Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ကိုယ်စားလှယ်လွှဲစာ(S.P / G.P) များအကြောင်း ××× သိမှတ်ဖွယ်ရာနှင့် သတိပြုဖွယ်ရာများ။

ကိုယ်စားလှယ်လွှဲစာ(S.P / G.P) များအကြောင်း ××× သိမှတ်ဖွယ်ရာနှင့် သတိပြုဖွယ်ရာများ။

ကိုယ်စားလှယ်လွှဲစာ(S.P / G.P) များအကြောင်း
××××××××××××××××××××××××××××××××××
သိမှတ်ဖွယ်ရာနှင့် သတိပြုဖွယ်ရာများ။
××××××××××××××××××××××××××××

ကိုယ်စားလှယ်လွှဲစာနှစ်မျိုးရှိပါသည်။
(၁) အထွေထွေကိုယ်စားလှယ်လွှဲစာ
(General Power - GP)
(၂) အထူးကိုယ်စားလှယ်လွှဲစာ
(Special Power - SP)
အထွေထွေ ကိုယ်စားလှယ်လွှဲစာ(G.P) အရ လွှဲအပ်ခြင်း ခံရသူသည် လွှဲအပ်သူ၏ လုပ်ငန်းကိစ္စအရပ်ရပ်နှင့် ပိုင်ဆိုင်မှုကိစ္စအရပ်ရပ်ကို လွှဲအပ်သူ၏ကိုယ်စား လုပ်ပိုင်ခွင့် ရရှိပေသည်။ အထူးကိုယ်စားလှယ်လွှဲစာ (S.P) မှာမူ လွှဲအပ်သူက ခွင့်ပြုထားသည့် အကြောင်းအရာ၏ လုပ်ပိုင်ခွင့်ကိုသာ ကိုယ်စားလှယ်ရသူက လုပ်ပိုင်ခွင့် ရှိပေသည်။ အထူးကိုယ်စားလှယ် လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာမှာ လွှဲပေးတဲ့သူ၊ တစ်နည်းအားဖြင့် ရောင်းချသူပိုင်ရှင်က သေဆုံးခြင်း (သို့မဟုတ်) စိတ်ပေါသွပ်သွားခြင်း ကြောင့် ဖြစ်စေ၊ ထောင်နှစ်ရှည် ကျလျှင်ဖြစ်စေ၊ ကြွေးမြီမှ ကင်းလွတ်စေရန် အတည်ဖြစ်လျက်ရှိတဲ့ ဥပဒေ တစ်ရပ်ရပ်အရ ကြွေးမဆပ်နိုင်တဲ့ လူမွဲစာရင်းဖြစ်ကြောင်း စီရင်ဆုံးဖြတ်ခြင်း ခံရခြင်းကြောင့် ဖြစ်စေ၊ ဒီလိုအကြောင်းတရား တွေကြောင့် အထူးကိုယ်စားလှယ်လွှဲစာ၊ အထွေထွေ ကိုယ်စားလှယ်လွှဲစာများ ဆုံးခန်းတိုင်ပြီး ပျက်ပြယ်သွားမည် ဖြစ်ပါသည်။ ထိုအချက်မျာကို ပဋိညာဉ်အက်ဥပဒေပုဒ်မ ၂၀၁ မှာ အတိအလင်း ဖော်ပြထားပါသည်။ ကိုယ်စားလှယ်လွှဲစာများ ပျက်ပြယ်သည့် အကြောင်းအရင်း များထဲက တစ်ခုကို ဥပမာပြရလျှင် "လူတစ်ယောက်က အိမ်မြေပိုင်ရှင်တစ်ယောက်ဆီက သိန်း ၁၀၀ တန်အိမ်မြေကို အထူးကိုယ်စား လှယ်လွှဲစာနဲ့ စာချုပ်ချုပ်ပြီး ငွေချေလိုက်ပါတယ်။ နောက်တစ်နေ့မှာ အဲဒီရောင်းချလိုက်တဲ့ ပိုင်ရှင်က သေဆုံးသွားခဲ့တယ်ဆိုရင် အဲဒီ အထူးကိုယ်စားလှယ်လွှဲစာက အကျုံးမဝင် တော့ဘဲ ပျက်ပြယ် သွားမှာမျိုး ဖြစ်ပါတယ်"။ ထို့အပြင် ကိုယ်စားလှယ်လွှဲစာကို စနစ်တကျနဲ့ ပြန်ရုပ်သိမ်း