Myanmar House Logo

Myanmar House

Real Estate in Myanmar

အိမ်ခန်း၊ ဆိုင်ခန်း ငှားတော့မှာလား? ဒီအချက်လေးတွေ သိဖို့တော့ လိုမယ်နော်။

March 28, 2023 300 views
အိမ်ခန်း၊ ဆိုင်ခန်း ငှားတော့မှာလား? ဒီအချက်လေးတွေ သိဖို့တော့ လိုမယ်နော်။

ရန်ကုန်မြို့မှာ မြေရှိရင် ငွေရှိတယ်တဲ့။ ကိုယ့်မြေအပိုလေးမှာ ဆောက်လုပ်ထားတဲ့အိမ်ခန်း၊ ဆိုင်ခန်းကို အငှားချထားချင်တဲ့အခါ အိမ်ခြံမြေဥပဒေအကြောင်းအချက်လေးအချို့ကိုတော့ သိမှတ်ထားဖို့လိုမယ်နော်။ 

မေးခွန်း (၁) - အိမ်ခန်း၊ ဆိုင်ခန်းငှားရမ်းလျှင် လုပ်ငန်းလိုင်စင်လုပ်ရန် လိုအပ်ပါသလား?

အဖြေ (၁) - မိမိပိုင်အိမ်ခန်း၊ ဆိုင်ခန်းတွေဖြစ်တဲ့ မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုငှားရမ်းခြင်းလုပ်ငန်းလုပ်ကိုင်မည်ဆိုလျှင် လုပ်ငန်းလိုင်စင် လျှောက်ထားရမည် ဖြစ်ပါသည်။ လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းသည် ငှားရမ်းသည့်အချိန် ကာလနှင့်သက်ဆိုင်ခြင်းမရှိဘဲ မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုငှားရမ်းခြင်းအား ဆောင်ရွက်လုပ်ကိုင်သည်နှင့် တစ်ပြိုင်နက် လုပ်ငန်းလိုင်စင်လုပ်ရမှာဖြစ်ပါသည်။ အိမ်ငှားရမ်းခြင်းလုပ်ငန်းလိုင်စင်ကို သက်ဆိုင်ရာမြို့နယ်စည်ပင်တွင် လျှောက်ထားရမည်။ အိမ်ငှားရမ်းခြင်း လုပ်ငန်းလိုင်စင်ကို သတ်မှတ်ထားသည့်လျှောက်လွှာတွင် ဖြည့်စွက်ပြီး လျှောက်ထားရမည်။ လျှောက်လွှာနှင့် အတူ အိမ်ခြံမြေပိုင်ဆိုင်ကြောင်းအထောက်အထားစာချုပ်၊ ပိုင်ရှင်နဲ့ ငှားရမ်းသူတို့ချုပ်ဆိုထားတဲ့စာချုပ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာ၊ လျှောက်ထားသူအိမ်ရှင်ရဲ့ မှတ်ပုံတင်မိတ္တူနဲ့ အိမ်ထောင်စုဇယားမိတ္တူ၊ ပတ်စပို့ ဓာတ်ပုံသုံးပုံတို့ တင်ပြရမည်။ ယင်းကဲ့သို့ လျှောက်ထားခြင်းအား အိမ်ငှားရမ်းခြင်း ကတိစာချုပ် ချုပ်ဆိုသည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း လျှောက်ထားရမည်ဖြစ်ပြီး လိုင်စင်မဲ့ ငှားရမ်းခဲ့သည်ကို တွေ့ရှိရပါက စည်ပင်ဥပဒေအရ အရေးယူခြင်း ခံရမည် ဖြစ်ပါသည်။

 

 

မေးခွန်း (၂) - ခွင့်ပြုချက်ဖြင့် အခမဲ့နေထိုင်ခွင့်ပြုခြင်းဆိုတာဘာလဲ ?

