Myanmar House Logo

Myanmar House

Real Estate in Myanmar

ပြင်းလွန်းလှသော နွေအပူရှိန်ကို နေအိမ်တွင်းလျော့ချနည်းများ

April 24, 2023 210 views
ပြင်းလွန်းလှသော နွေအပူရှိန်ကို နေအိမ်တွင်းလျော့ချနည်းများ

နွေရာသီရောက်တဲ့အခါ ပုံမှန်ထက်မြင့်မားတဲ့ အပူဒဏ်ကို ခံရသလို ပတ်ဝန်းကျင်တစ်ခုလုံးလည်းခြောက်သွေ့ပြီး အပူချိန်မြင့်မားမှုက လူတွေရဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုတွေမှာ အင်မတန်ကို ခက်ခဲစေပါတယ်။ နေထွက်လာတာနဲ့အမျှ အပူချိန် တရိပ်ရိပ်တက်လာတာကြောင့် ပူလောင် အိုက်စက်တဲ့ ဒဏ်ကို လူကြီးလူငယ်၊ ကလေးသူငယ် မရွေးအားလုံး ခံစားကြရပါတယ်။ ဒီလိုဆိုရင် ပူပြင်းလှတဲ့ နွေရာသီနဲ့ အပူချိန်ကိုအံတုဖြတ်ကျော်ဖို့ဆိုရင် နေအိမ်တွေမှာ ဘယ်လိုနည်းလမ်းတွေနဲ့ အပူချိန်သက်သာအောင်၊ အေးမြနေအောင်လုပ်လို့ ရမလဲဆိုတဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

 

 

အိမ်အတွင်းခန်းထဲ နေရဲ့အလင်းရောင် ထိုးဖောက်ဝင်ရောက်နိုင်တာကို သတိပြုပါ

 

သဘာဝအလင်းရောင် ကောင်းကောင်းရခြင်းနဲ့ လေဝင်လေထွက်ခြင်းက ကောင်းတယ်ဆိုပေမဲ့ နွေရာသီမှာတော့ နေအိမ်ခန်းထဲ သဘာဝအလင်းရောင်နဲ့အတူ အပူတွေလည်း ဝင်ရောက်လာတာပါ။ ပြတင်းပေါက်တွေက လာတဲ့ အလင်းရောင်ရဲ့ ၇၆ ရာခိုင်နှုန်းက အိမ်ထဲကို ဝင်လာပြီး အပူဖြစ်လာစေကာ နေရောင်ခြည်က အိမ်ကို နွေးထွေးစေပေမဲ့ ခရမ်းလွန်ရောင်ခြည်တွေကတော့လူ့ကျန်းမာရေးနဲ့ ပရိဘောဂတွေကို ပျက်စီးစေနိုင်ပါတယ်။

 

 

 

အဲဒီအတွက်ကြောင့် မလိုအပ်ပါက မနက်ခင်းပိုင်း နေအပူချိန် မြင့်လာပြီဆိုတာနဲ့ ပြတင်းပေါက်မှန်တွေ၊ တံခါးတွေကို ပိတ်ထားဖို့၊ အလင်းရောင်နဲ့ အပူရှိန်ပါတဲ့ နေအလင်းရောင် ဝင်နိုင်တဲ့ ခန်းစီးလိုက်ကာ စတာတွေကို ပိတ်ထားသင့်ပါတယ်။ အိမ်ခန်းထဲ နေရောင်ပိုဝင်လေလေ အတွင်းခန်းက အေးမြနေတဲ့ လေရဲ့ အပူချိန်ဟာ ပိုပြီးနွေးလာလေလေ ဖြစ်တာကြောင့် ပိတ်ထားလိုက်တာက အခန်းတွင်းလေကို ဆက်လက်အေးမြနေစေမှာဖြစ်ပါတယ်။

 

အမိုးအကာ၊ ဆန်းရှိတ်တွေ တပ်ဆင်ပါ

 

ဆန်းရှိတ် (နေကာ အမိုးတွေ) ဟာ သစ်ပင်ကြီးကြီးမရှိတဲ့ နေအိမ်တွေအတွက်တော့ အမိုးအကာရနိုင်တဲ့ တခြားသော ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။ အထပ်မြင့်မှာ နေတဲ့သူတွေဖြစ်ဖြစ်၊ မြေစိုက်အိမ်တွေမှာနေတဲ့ သူတွေမှာဖြစ်ဖြစ် အရိပ်ကောင်းကောင်းရနိုင်တဲ့ သစ်ပင်ကြီး မရှိပါက အမိုးအကာ၊ ဆန်းရှိတ် တွေ တပ်ဆင်ပြီး နွေရာသီမှာ နေရဲ့ အပူဒဏ်ကို သက်သာစေနိုင်ပါတယ်။ ပြတင်းပေါက်လိုနေရာတွေမှာဖြစ်စေ၊ တံခါးမကြီးအရှေ့ဘက်မှာဖြစ်စေ တပ်ဆင်ပြီး သင့်အိမ်ကို နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။

 

အေးမြတဲ့အိမ်ခေါင်မိုးဖန်တီးပါ

 