နိုင်လျှင်လည်း ပျက်ပြယ်သလို ကိုယ်စားလှယ် (ပိုင်ရှင်)မှ ကိုယ်စားလှယ်လုပ်ငန်းကို ဆောင်ရွက်ရန် ငြင်းပယ်ခြင်းကြောင့် ဖြစ်စေ၊ ကိုယ်စားလှယ်လုပ်ငန်း ပြီးဆုံးခြင်းကြောင့် ဖြစ်စေ ပျက်ပြယ်ပါသည်။ ကိုယ်စားလှယ်လွှဲစာ များမှာ သက်တမ်းမရှိသလို စိတ်ပေါသွပ်နေသူနှင့် အသက် ၁၈ နှစ်အောက်က လွဲပြီး စာချုပ် စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ကာ မည်သူ့ကိုမဆို လွှဲနိုင်ပါသည်။ ထို့ကြောင့် ကိုယ်စားလှယ်လွှဲစာများနှင့် ပတ်သက်ပြီး လွှဲတဲ့သူရော၊ အလွှဲခံရတဲ့သူပါ သတိထားကြရမှာ ဖြစ်ပါတယ်။ အထူးကိုယ်စားလှယ်လွှဲစာနဲ့ အထွေထွေကိုယ်စားလှယ်လွှဲစာမှာ အထွေထွေကိုယ်စားလှယ်လွှဲစာဟာ အကန့်အသတ်မရှိ ပါဝါပေးတာဖြစ်ပြီး အလွှဲခံရသူ လုပ်သမျှ၊ ဖြစ်သမျှ ပြဿနာကို မူလပိုင်ရှင်က ရှောင်လို့ မရသည့် အတွက်ကြောင့် ပေါ့ပေါ့ဆဆနှင့် အလွယ်တကူမလုပ်သင့် ကြောင်း သိရှိရပါသည်။ ပဋိဉာဉ်အက် ဥပဒေပုဒ်မ (၁၈၂) တွင် ကိုယ်စားလှယ် ဆိုသည်မှာ သူတစ်ပါးအတွက် ကိစ္စတစ်ရပ်ရပ်ကို ဆောင်ရွက်ရန် ခန့်ထားခံရသူသို့မဟုတ် အခြားလူများနှင့် ဆက်ဆံရာတွင် သူတစ်ပါးအတွက် ကိုယ်စားပြုသူကို ဆိုလိုသည်ဟုဖော်ပြ ထားပါသည်။ မိမိကိုယ်စား ကိုယ်စားလှယ် လွှဲအပ်သူသည် မိမိနှင့်သက်ဆိုင်သည့် တရားဥပဒေအရ အရွယ်ရောက်သူဖြစ်ပြီး စိတ်ပေါ့သွပ်သူ မဖြစ်စေရဟု ပဋိဉာဉ်အက်ဥပဒေပုဒ်မ (၁၈၃) တွင် ပြဋ္ဌာန်းထားပေသည်။ ထို့အတူ ပဋိဉာဉ် အက်ဥပဒေပုဒ်မ (၁၈၄) တွင် မည်သူမဆို ကိုယ်စားလှယ် ဖြစ်နိုင်သော်လည်း တရားဥပဒေ အရ အရွယ်မရောက်သေးသူနှင့် စိတ်ပေါသွပ်သူ မဖြစ်စေရဟု ဖော်ပြထားပေသည်။ ထို့ကြောင့် ကိုယ်စားလှယ် လွှဲအပ်သူနှင့် ကိုယ်စားလှယ်အဖြစ် လက်ခံသူတို့သည် ဥပဒေအရ အရွယ်ရောက်သူများဖြစ်ပြီး စိတ်ပေါသွပ်သူများ မဖြစ်စေရကြောင်း သတိပြုဖို့ လိုအပ်ပေသည်။ ကိုယ်စားလှယ် လွှဲအပ်ရာ၌ နှုတ်ဖြင့် လွှဲအပ်နိုင်သော်လည်း တရားဝင် အငြင်းမပွားနိုင်ရန် စာဖြင့် (G.P) ဖြစ်စေ၊ (S.P) ဖြစ်စေ လွှဲအပ်နိုင်ကြောင်း ပဋိဉာဉ် အက်ဥပဒေ ပုဒ်မ (၁၈၇) တွင် ပြဋ္ဌာန်းထားပေသည်။ ကိုယ်စားလှယ် လွှဲစာ (G.P) နှင့် (S.P) များကို တရားဝင် အတည်ဖြစ်စေရန်၊ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၌ စာချုပ်စာတမ်း မှတ်ပုံတင် အက်ဥပဒေပုဒ်မ (၃၃) အရ မှတ်ပုံတင် ပြုလုပ်ရန် လိုအပ်ပါသည်။ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၌ လက်ခံကျင့်သုံးနေသည်မှာ (S.P) အထူးကိုယ်စားလှယ်လွှဲစာ ချုပ်ဆိုရာတွင် ကိုယ်စားလှယ်လွှဲစာ၌ ဖော်ပြထားသော လုပ်ပိုင်ခွင့်များနှင့် ပတ်သက်၍ လွှဲအပ်သူက ပိုင်ဆိုင်သည့် အထောက်အထား သို့မဟုတ် လုပ်ပိုင်ခွင့်အထောက်အထား စာရွက်စာတမ်းများကို တင်ပြရပေသည်။ ဥပမာ အိမ်ခြံမြေနှင့်ပတ်သက်သည့် ကိစ္စရပ်များကို လွှဲအပ်ထားပါက လွှဲအပ်သူ အနေဖြင့် အဆိုပါ အိမ်ခြံမြေနှင့် ပတ်သက်သည့် ပိုင်ဆိုင်မှု အထောက်အထား၊ ဂရန် စသည်တို့ကို တင်ပြရမည် ဖြစ်သည်။ သို့သော် အထွေထွေ ကိုယ်စားလှယ်လွှဲစာ (G.P) ပြုလုပ် ချုပ်ဆိုရာတွင် ကိုယ်စားလှယ် လွှဲအပ်သူ၏ လုပ်ပိုင်ခွင့်ကိစ္စမှန်သမျှကို လွှဲအပ်ခြင်း ဖြစ်သဖြင့် အထောက် အထား စာရွက်စာတမ်းများ တင်ပြရန် မလိုအပ်ပေ။ ထို့ကြောင့် မူလအထွေထွေ ကိုယ်စားလှယ်လွှဲစာ (G.P) ရရှိထားသူက အခြားနောက်တစ်ဦးကို အထွေထွေ ကိုယ်စားလှယ်လွှဲစာ (G.P) ထပ်ဆင့် ပြုလုပ်လွှဲအပ်ခြင်းများ ရှိလာပေသည်။ ထပ်ဆင့်ကိုယ်စားလှယ် လွှဲစာပြုလုပ်ပေးခြင်း ဆိုသည်မှာ ဥပဒေနှင့်အညီ ကိုယ်စားလှယ်အဖြစ် လွှဲအပ်ခြင်း ခံထားရသူက အခြားသူတစ်ဦးကို မိမိကိုယ်စား ဆောင်ရွက်နိုင်ရန် ထပ်ဆင့်၍ ကိုယ်စားလှယ်လွှဲစာပြုလုပ်ပေးခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် G.P to G.P သို့မဟုတ် S.P to S.P ပြုလုပ်ခြင်း ဖြစ်ပေသည်။ ပဋိဉာဉ်အက်ဥပဒေပုဒ်မ (၁၉ဝ) တွင် 'ဥပဒေနှင့်အညီ လွှဲအပ်ခြင်းခံရသော ကိုယ်စားလှယ် တစ်ဦးသည် မိမိအား ကိုယ်စားလှယ် လွှဲထားသည့် ကိစ္စ၌ ထပ်ဆင့် ကိုယ်စားလှယ် ခန့်ထားခွင့် မရှိ' ဟု ပိတ်ပင်ထားပေသည်။ ဥပမာ အိမ်ခြံမြေ အရောင်းအဝယ် ပြုလုပ်ကြရာ၌ မြေကွက် ဝယ်သူက အရောင်းအဝယ် မှတ်ပုံတင်စာချုပ် မပြုလုပ် နိုင်သေးသဖြင့်ရောင်းသူ မြေကွက် အမည်ပေါက်ထံမှ အထွေထွေ ကိုယ်စားလှယ်လွှဲစာ(G.P)ကို ဖြစ်စေ၊ 
