အပူချိန်မြင့်မယ့် ဒီနွေကို ဘယ်လို အန်တုမလဲ ?

နွေရာသီ မှာ အပူရှိန်မြင့်လာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ ပုံမှန်အပူချိန်ကို ထိန်းသိမ်းနိုင်ဖို့အတွက် ခန္ဓာကိုယ်က အလုပ်တွေ ပိုလုပ်ရပါတယ်။
ချွေးထွက်ခြင်းဟာ ခန္ဓာကိုယ်အပူချိန်ကို ထိန်းသိမ်းပေးတဲ့ ဇီဝကမ္မဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။
ဒါပေမယ့်နွေရာသီမှာက ခန္ဓာကိုယ်အနေနဲ့ အလုပ်တွေ ပိုလုပ်ရတဲ့အတွက် ပိုမို မောပန်းနွမ်းနယ်တတ်ပါတယ်။ နောက်ပြီး ဒီလိုမောပန်းနေတဲ့ အချိန်မှာ ရေခဲရေတို့ ၊ အအေးတို့ သောက်လိုက်တာဟာ ခန္ဓာကိုယ်အတွက် ဇီဝကမ္မဖြစ်စဉ်ကို အနှောက်အယှက်ဖြစ်စေပြီး ရုတ်တရက် အပူရှပ် ဖျားနာတာ ၊ Heat Stroke ဖြစ်တာ နဲ့ ဦးနှောက်သွေးကြောပြတ်တာမျိုးတွေ ဖြစ်တတ်လို့အထူးဆင်ခြင် သတိထားဖို့ လိုအပ်ပါတယ်၊ ဒါကြောင့် ဒီနွေပူပူ မှာ ခန္ဓာကိုယ်ကို အပူအအေးမျှတအောင် အိမ်ထဲမှာ များများနေပြီး အပူအအေး သင့်တင့်မျှတဖို့ ဆောင်ရန်ရှောင်ရန်လေးတွေ ဝေမျှပေးလိုက်ပါတယ်။
တစ်ကိုယ်ရေသန့်ရှင်းရေး
တစ်ကိုယ်ရေသန့်ရှင်းရေး ဟာ ဘာလို့ အရေးကြီးတာလဲ။ တစ်ကိုယ်ရေ သန့်ရှင်းမှသာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ မကောင်းတဲ့ ဘက်တီးရီးယားပိုး ပေါက်ဖွားမှု ကင်းဝေးပြီး အရေပြားနဲ့ တခြားကျန်းမာရေး ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။ ယောက်ျားလေးတွေဆိုရင် ပိုပြီးတောင် တစ်ကိုယ်ရေ သန့်ရှင်းရေးကို အလေးထားဖို့ လိုပါတယ်။ အဓိက ချွေးထွက်စေတတ်တဲ့ အကြောင်းရင်းနဲ့ ဘယ်နေရာမှာ ချွေးပိုထွက်လဲ၊ ကိုယ့်ဆီကနေ ကိုယ်နံ့ အရမ်းမပြင်းဖို့ ဘာတွေ လုပ်သင့်လဲသိထားမှ မလိုလားအပ်တဲ့ အရေပြားရောဂါတွေ မဖြစ်အောင် ကာကွယ်နိုင်မှာပါ။
ရေများများသောက်ပါ –
ရေကလည်း နွေရာသီမှာ အသားရေထိန်းသိမ်းဖို့အတွက် အရေးကြီးဆုံးပါပဲ။ ရေများများသောက်ပေးမယ်ဆိုရင် ရေဓာတ်ဆုံးရှုံးတာတွေမဖြစ်ဘဲ အသားရေကို နူးညံ့စိုပြေအောင် ထိန်းပေးပါတယ်။ ရေက ခန္ဓာကိုယ်က အဆိပ်အတောက်တွေကိုလည် ဖယ်ရှားသန့်စင်ပေးပါတယ်။
အသားရေကို ပုံမှန်သန့်စင်ပေးပါ –
အရေပြားဆဲလ်အသေတွေ ဖယ်ရှားဖို့အတွက် ပုံမှန်သန့်စင်ပေးသင့်ပါတယ်။ အပူဒဏ်ကြောင့် ခြောက်သွေ့မှုက အသားရေမှာ ဖုန်မှုန့်တွေဖြစ်လာစေပါတယ်။ ဒါကြောင့် အပျော့စားမျက်နှာသစ်ဆေးနဲ့ ပုံမှန်သစ်ပေးတာက နွေရာသီမှာ အကောင်းဆုံးပါပဲ။
Sunscreen လိမ်းပေးပါ –
Sunscreen ကတော့ နွေရာသီမှာ သင့်အတွက် အကောင်းဆုံးအဖော်မွန်ပါ။ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်တဲ့ SPF 30-50 ရှိတဲ့ Sunscreen ကို ရွေးချယ်ပေးပါ။
နေထိုင် စားသောက်မှုပုံစံ –
·အရက်သေစာ၊ ဆေးလိပ်နဲ့ တားမြစ်ဆေးဝါးတွေ သုံးစွဲမှု ရှောင်ရှားပါ
Carbonated အချိုရည်တွေ အလွန်အကျွံမသောက်ပါနဲ့ ။ (သကြားပါဝင်မှုနည်းတဲ့ သဘာဝသစ်သီးဖျော်ရည်လေးတွေ သောက်သုံးနိုင်ပါတယ်)
အထူးသတိပြု ဆောင်ရန် ရှောင်ရန် –
နေပူထဲကို အကာအကွယ် ထီး၊ ဦးထုပ်တွေ မပါပဲ အချိန်အကြာကြီး ဒါမှမဟုတ် ခဏခဏ မထွက်ပါနဲ့ ။
·အရိပ်ရတဲ့နေရာမှာ နားနားနေနေပါ။
·ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်တာမျိုး မလုပ်ပါနဲ့ ။
ပေါ့ပေါ့းပါးပါးလေးတွေပဲ လုပ်ပါ ။
·ချည်သားပွပွချောင်ချောင်လေးတွေ ဝတ်ဆင်ပါ ။
·အပူချိန်မြင့်တဲ့နေ့လယ် ၁၂ နာရီကနေ ညနေ ၃ နာရီအတွင်း တတ်နိုင်သမျှ အပြင်ထွက်တာကိုရှောင်ပါ ။
·အိပ်ရေးဝအောင် အိပ်ပါ ။
·ခြေညှပ်ဖိနပ်ဝတ်ပါ ။
လေဝင်လေထွက်ကောင်းတဲ့ ဖိနပ်တွေ ချွေးစုပ်တဲ့ခြေအိတ်တွေဝတ်ပါ ။
·နေပူထဲကနေ ပြန်လာလာချင်း ရေခဲရေ အေးအေးတွေ သောက်တာမျိုးမလုပ်ပါနဲ့ ။