့ပေ။ထိုအကွာအဝေးကိုဖတ်နိုင်ဖို့ အဝေးကြည့် အနေနှင့် ပါဝါ(၁၀၀)လောက်မှ အဆင်ပြေသည်။ ဇရာ၏သဘောက အမြင်အာရုံတို့ အပေါ်တွင် သက်ရောက်မှုစောသည်ဟုထင်သည်။

နားကတော့ ကောင်းသေးသည်။တိုးတိုးစကား၊ကျယ်ကျယ်စကား အကုန်ကြားနေသေးသည်။ ပိန်ဖျင်းစကား၊ ယုတ်ညံ့စကားများကိုလည်းကြားနေရသေးသည်။သူယုတ်မာတို့၏ စကားများကိုလည်း ကြားရသည်။ လေသံ၊မိုးသံ၊ကျေးငှက်သံနှင့် သဘာဝတရားကြီး၏ အသံတို့ကိုလည်း ကြားနိုင်ပါသေးသည်။ကြားချင်ချင် ၊ မကြားချင်ချင် အများဆုံးကြားနေရသည်က နှောင်တွယ်ရစ်ဖွဲ့ထားသည့် သံယောဇဉ်တို့၏အသံများဖြစ်သည်။

ကောင်းသောနားတို့အတွက် သူတော်ကောင်းတို့၏စကားများကိုလည်း မပြတ်ကြားနိုင်ဖို့ ဆုတောင်းနေရ ပါသေးသည်။

အနံ့ အတွက်လည်းနှာခေါင်းသည် ကောင်းနေပါသေးသည်။ရှုလိုက်သည့် လေတိုင်းတွင် ပါလာသည့် အနံ့တိုကို ခံစားနေနိုင်ပါသေးသည်။

အရက်နံ့လား၊ချိုင်းချွေးနံ့လား၊အာပုပ်နံ့လား၊ရေမွှေးနံ့လား။ကြုံနေရသည်က လိုလားသည့် အနံ့အသက် တွေထက် မလိုလားမနှစ်သက်သည့် အနံ့အသက်တို့ကိုသာ ပိုပြီးထိတွေ့နေရသည်က များပါလိမ့်မည်။ ချစ်ဇနီး၏ပါးပြင်သည် ချစ်သူဘဝက ပါးပြင်မှရနံ့တို့နှင့်မတူဘဲ ပြောင်းလဲသွားသည်ဟု ထင်သည်။

လျှာကလည်းကောင်းပါသေးသည်။ခံစားလိုသည့် ရသာဓာတ်တို့ခံစားနေနိုင်ပါသေးသည်။ခံစားနိုင်အောင်လည်း ဇနီးဖြစ်သူက အစပ်အဟပ်တည့်အောင် ချက်ကြွေးနေပါသေးသည်။

အယုတ္တ၊အနတ္တစကားတို့ထက် လျှာကို အသုံးပြုပြီး ကောင်းသောစကားတို့ကို အတတ်နိုင်ဆုံး ပြောဖြစ်အောင်ကျိုးစားနေရပါသည်။

ခန္ဓာကိုယ်ကတော့ အတွေ့အထိခံစားမှုထက် တဖြည်းဖြည်းယိုယွင်းလာမှုကိုသာ ပိုခံစားလာရသည်။ အရွေ့အပြောင်း၊အလှုပ်အရှားတို့တွင် လူငယ်တစ်ယောက်လို မလုပ်နိုင်တော့သည်ကို ပိုပြီးသိလာရသည်။ ယခင်က အထက်မြင့်အဆောက်အအုံတို့ကို ပြေးတက်ပြေးဆင်း လုပ်နိုင်ခဲ့သော်လည်း ယခုတော့ အသက်ကိုမှန်မှန်ရှုပြီး အမောမဖောက်အောင် ခန္ဓာကိုယ်ကို သတိတရားထားပြီး ခိုင်းစေနေရသည်။

ယခုအချိန်မှာတော့ “မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်၊စိတ်” အာရုံခြောက်ပါးတို့၏ ချုပ်ရာကို မရှေးရှုနိုင် သေးသော်လည်း စောင့်ထိန်းရမည့် အရာတို့ကိုတော့ မလွန်ကျူးမိအောင် စိတ်ကို သတိလေးကပ်နိုင်သမျှ ကပ်ထားတတ်အောင် လေ့ကျင့်နေရပါတယ်။

#credit

Related Posts