Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

RC ဘယ်ကစခဲ့သလဲ?

RC ဘယ်ကစခဲ့သလဲ?

𝗥𝗖 ရဲ့ အရှည်ကောက်ဟာ 𝗥𝗲𝗶𝗻𝗳𝗼𝗿𝗰𝗲𝗱 𝗖𝗼𝗻𝗰𝗿𝗲𝘁𝗲 ဖြစ်ပြီး မြန်မာလို သံကူအားဖြည့်ကွန်ကရစ်လို့ သုံးနှုန်းတာ တွေ့ဖူးပါတယ်။ ကွန်ကရစ်ထဲမှာ သံမဏိချောင်းတွေ ထည့်သွင်းသွန်းလောင်းတဲ့ ကွန်ကရစ်အမျိုးအစားလို့ အဓိပ္ပာယ်ရပါတယ်။

ခရစ်တော်မပေါ်မီ နှစ်ပေါင်းများစွာကတည်းက ရောမလူမျိုးတွေဟာ Vesuvius မီးတောင်ကရတဲ့မီးတောင်ပြာနဲ့ ဖောက်ထုံးနဲ့ရောပြီး Pozzolana လို့ခေါ်တဲ့ အင်္ဂတေတစ်မျိုးကို အဆောက်အဦးတွေဆောက်လုပ်ရာမှာ အသုံးပြုခဲ့တယ်လို့ အထောက်အထားတွေအရ တွေ့ရှိရပါတယ်။

အင်္ဂတေကို အဆောက်အဦးဆောက်လုပ်ရာမှာ သမိုင်းတစ်လျှောက် ပုံစံအမျိုးမျိုးနဲ့ အသုံးပြုခဲ့ကြပါတယ်။ နှစ်ကာလကြာလာတာနဲ့အမျှ အင်္ဂတေသွန်းလုပ်တဲ့နည်းစနစ်တွေ အဆင့်ဆင့်တိုးတက်ပြောင်းလဲလာခဲ့ပေမယ့် အားနည်းချက်တစ်ခုကတော့ရှိနေပါသေးတယ်။ အဲဒါကတော့ အင်္ဂတေဟာ ဖိနှိပ်ခံနိုင်အား (Compression Strength) အလွန်ကောင်းပေမယ့် ဆွဲဆန့်ခံနိုင်အား (Tensile Strength) အလွန်နည်းပါးခြင်းပါပဲ။ ဆိုလိုတာကတော့ အင်္ဂတေတုံးတစ်တုံးကို အားနဲ့ဖိနှိပ်ချမယ်ဆိုရင် အတိုင်းအတာတစ်ခုအထိ မကွဲမကြေနိုင်ပေမယ့် သားရေပင်လိုဆွဲဆန့်လိုက်ရင်တော့ အလွယ်တကူကြေမွပျက်စီးသွားတတ်ပါတယ်။ ဒါကြောင့် ဒီပြဿနာကိုဖြေရှင်းဖို့အတွက် အင်္ဂတေလောင်းတဲ့အချိန်မှာ စတီးချောင်းလို Tensile Strength ကောင်းတဲ့အရာတစ်ခုကို ထည့်သွင်းတည်ဆောက်လာကြပါတယ်။ ဘာအားသာချက်ရသလဲဆိုတော့ ကွန်ကရစ်ရဲ့ အားသာချက်ဖြစ်တဲ့ Compression Strength နဲ့ စတီးရဲ့အားသာချက်ဖြစ်တဲ့ Tensile Strength နှစ်ခုစလုံးကို ပေါင်းစည်းပေးလိုက်သလိုဖြစ်သွားပါတော့တယ်။

𝗥𝗖 ကို ပထမဦးဆုံးစတင်တည်ဆောက်ခဲ့တာကတော့ Jean-Louis Lambot ပဲဖြစ်ပါတယ်။ Lambot ဟာ သူ့ရဲ့ ကွန်ကရစ်လှေငယ်လေးတွေတည်ဆောက်ရာမှာ ခံနိုင်ရည်အားပိုမိုကောင်းမွန်စေဖို့ သံချောင်းတွေ၊ သံဇကာတွေ ထည့်သွင်းတည်ဆောက်ခဲ့တယ်လို့ အထောက်အထားတွေအရတွေ့ရှိရပါတယ်။ သူကတော့ သမိုင်းမှာ 𝗥𝗖 ကို ပထမဆုံး တည်ဆောက်အသုံးပြုခဲ့သူလို့ အမည်တွင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့နာမည်က သိပ်မတွင်ကျယ်ခဲ့ပါဘူး။ 𝗥𝗖 ကို အဆောက်အဦးတည်ဆောက်ရာမှာ ပထမဦးဆုံး စတင်အသုံးပြုခဲ့သူကတော့ ပြင်သစ်လူမျိုး François Coignet ပါပဲ။ အထောက်အထားတွေနဲ့ စွယ်စုံကျမ်းတွေမှာ Coignet ရဲ့နာမည်ကသာ ပိုပြီးအရာတွင်ခဲ့ပါတယ်။ ဒါပေမယ့် သူလည်း 𝗥𝗖 ရဲ့ အသုံးဝင်ပုံ၊ အားသာချက်တွေကိုသိလို့ဆိုတာထက် ပါရီမြို့ Charles Michles အရပ် ခြံအမှတ် ၇၂ မှာ သူဆောက်နေတဲ့ လေးထပ်တိုက်ကလေး ပုံမပျက်သွားအောင်ဆိုပြီးတော့ ကွန်ကရစ်ထဲ စတီးချောင်းတွေ ထည့်သွင်းတည်ဆောက်ရာက 𝗥𝗖 သမိုင်းအစပြုခဲ့တာပဲဖြစ်ပါတယ်။

၁၈၅၄ ခုနှစ်မှာ အင်္ဂလိပ်ဆောက်လုပ်ရေးသမား William B. Wilkinson က ကွန်ကရစ်ရဲ့ Compression Strength အားသာချက်နဲ့ Steel ရဲ့ Tensile Strength အားသာချက်နှစ်ခုကိုပေါင်းစည်းဖို့ရည်ရွယ်ချက်နဲ့ 𝗥𝗖 ကို ပထမဆုံးစတင်အသုံးပြုခဲ့ပါတယ်။ Coignet က ၁၈၅၃ မှာ ဆောက်လုပ်ခဲ့တာဖြစ်လို့ Wilkinson ထက် တစ်နှစ်စောပါတယ်။ အဲဒီကနေစပြီးတော့ Steel ထုတ်လုပ်တဲ့နည်းပညာတွေ အဆင့်မြင့်လာသလို 𝗥𝗖 တွေလည်း ပိုမိုအဆင့်မြင့်လာကြတာ ဒီနေ့အထိပါပဲ။

#copysharing

Related Posts