Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

အဓိကအကျဆုံးစရန်စာချုပ်

အဓိကအကျဆုံးစရန်စာချုပ်

စရန်စာချုပ်ဆိုတာပြောတော့သာ စရန်စာချုပ် တကယ်တော့ အဓိကအကျဆုံးစာချုပ်ပါ။ ရောင်းဝယ်ခြင်း ပြီးဆုံး ဇာတ်သိမ်းတဲ့အထိ ပါသွားမယ့် စာချုပ်ပါ။ ဒါကြောင့် လွယ်လွယ်ဝယ်လို့ ရတဲ့ စာချုပ်ပုံစံထဲမှာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ရောင်းသူဝယ်သူ တို့ရဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေကို နှစ်ဦးနှစ်ဖက် သဘောတူအောင် ညှိပြီး  စုံစုံလင်လင်ကို ရေးကြရမှာပါ။


စာချုပ် နည်းနည်းပါးပါး ရှည်ချင်လည်း ရှည်ပါစေ ပြည့်စုံဖို့ကအဓိကပါ။ စရန်စာချုပ်မှာ လက်မှတ်ထိုးကြ တဲ့ အသိသက်သေ နှစ်ဦးကိုလည်း နာမည်၊ မှတ်ပုံတင်၊ နေရပ်၊ ဖုန်းနံပါတ်က စလို့ စုံစုံ လင်လင် ရယူထားရပါမယ်။ စာချုပ်ချုပ်တဲ့ အခါမှာလည်း မူရင်း နှစ်စောင်ရေးကြ ရပါမယ်။ ဝယ်သူ တစ်စောင်၊ ရောင်းသူတစ်စောင် ယူထားကြရပါမယ်။ ဖြစ်နိုင်ရင် မိတ္တူကူးပြီး အကျိုးဆောင်ကြီးတွေ တစ်စောင်စီ ယူထားကြဖို့လည်း လိုပါတယ်။


စရန်စာချုပ်ကို ရောင်းတာပဲ ဖြစ်ဖြစ်၊ ငှားတာပဲ ဖြစ်ဖြစ် ပြည့်ပြည့်စုံစုံ ရေးထားရင် ပျက်ဖို့ခဲယဉ်းပါတယ်။မတော်တဆ ပျက်ကြရင်လည်း ဖြေရှင်းရတာ လွယ်ပါတယ်။

ရောင်းချမယ့် ကတိကိုပိုင်ရှင်ဘက်မှလည်း ပျက်တတ်ပါတယ်။  စရန်ယူပြီးမှ ၎င်းအိမ်ခြံမြေကို အဆမတန် ဈေးပေးဝယ်ယူမယ့်သူ ပေါ်ပေါက်ခဲ့ရင် ရောင်းချသူဟာ စရန်ကို နှစ်ဆ လျော်ရရင်လဲ လျော်ပါမယ် ဆိုတဲ့အကြံ ပေါ်တတ်ပါတယ်။ စရန်ယူပြီး နောက်မှ ဖုံးအုပ်ထားတဲ့ ပြဿနာ တစ်စုံတစ်ရာ ပေါ်လာတတ်ပါတယ်။ တစ်ဦးတစ်ယောက်ကို ပေးကမ်းထားခြင်း၊ ရောင်းချရန် စရန်ယူထားပြီး ဖြစ်ခြင်း၊ ပေါင်နှံထားခြင်း၊ လှူဒါန်းထားခြင်းစတဲ့ အကြောင်း ကြောင်းတွေ ပေါ်လာခဲ့ရင်လည်း ရောင်းချမယ့်သူက စရန်စာချုပ်ပါအတိုင်း ဆက်လက်မဆောင်ရွက်နိုင်ရင် စရန်ငွေရဲ့ နှစ်ဆကို ပေးလျှော်ကြရပါတယ်။


ဒါပေမဲ့ စရန်စာချုပ်ချုပ်ဆိုစဉ် နှစ်ဆပေးလျော်ပါမယ်လို့ ထည့်သွင်းရေးသားခြင်း မပြုမိတာ၊ ဘာစည်းကမ်းကိုမှ မဖော်ပြဘဲ အာမခံသဘော ငွေပေးသွင်းရာ ရောက်စေတဲ့ စရန်စာချုပ် ဖြစ်နေတာတွေ ဟာ စရန်နဲ့ လျော်ကြေးတို့ကို မရစေနိုင်တဲ့ အကြောင်းကိစ္စတွေ ဖြစ်နေပါတယ်။


ဝယ်သူဘက်မှလည်း ပျက်ကွက်တတ်ပါတယ်။စရန်ချထားစဉ် ကာလအတွင်း အဲ့သည် အိမ်ခြံမြေထက် အနေအထားသာ ပြီး ဈေးသက်သာတဲ့ အမှန်အကန်ပစ္စည်း တစ်စုံတစ်ခုကို ထပ်မံတွေ့ရှိခဲ့ရင်လည်း ဝယ်သူက စရန်အဆုံးခံတတ်ကြပါတယ်။ တစ်ခါတစ်ရံမှာ စရန်ချထားပြီးတဲ့ အိမ်ခြံ မြေကို ဆက်လက်ဝယ်ယူဖို့  ဆန္ဒမရှိ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံ ငွေကြေး အကျပ်အတည်းကြောင့် အခြေအနေ မပေးတော့ဘဲ ဆက်လက်မဝယ်ယူနိုင်ခြင်း လည်း ဖြစ်တတ်ပါတယ်။
 

ဘယ်လို အကြောင်းကြောင့် ဖြစ်စေ စရန်စာချုပ်ချုပ်ကတည်းက ဆက်လက်မဝယ် ဖြစ်ရင် စရန်ဆုံးပါမယ် ဆိုတဲ့ သဘောတူညီချက်ကို ထည့်သွင်းဖို့ မမေ့ကြပါနဲ့။ သီးခြားပုံစံတစ်မျိုး အနေနဲ့ စရန်စာချုပ်ကို ခြွင်းချက် ရေးသားချုပ်ဆိုရင် တော့ စရန်စာချုပ် ပျက်ပြယ်ကြရမယ့် အခါမျိုးမှာ ရောင်းသူ၊ဝယ်သူနှစ်ဦးရဲ့တို့ ကတိစကား (စာချုပ်ပါအတိုင်း) တို့ကသာ အတည်ဖြစ်ပါတယ်လို့ ဥပဒေအတိုင်ပင်ခံ ဦးကြည်စိုးက ပြောပါတယ်။

Related Posts