အထူးကိုယ် စားလှယ်လွှဲစာ (S.P) ကို ဖြစ်စေ ပြုလုပ်ရယူ ထားတတ်ကြသည်။ အဆိုပါ ကိုယ်စားလှယ် လွှဲစာရသူက မိမိ ဝယ်ယူထားသောအဆိုပါမြေကွက်ကို ထပ်မံ ရောင်းချရာတွင် ဝယ်ယူသူအား မြေကွက်နှင့် ပတ်သက်သည့် ကိစ္စ အဝဝကို ဆောင်ရွက်နိုင်ရန် ထပ်ဆင့် ကိုယ်စား လှယ်လွှဲစာ ပြုလုပ် ပေးပိုင်ခွင့်မရှိပေ။ 'မြေကွက် အမည်ပေါက် ဖြစ်သူထံမှသာ ကိုယ်စားလှယ်လွှဲစာကို တိုက်ရိုက်ရယူ ထားကြရမည်' ဖြစ်သည်။ ပဋိဉာဉ်အက်ဥပဒေပုဒ်မ (၁၈၅) တွင် ကိုယ်စားလှယ်လွှဲစာပြုလုပ်ပေးရန် သို့မဟုတ် ကိုယ်စားလှယ်ပြုလုပ်ရန် မည်သည့် အဖိုးစားနားမျှ ပေးရန်မလိုဟု ပြဋ္ဌာန်းထားပေသည်။ သို့သော် ငွေရင်းနှီးမြှုပ်နှံသည့် အိမ်ခြံမြေ ဝယ်ရောင်းများ အနေဖြင့် ဝယ်ခွန်မဆောင်လိုသောကြောင့် မှတ်ပုံတင်အရောင်း အဝယ်စာချုပ် ချုပ်ဆိုခြင်း မပြုဘဲမြေကွက် အမည်ပေါက်ထံမှ ကိုယ်စားလှယ်လွှဲစာ ရယူထားလေ့ ရှိကြသည်။ ၎င်းတို့က အကျိုးအမြတ်ရ၍ အဆိုပါမြေကွက်ကို ထပ်မံ ရောင်းချရာတွင် ဝယ်သူအား ၎င်းတို့အနေဖြင့် ထပ်ဆင့် ကိုယ်စားလှယ်လွှဲစာ ပြုလုပ်ပေးခွင့် မရှိပေ။ ထပ်ဆင့်ဝယ်ယူသူအား မူလ မြေကွက် အမည်ပေါက်မှ လွှဲအပ်သည့် ကိုယ်စားလှယ်လွှဲစာ အသစ်ကို ပြုလုပ်
ပေးကြရသည်။ ဤတွင် အိမ်ခြံမြေ အမည်ပေါက်သူကမြေကွက် ထပ်ဆင့်လွှဲပြောင်း ဝယ်ယူသူအတွက် ကိုယ်စားလှယ်လွှဲစာ ပြုလုပ် ပေးရခြင်းအပေါ် သင့်တော်သည့် အဖိုးစားနား သတ်မှတ်ရယူကာ ကိုယ်စားလှယ်လွှဲစာကို ပြုလုပ်ပေးလျက် ရှိကြသည်။ "ကိုယ်စားလှယ် လွှဲအပ်သူသည် မိမိ၏ ကိုယ်စားလှယ်လွှဲစာကို မည်သည့်အချိန်တွင်မဆို ရုပ်သိမ်းနိုင်သည်" ဟု ပဋိဉာဉ် အက်ဥပဒေပုဒ်မ (၂ဝ၁) တွင်ပြဋ္ဌာန်း ထားပါသည်။ ကိုယ်စားလှယ်လွှဲစာ ပေးအပ်သူဖြစ်စေ၊ ကိုယ်စားလှယ် လွှဲစာ လက်ခံရရှိသူ (ကိုယ်စားလှယ်) ဖြစ်စေ ကွယ်လွန်သွားပါက ကိုယ်စားလှယ် လွှဲစာသည် ဆုံးခန်းတိုင်ပြီး ပျက်ပြယ် သွားပြီ ဖြစ်သည်။ တစ်ခါတရံ ကိုယ်စားလှယ် လွှဲစာများ၌ ရုပ်သိမ်း၍ မရသော ကိုယ်စားလှယ်လွှဲစာဟု ဖော်ပြ လွှဲအပ်တတ်ကြသည်။ အထူးသဖြင့် ကန်ထရိုက်တိုက်များဆောက်လုပ်ကြရာတွင် မြေအမည်ပေါက် ပိုင်ရှင်တို့က ကန်ထရိုက်တာများကိုပေးသည့် ကိုယ်စားလှယ်လွှဲစာများတွင် အများဆုံး တွေ့ရသည်။ ထိုသို့သော ကိုယ်စားလှယ် လွှဲစာများကို ရုပ်သိမ်းပယ်ဖျက် လိုပါက ကိုယ်စားလှယ် အဖြစ် လွှဲအပ်ခြင်း ခံရသူသည် လွှဲအပ်ထားသည့် အခွင့်အာဏာကို ဖောက်ဖျက်ကြောင်း ဖော်ပြကာ တရားရုံးတွင် ကိုယ်စားလှယ် လွှဲစာ ဖျက်သိမ်း ပေးစေလိုမှုကို စွဲဆို ရမည် ဖြစ်ကြောင်း ဗဟုသုတအဖြစ် ရေးသားလိုက်ပါသည်။
Credit to Myo Min Htun

Related Posts