အဖြေ (၂) - ခွင့်ပြုချက်ဖြင့် အခမဲ့ နေထိုင်ခွင့်ပြုခြင်းဆိုသည်မှာ မိမိ ပိုင်ဆိုင်သည့် အဆောက်အအုံတွင် ဖြစ်စေ၊ မြေပေါ်တွင် အဆောက်အအုံ ဆောက်ခွင့်ပြုပြီးဖြစ်စေ အခြားသူတစ်ဦးအား သတ်မှတ်သည့်ကာလအပိုင်းအခြားဖြင့် နေထိုင် နိုင်ရန် ခွင့်ပြုခြင်းကို ဆိုသည်။ ခွင့်ပြုသူအနေဖြင့် အခမဲ့နေထိုင်ခွင့်ပြုခြင်းအား အချိန်ကာမရွေး ပြန်လည် ရုတ်သိမ်းခွင့် ရှိပါသည်။

ခွင့်ပြုချက်ဖြင့် အခမဲ့ နေထိုင်ခွင့်ပြုခြင်းသည် ဥပစာတွင် နေထိုင်နိုင်ရန် မေတ္တာဖြင့် ခွင့်ပြုခြင်းသာဖြစ်ပြီး နေထိုင်ခွင့်ရရှိသူအနေဖြင့် မည်သည့်အခါတွင်မျှ ပိုင်ရေးဆိုင်ခွင့်ရှိသူအဖြစ်သို့ ပြောင်းလဲ သွားနိုင်ခြင်း မရှိသည်ကို သိရှိနားလည်ထားရန် လိုအပ်ပါသည်။ အခမဲ့ နေထိုင်ခွင့်ပြုခြင်းကို ပြန်လည်ရုတ်သိမ်းသည့်အချိန်တွင် နေထိုင်ခွင့်ရရှိထားသူမှ ဥပစာမှ ထွက်ခွာခြင်း မရှိဘဲ ပြန်လည်ခုခံပါက အဆိုပါပုဂ္ဂိုလ်အား ဥပစာမှ ဖယ်ရှားပေးရန် တရားစွဲဆိုနိုင်ပါသည်။

 

 

မေးခွန်း (၃) - တိုက်ခန်းအရောင်းအဝယ် ကတိစာချုပ်များကို မှတ်ပုံတင်ရန် လိုအပ်ပါသလား?

အဖြေ (၃) - တိုက်ခန်းအရောင်းအဝယ် ကတိစာချုပ်ဆိုသည် တိုက်ခန်းလက်ရှိဖြစ်သူက အခြားသူတစ်ဦးတစ်ယောက်အား ပိုင်ရေးဆိုင်ခွင့်ကို လွှဲပြောင်းရောင်းချရန် ချုပ်ဆိုသည့် ကတိစာချုပ်ဖြစ်သည်။ ပဋိညာဉ်အက်ဥပဒေအရ ကတိ စာချုပ်များသည် စာချုပ် ချုပ်ဆိုသူများအကြား တစ်ဖက်မှ ကမ်းလှမ်းချက်ကို တစ်ဖက်မှ လက်ခံပြီး ‌အပြန် အလှန် လိုက်နာရမည့်တာဝန်များ၊ ဝတ္တရားများကို ဖော်ပြထားသည့် ပဋိညာဉ် ဖြစ်သည်။

တိုက်ခန်းအရောင်းအဝယ်ကတိစာချုပ်အား ချုပ်ဆိုသည့်အချိန်တွင် တံဆိပ်ခေါင်းခွန်အနေဖြင့် ၃၀၀ကျပ် ထမ်းဆောင်မှသာ တရားဝင်မည် ဖြစ်ပါသည်။ အရပ်ကတိစာချုပ်ဖြင့် ချုပ်ဆိုကြသည့် တိုက်ခန်းအရောင်းအဝယ်စာချုပ်များသည် ကတိပဋိညာဉ်အဆင့်တွင် ပင် ရှိနေသေးသဖြင့် ယင်းစာချုပ်ကို တိုက်ခန်းအရောင်းအဝယ်ကတိစာချုပ်ဟု အမည်တပ်ချုပ်ဆိုခြင်းဖြစ်၍ မှတ်ပုံတင်အက်ဥပဒေအရ မှတ်ပုံတင်ရန်မလိုဟု ဦးအေဝမ်းခေါ် ဦးမြတ်စိုးနှင့် ဒေါ်ရာဘီယာ (၎င်း၏ ကိုယ်စားလှယ်စာ ရသူ မလှမြင့်) ၁၉၈၆ခုနှစ်။ မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ ၁၂၈ဆုံးဖြတ်ခဲ့ပါသည်။

#credit

Related Posts