Myanmar House Logo

Myanmar House

Real Estate in Myanmar

အကျင့်

April 4, 2023 116 views
အကျင့်

အကျင့်ဆိုတာ လုပ်ယူလို့ရသည်။ကောင်းတာပဲဖြစ်ဖြစ်၊ဆိုးတာပဲဖြစ်ဖြစ် အကျင့်ဆိုတာ တစ်ကြိမ်တစ်ခါတည်း နှင့်တော့ မဖြစ်လာပေ။စွဲစွဲမြဲမြဲလုပ်ရသည်။ စွဲစွဲမြဲမြဲလုပ်ခြင်းသည်ပင် အကျင့်ဖြစ်သည်။ 

ဝါသနာပါသည့် အလုပ်ကို စွဲမြဲအောင်လုပ်ရသည့်အကျင့်က လွယ်ကူသယောင်ထင်ရသည်။ ပင်ပန်းသည်ဟု မထင်ရ။ 

ဝါသနာမပါဘဲ လုပ်ရသည့်အကျင့်တို့ကသာ ခက်ခဲသည် ငြီးငွေ့ဖွယ်ဖြစ်သည်။ပင်ပန်းသည်ဟု ထင်ရသည်။ 

ကောင်းသည့်အကျင့်လည်းဖြစ်ပြီး ဝါသနာပါသောကိစ္စရပ်ပင်ဖြစ်လင့်ကစား တစ်ခါတစ်ရံ ငြီးငွေ့ဖွယ်ကောင်းသည်ဟု ခံစားရသည့် အခါလည်းရှိသည်။ 

ကျွန်တော်သည် နဂိုက လက်ဖက်ရည်မကြိုက်။အလုပ်တွင် ထမင်းစားချိန်ဆိုလျှင် အပြင်ထွက်ပြီး လက်ဖက်ရည်ဆိုင်တွင် သွားစားကြသည်။ထိုအခါ အားနာသဖြင့် လက်ဖက်ရည်တစ်ခွက်တော့ မှာသောက်ဖြစ်သည်။သောက်ရင်းသောက်ရင်းနှင့် လက်ဖက်ရည်စွဲသည့် အကျင့်ဖြစ်သွားသည်။ 

လက်ဖက်ရည်သောက်ကျင့်ဖြစ်သွားရာ ပထမတွင် တစ်နေ့ကို နှစ်ခွက်လောက်သာသောက်ဖြစ်ရာက နောက်ပိုင်းတွင် လေးငါးခွက်အထိ သောက်ဖြစ်သည်အထိ အကျင့်စွဲသွားသည်။ 

အလုပ်ကိုလာသည့်အချိန် စောရောက်လျှင် လက်ဖက်ရည်ဆိုင်ထိုင်သည်။ တစ်ခွက်သောက်ဖြစ်သည်။ နေ့ခင်းထမင်းစားချိန်ထွက်လျှင် တစ်ခွက်သောက်ပြန်သည်။ ညနေ အဆာပြေ တီးတိုင်းချိန်ထွက်ပြန်လျှင်လည်း တစ်ခွက်သောက်၏။အလုပ်နားလို့ အိမ်မပြန်ချင်သေးလျှင် နောက်ထပ်သောက်ပြန်၏။ 

ဤနည်းဖြင့် တမင်သက်သက် လုပ်သော အကျင့်များမဟုတ်ဘဲ မသိလိုက် မသိဘာသာ လုပ်မိသော အကျင့်တို့ကြောင့် လက်ဖက်ရည်စွဲသွားသည်။ထိုစွဲသွားသောအကျင့် တို့သည် နောက်ပိုင်းတွင် မသောက်ရ မနေနိုင်အထိ ဖြစ်သွားသည်။ 

ထိုအခြေအနေတွင် ခန္ဓာကိုယ်က ဆုံးဖြတ်လာသည်။ခန္ဓာကိုယ်က သူနှင့်မသင့်သည့် အကျင့်တို့ကို လက်မခံသည့် အခြေအနေတို့ပြလာ၏ လက်ဖက်ရည်သောက်ပြီးတိုင်း ဗိုက်ထဲတွင် မီးစနှင့်အထိုးခံရသည့်ပမာ ပူလောင်သည့် ဝေဒနာတို့ခံစားလာရ၏။ပထမတော့ မသိ။နောက်ပိုင်းတွင် လက်ဖက်ရည်သောက်ပြီးတိုင်း ထိုလက္ခဏာတို့ကပြသည်။ အစာအိမ်က လက်ဖက်ရည်သောက်သည့် အကျင့်အား လက်မခံခြင်းကို သိပြီးနောက် ဆိုးရွားသောအကျင့်မဟုတ်သော်လည်း ဖြတ်လိုက်ရသည်။ထိုသို့လက်ဖက်ရည်သောက်ကျင့်ကို ဖြတ်လိုက်ပြီးသည်နောက်မှ အစာအိမ်တွင် ပူလောင်သည့်ဝေဒနာတို့ ပျောက်ကင်းသွားတော့သည်။ 

