ရာဖြတ်တန်ဖိုးနဲ့ စာချုပ်ချုပ်ဆိုခြင်း
မေး – သိန်း၅၀၀၀နဲ့ အရောင်းအဝယ်ဖြစ်တဲ့မြေကွက် တစ်ကွက်ကို စာချုပ်ချုပ်ပေးရရင် တန်ဖိုးကိုလျှော့ချုပ်ရမလား ? အမှန်ပဲချုပ်ရမလား ? လျှော့ချုပ်မယ်ဆိုရင် တန်ဖိုးဘယ်လောက်လျှော့ချုပ်သင့်လဲ ?
ဖြေ – ဥပမာ အိမ် နဲ့မြေကွက်တစ်ခုကို ယနေ့ချက်ချင်း စရန်ပေးတာ စစ်ဆေးတာအကုန်ပြီးလို့ သိန်း၅၀၀၀ ငွေအပြေချေတယ်ဆိုပါစို့ ။ ငွေအပြေချေပြီး ဂရန် ၊ ဆက်စပ်စာချုပ် ၊ အစစအစုံယူလို့ စာချုပ်ကို ရှေ့နေတစ်ဉီးဉီး ဒါမှမဟုတ် အတော်အတန် ” ကျွမ်းကျင်သူတစ်ဉီးဉီး” နဲ့ချုပ်ဆိုကြပြီဆိုရင် လက်ငင်းပေးချေလိုက်ရတဲ့ တန်ဖိုး သိန်း ၅၀၀၀ နဲ့ပဲ စာချုပ်ချုပ်ဖြစ်ကြပါတယ်။
မေး : သိန်း ၅၀၀၀ နဲ့ပဲချုပ်သင့်တာလား ဘယ်လောက်လျှော့ချုပ်ထား သင့်လဲ ?
ဖြေ – သိန်း ၅၀၀၀နဲ့စာချုပ်ချုပ်လို့ပြီးမှ တစ်ယောက်က “တိုင်းဒေသကြီး” က ကန့်သတ်ပေးထားတဲ့ “ကာလစီစစ်ရေးအဖွဲ့ရဲ့စံနှုန်း” စာအုပ်က တန်ဖိုးကို ကြည့်ပြီး ချုပ်တာ အမှားနည်းတယ်လို့ပြ စပြောလာပါလိမ့်မယ် ( ဒါက ” စာအုပ် – ရာဖြတ် ” ကိုပြောတာပါ ။ သူပြောတဲ့ စာအုပ်ထဲမှာ ပါတဲ့အတိုင်း မြို့နယ် ရယ် ၊ လမ်းရယ် ၊ စတုရန်းပေ နှုန်းထားရယ်နဲ့ ကိုယ့်မြေကွက်အကျယ်အဝန်းကို တွက်လိုက်တော့ တန်ဖိုးတစ်ခု ထွက်လာပါပြီ ) အဲ့ဒါက ဒုတိယတန်ဖိုး ( သို့မဟုတ် ) ရာဖြတ်တန်ဖိုး ကို ပြောတာပါ ။ ဒီစာအုပ်ကလည်း ဘဏ္ဍာရေးဝန်ကြီးဌာန ၊ ပြည်တွင်းအခွန်များဉီးစီးဌာန က နှစ်စဉ်ထုတ်တဲ့ နှုန်းထားတွေမို့ လျော့တွက်လို့မရပါဘူး။ ဒါနဲ့ပဲ တကယ်ရောင်းကြ ၊ ဝယ်ကြတာက သိန်း၅၀၀၀ ” စာအုပ်ရာဖြတ်” နဲ့တွက်ကြည့်တော့ သိန်း ” ၂၆၀၀” ဆိုပါစို့ ။ အဲ့ဒီ့အချိန်မှာ စာချုပ်ချုပ်နေစဉ်ရှိတဲ့အရေးပါသူ တစ်ယောက်ယောက်က ” ဟုတ်ပါတယ်လေ ၊ ကျွန်တော်တို့ ဘယ်လောက်ရေးရေး ချုပ်ချုပ် တာဝန်ရှိသူတွေက ပြင်ကြအုံးမှာပါဗျာ ၊ ဒါကြောင့် ကြည့်ကောင်းရလောက်အောင် သိန်း ၂၄၀၀လောက် ချုပ်လိုက်ကြရင် မကောင်းဘူးလားရယ်လို့ ” အပြောအဆို ရှိလာအုံးမှာ ။ဒီ တော့ သိန်း ၂၄၀၀ နဲ့ပဲ မြေကွက်ရဲ့ ” တတိယအကြိမ် ” သတ်မှတ်ခံရတဲ့တန်ဖိုးနဲ့ စာချုပ် တစ်စောင် ” (စာချုပ်အတု ” လို့ပြောလို့ရပါတယ်) ထပ်ချုပ်လိုက်ပါတယ် စာချုပ်အတု