အေးမြတဲ့ခေါင်မိုးတွေဟာ နေရောင်ခြည်နဲ့ အပူကို ရောင်ပြန်ဟပ်စေကာ နွေရာသီမှာ သင့်အိမ်ကို ထိရောက်စွာ အေးမြစေနိုင်ပါတယ်။ အိမ်ရဲ့ အမိုးတွေမှာ ရောင်ပြန်အုတ်ကြွပ်တွေ ဒါမှ မဟုတ် ရောင်ပြန်ဆေးသုတ်ခြင်း၊ အပူခံစာရွက်တွေနဲ့ ဖုံးကာခြင်း စသဖြင့် အပူဒဏ်ကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းတွေနဲ့ အိမ်ရဲ့ အမိုးတွေမှာ ဖန်တီးအသုံးပြုနိုင်ပါတယ်။

 

အိမ်ခန်းတွင်းက မီးသီးအဟောင်း၊ မီးလုံးအဟောင်းတွေ လဲပစ်ပါ

 

စွမ်းအင်ပိုမိုသုံးစွဲပြီး မီးအလင်းအားမှိန်မှိန်နဲ့ အပူစွမ်းအင်ပိုမို ထုတ်ပေးတဲ့ ခေတ်ဟောင်းမီးသီးတွေကို သင့်ရဲ့ နေအိမ်တွင်းမှာ သုံးစွဲနေတယ်ဆိုရင် အခုလို ပူလောင်အိုက်စက်လှတဲ့ နွေရာသီမှာ လဲလှယ်လိုက်ဖို့ အကြံပြု ပါရေစ။ နေအိမ်တွင်းနဲ့ အခန်းရဲ့ အပူချိန်ကို တက်စေတဲ့ အရာတွေထဲမှာလည်း ခေတ်မမီတော့တဲ့ မီးလုံးတွေလည်း ပါဝင်ပါတယ်။ အဲဒီအတွက်ကြောင့် တိုးတက်ပြီးအဆင့်မြင့်လာတဲ့ ခေတ်မှာ စွမ်းအင်သုံးစွဲမှု ပိုမိုသက်သာပြီးအပူဓာတ်ထုတ်လွှတ်မှုနည်းတဲ့ LED မီးသီးတွေနဲ့ အစားထိုးအသုံးပြုနိုင်ပါတယ်။ LED မီးသီးတွေဟာ အပူဓာတ်ထုတ်လွှတ်မှုနည်းပါးပြီး အလင်းရောင်ကောင်းကောင်းကိုလည်း ပေးစွမ်းနိုင်တဲ့အပြင် အပူဒဏ်လည်း သက်သာစေနိုင်လို့ နေအိမ်တွင်း အေးမြတဲ့ လေထုကိုလည်း ထိန်းပေးထားနိုင်မှာဖြစ်ပါတယ်။

 

အလင်းဘက်သွားတဲ့ အရောင်လေးတွေ အသုံးပြုပါ

 

 

 

နေအိမ်တွင်းမှာ အသုံးပြုတဲ့ နံရံတွေရဲ့ အရောင်တွေ၊ မျက်နှာကျက်၊ အခင်းတွေမှာ အသုံးပြုတဲ့ အရောင်လေး တွေက နွေရာသီနဲ့ အပူချိန်ကို လျှော့ချတဲ့နေရာမှာ တစ်ဖက်တစ်လမ်းကနေ အကူအညီပေးပါတယ်။ အလင်းဘက်ကို သွားတဲ့ အရောင်အဖျော့လေးတွေက နေရဲ့မြင်နိုင်တဲ့ လှိုင်းတွေကို ထင်ဟပ်စေနိုင်ပြီး အပူဒဏ်စုပ်ယူမှု နည်းပါးတာကြောင့် အိမ်ရဲ့အတွင်းခန်းပိုင်း အပူချိန်ကို လျော့ကျစေကာ အေးမြမှုကို ထိန်းထားပေးနိုင်ပါတယ်။ အရောင်တောက်တောက်တွေ၊ အနက်ရောင်ဘက်သွားတဲ့ အရောင်တွေဟာ နေအပူချိန်၊ အပူငွေ့တွေကို စုပ်ယူနိုင်တဲ့ သဘာဝရှိပါတယ်။ ဒီအတွက်ကြောင့် နွေရာသီလို နေပူချိန်ပြင်းပြီး ရာသီဥတု ပူနွေးနေတဲ့ ကာလတွေမှာ အလင်းရောင်ဘက်သွားတဲ့ အရောင်အဖျော့လေးတွေ၊ မျက်စိအေးစေမယ့် အရောင်လေးတွေ အသုံးပြုခြင်းဖြင့် အိမ်ခန်းတွင်းကော၊ လူတွေရဲ့ စိတ်ရော ကိုယ်ပါ အေးမြမှုတွေ ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။

 

ကဲ ... ဒီလောက်ဆိုရင် ပူလောင်အိုက်စက်တဲ့ နွေရာသီ နေပူပူမှာ နေအိမ်တွင်း အပူဒဏ်သက်သာအောင် နေထိုင်လို့ရမယ့် နည်းလမ်းတွေသိပြီးလောက်ပြီထင်ပါတယ်။ iMyanmarhouse.com ရဲ့ စာဖတ်ပရိသတ်ကြီးလည်း နွေရာသီရဲ့ နွေနေပူပူမှာ အပူဒဏ်တွေလျော့ပါးသက်သာပြီး အေးမြစွာဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

#credit

Related Posts