အကျင့်ဆိုသည့်က တစ်ခုမဟုတ် တစ်ခုတော့ထပ်လာသည်။လက်ဖက်ရည်သောက်မရတော့ ကော်ဖီမစ်ကို စမ်းသောက်ကြည့်သည်။ခန္ဓာကိုယ်က လောလောဆယ် ဘာမှမဖြစ်သဖြင့် နောက်ပိုင်းသောက်ဖြစ်သွားသည်။ 

နောက်ပိုင်း အလုပ်ပြောင်းခဲ့ရာ နောက်အလုပ်တွင် ကော်ဖီမစ်တို့ အလျှံအပယ်ထားပေးထားသော်လည်း အလကားရတိုင်း ပါးဖြဲနားဖြဲ မသောက်ဖြစ်တော့။မနက်တစ်ခွက် ညနေတစ်ခွက်သာ ချင့်ချိန်ပြီး သောက်ဖြစ်တော့သည်။သူလည်း တန်ဆေး လွန်ဘေးပင်။ 

စာဖတ်ကျင့်လည်းရှိသေးသည်။ကောင်းသောအကျင့်ဖြစ်ပြီး ဝါသနာလည်းပါသဖြင့် နေ့စဉ်စာမျက်နှာ(၁၀၀) လောက်တော့ ပြီးစီးအောင်ဖတ်မည်ဟု အကျင့်လုပ်သည်။လွယ်ကူမည်ဟုထင်ခဲ့သည်။သို့သော်လည်း စိတ်မဝင်စားသော၊အကြိုက်နှင့် အဟပ်မတည့်သော စာမျိုးကိုဖတ်လျှင် တော်တော်နှင့်ဖတ်လို့ မပြီးနိုင်အောင်ဖြစ်ရပေသည်။ စိတ်ဝင်စားပြီး အကြိုက်နှင့်လည်း ထပ်တူကျသည့် စာပေဆိုလျှင် လက်ကမချချင်ဘဲ အအိပ်ပျက်ခံပြီး ဖတ်ဖြစ်သည်။ 

စာဆိုသည်က အကြိုက်တွေ့သည့် စာကိုပဲဖတ်နေလို့မရပေ။အကျိုးရှိရာရှိကြောင်း စာပေတို့ကိုလည်း မဖြစ်မနေဖတ်ရသည်။မဖတ်ချင်ချင်၊ဖတ်ချင်ချင် ဖတ်နိုင်အောင်၊ဖတ်ဖြစ်အောင် အကျင့်တို့လုပ်ရသည်။ 

ကောင်းသည့်အကျင့်ဆိုသော်လည်း လုပ်ရန်နောက်တွန့်သည့် ကိစ္စတို့ရှိသေးသည်။ဘာသာရေးပင် ဖြစ်သည်။ ဝိပဿနာ အလုပ်မဟုတ်ဘဲ လွယ်ကူသည့် ဘုရားဂုဏ်၊တရားဂုဏ်၊သံဃာ့ဂုဏ်တို့ကို ရွတ်ဖတ်ပူဇော်ခြင်းကိုပင် နေ့စဉ်ဝတ်အနေဖြင့် အကျင့်တို့မလုပ်နိုင်ကြပေ။ 

ရုပ်သံဌာနများက လွှင့်သမျှ ဇာတ်လမ်းတွဲများကိုတော့ သုံးလေးနာရီအချိန်ပေးကြည့်နိုင်ကြသော်လည်း ဘုရားစင်ရှေ့တွင် အချိန်လေးငါးမိနစ် ဘုရားရှိခိုး၊ ငါးပါးသီလယူသည့် အကျင့်ကိုပင် ဗုဒ္ဓဘာသာတိုင်း မလုပ်နိုင်ကြပေ။ 

ပရိတ်ကြီး(၁၁)သုတ်လုံး ပြီးအောင်ရွတ်ဖို့ အလေ့အကျင့် ခက်ခဲနေသည့် ဗုဒ္ဓဘာသာများ အများအပြားပင် ရှိနေကြသည်။ 

ကျွန်တော်လည်း ပထမက ပရိတ်ရွတ်ဖတ်ရာတွင် လွယ်ကူသော ပရိတ်တို့ကို အရင်စရွတ်ခဲ့ရ၏။နောက်ပိုင်း ရွတ်ရရှည်ပြီး မှတ်ရခက်သော ရတနာ့သုတ်၊ဓဇဂ္ဂသုတ်နှင့် အာဋာနာဋိယသုတ်တို့ကို စာအုပ်ဖွင့်ကြည့်ဆိုရင်းမှ နောက်ပိုင်း ရွတ်ဆိုနိုင်လာသည်။အလေ့အကျင့်မဖြစ်ခင်က အချိန်အကြာကြီးပေးပြီးရွတ်ဆိုခဲ့ရသော်လည်း တကယ်တန်း အလေ့အကျင့်ရလာသောအခါ မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူဖြင့် ရွတ်ဆိုနိုင်ခဲ့တော့သည်။ 

ပဋ္ဌာန်းအကျယ်၊မဟာသမယသုတ်နှင့် ဓမ္မစကြာသုတ်တို့ကိုလည်း အကျင့်လုပ်ပြီး တိုးတက်ပူဇော်ခဲ့ရာ တဖြည်းဖြည်းနှင့် ပူဇော်နိုင်လာခဲ့သည်။ 

အကျင့်ဆိုသည်ကား လုပ်ယူရခြင်း

Related Posts