ကတော့ ကာလတန်ဖိုးစီစစ်ရေး အဖွဲ့ ရှိလို့ ပြသနာမဖြစ်စေတဲ့စာချုပ်ပါ ကာလတန်ဖိုး စီစစ်ရေးအဖွဲ့ကို ” သိန်း ၂၄၀၀ စာချုပ်နဲ့ မြေပုံမြေရာဇဝင်” တွဲပြီး ထည့်ပေးလိုက်ရပါတယ်။ စာအုပ်ရာဖြတ် တန်ဖိုး ကို ကြည့်ပြီးမှ ချုပ်ဆိုထားတာမို့ ဌာနဆိုင်ရာအဖွဲ့ကို တလေးတစားရှိတယ်ဆိုပြီး စိစစ်ရေးအစည်းအဝေးမှာ ပြောကြမှာပါဗျာ ။ စိစစ်ရေးအဖွဲ့မှာဆိုရင် ထွေအုပ် ၊ စည်ပင် ၊ အခွန်ဉီးစီး ၊ ရဲတပ်ဖွဲ့နဲ့ မီးသတ်ဉီးစီးကစလို့ ဌာနအတော်စုံပါတယ် ။ ဒါကြောင့်မို့ ခင်ဗျားတို့က ရဲရဲတင်းတင်းသာ စာချုပ်ချုပ်ရင် တန်ဖိုးလျော့ချုပ်ကြပါ ။ “ကာလတန်ဖိုး စိစစ်ရေးအဖွဲ့”က ကာလတန်ဖိုးနဲ့ ပြန်စိစစ်ပြီး ပြန်ဆွဲတင်ပါမယ်ပေါ့ ။ ( ဒီနေရာက ဝယ်ဈေးဘယ်လောက် အခုဈေးဘယ်လောက် သွားပြီးအထွန့်ပြန်တတ်လို့မရပါဘူး ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်တဲ့ ဥပဒေပုဒ်မ ( ၁၃)အရ “ပျက်ကွက်၊ မမှန် ၊ ထိမ်ချန် (၃)နှစ်” ပါဗျာ။ ကာလတန်ဖိုးစိစစ်ရေးအဖွဲပြီး နောက်ထပ် က “မြို့နယ်ရာဖြတ်” ပဲ ။ အဲ့ဒီ့အဖွဲ့ကလည်း ဘောင်ဝင်အောင် ၊ ကြည့်ကောင်းအောင် ၊ အထက်က ဆရာတွေကလည်း အပြစ်မပြောရလေအောင်ဆိုပြီး ခင်ဗျားတို့လျှော့ချုပ်ထားတဲ့စာချုပ်ပေါ်မှာ မှတ်ချက်ရေးသင့်တာရေးပြီး သိန်း၂၉၀၀ လို့စိစစ်ရေးလိုက်မယ်ဆိုပါစို့
မေး : ဝယ်တာက သိန်း၅၀၀၀ ရာဖြတ်စာအုပ်မှာကြည့်တော့ သိန်း ၂၆၀၀ ခင်ဗျားတို့လျော့ချုပ်တာက သိန်း ၂၄၀၀ ကာလစိစစ်ရေးအဖွဲ့က ဆုံးဖြတ်လိုက်တာက သိန်း ၂၉၀၀ တန်ဖိုးက လေးမျိုးတောင်ဖြစ်သွားပြီလား ဆရာ ?
ဖြေ : မပြီးသေးပါဘူးဗျာ ၊ “တိုင်းကာလတန်ဖိုးစိစစ်ရေးအဖွဲ့”ကို တင်ပေးရပါတယ်။ ” တိုင်း ဒေသကြီးကာလတန်ဖိုးစိစစ်ရေးအဖွဲ့”က သဘောထားယူပြီး၃၂၀၀ နဲ့ အတည်ပြုပေးလိုက်ပြီဆိုရင် အဲ့ဒီ့အခါကျမှ အခွန်တော် တံဆိပ်ခေါင်းဝယ် ၊ အခွန်ဆောင်ဖို့အတည်ဖြစ်သွားပါပြီခင်ဗျ။ လျော့တဲ့လူကလည်း အထိုက်အလျောက်လျော့ ၊ ပြင်တဲ့လူကလည်း ဘောင်အတွင်းကပြင်ပြီး ၊ နောက်ဆုံး ဆုံးဖြတ်တဲ့ တန်ဖိုးကိုက တကယ်အရောင်းအဝယ်ဖြစ်တဲ့ တန်ဖိုးထက်တော့အများကြီးနည်းကြပါတယ်ဗျာ။ “စာချုပ်တန်ဖိုး (၅)မျိုး” ” တိုင်းကအတည်” လို့သာ မှတ်ထားလိုက်ကြရအောင်ဗျာ။
Credit : ဆရာကြည်စိုး(IC)